လွင်ဦး(ရန်ကင်း)
ရန်ကင်းတိုက်လေးလုံးစူနီယံပါ့ခ်မှာ ၁၉၇၈-၇၉ တဝိုက် “ West World “အဆင့်မြင့်လဖက်ရည်ဆိုင်တဆိုင်ဖွင့်ခဲ့ဖူးတယ်။ခြံဝင်းထဲသီးသန့်ဘန်ဂလိုများဆောက်ထားတယ်။ဘွိုင်ခေါ်ချင်ရင်ဘန်ဂလိုထဲ ကခေါင်းလောင်းကြိုးဆွဲလိုက်ရုံပဲ။အဲ့ဒီခေတ်ရန်ကုန်မှာရှိတဲ့အဆင့်မြင့်လဖက်ရည်ဆိုင်တဆိုင်ပါ။မှတ်မှတ်ရရအဆိုတော်သွှအောင်စီးရီးစ် “အရိုင်းမြေမှတောင်ပံလေးများ” အခွေသူငယ်ချင်းတယောက်မြို့ထဲကဝယ်လာပြီးဆိုင်မှာဖွင့်ခိုင်းပြီးခဏနားထောင်ခဲ့ကြတယ်။အခွေထဲက “မြိုင်နန်းစံပန်းတပွင့်” သီချင်းဒီနေ့အထိကြိုက်တယ်(Comment)။
”အရိုင်းမြေမှတောင်ပံလေးများ” တေးစီးရီစ်ဖန်တီးရှင်များဖြစ်ကြတဲ့ဂျွန်သင်ဇမ်းနဲ့သျှန်းလျန်(ကိုဖရန်စစ်) ညီအကိုက “ West World” လဖက်ရည်ဆိုင်နားကရန်ကင်းတိုက်လေးလုံးမှာနေကြတယ်။
ချင်းတိုင်းရင်းသားအဆိုတော်ဆလိုင်းသွှအောင်ဟာရန်ကင်းမှာနေတဲ့ဂီတအနုပညာရှင်များဖြစ်တဲ့ချင်းတိုင်းရင်းသားကွယ်လွန်သူဂျွန်သင်ဇမ်း၊သျမ်းလျန်တို့နဲ့ဂီတအနုပညာညီအကိုများဖြစ်ကြပါတယ်။
ရန်ကုန်မှာ RIT တက်နေတဲ့သွှအောင်အကိုတယောက်နဲ့ရန်ကုန်တက္ကသိုလ်ဘူမိဗေဒမေဂျာတက်နေတဲ့ဂျွမ်သင်ဇမ်းကမိတ်ဆွေရင်းဖြစ်ကြပါတယ်။သွှအောင်ဟာသူ့ဂီတရောင်းရင်းကြီးဂျွမ်သင်ဇမ်းထက် ၇ နှစ်ငယ်တယ်။
ရန်ကင်းသားချင်းလူမျိုးဂီတအနုပညာရှင်ဂျွမ်သင်ဇမ်းဟာအတွေးအခေါ်အားကောင်းပြီးသီချင်းတပုဒ်ကိုသေသေချာချာရေးနိုင်တယ်။အနေအထိုင်ရင့်ကျက်ပြီးဂီတအနုပညာအလုပ်ကိုသပ်သပ်ရပ်ရပ်မြန်မာစကားလုံးကြွယ်ကြွယ်နဲ့လေးလေးနက်နက်သီချင်းစပ်ဆိုနိုင်တယ်။သီချင်းကိုဘယ်တော့မှပေါ့ရွှတ်ရွှတ်မရေးဘူး ဧရာဝတီသတင်းဋ္ဌာနာအင်တာဗျုးတခုမှာသွှအောင်ပြောပြခဲ့တယ်။
သွှအောင်မှာညီအကိုသုံးယောက်ရှိပြီးအကုန်အနုပညာဝါသနာပါကြတယ်။ရွာမှာတောင်ယာအားတဲ့အချိန်ညီအကိုသုံးယောက်သီချင်းရေးပြိုင်ကြတယ်။သူတို့အဖေဝယ်ပေးထားတဲ့တိတ်ရီကော်ဒါနဲ့အပျော်တမ်းသီချင်းဆိုအသံသွင်းခဲ့ကြတယ်။သွှအောင်ဟာအသက် ၁၀ နှစ်သားထဲကသီချင်းရေးတတ်နေခဲ့ပြီ။၁၉၇၃-၇၄ မှာသွှအောင်ရန်ကုန်တက်လာပြီးကြည့်မြင့်တိုင် ထ (၂) ထီးတန်းမှာဆယ်တန်းတက်ရောက်သင်ကြားခဲ့တယ်။
နာမည်ကျော်တေးတပုဒ်ဖြစ်တဲ့ဆလိုင်းဆွန်ကျဲအိုသီဆိုခဲ့တဲ့ “တဲအိုပျက်မှာမနေစေ့ချင်” သီချင်းကစာသားဂျွမ်သင်ဇမ်း၊သံစဉ်သွှအောင်ဖြစ်ပါတယ်။စိုင်းထီးဆိုင် “စိတ္တဇအလွမ်း” အခွေမှာတဲ့ “တဲအိုပျက်မှာမနေစေ့ချင်” သီချင်းကကျွန်တော်တို့လူငယ်ဘဝကအလွန်လူကြိုက်များခဲ့တဲ့သီချင်းတပုဒ်ပါ။ဂစ်တာကော့ Dim နဲ့အစပြုပြီးတီးခတ်သီဆိုရတာပါ။Dim ကော့နဲ့ပထမဆုံးတီးခတ်ဖူးတဲ့သီချင်းဖြစ်လိမ့်မယ်။
“သဇင်လိုသင်းတဲ့မင်းကိုတော့ကိုယ်မချုရက်ပါ….နန်းထက်မှာစံစေချင်သေးတယ်…အဆောင်အယောင်တွေမဲ့တဲ့ကိုယ့်ဆီတော့…မလာလေနဲ့ကွယ်….အချိန်တန်မှတော့ဘဝဆိုတာမြင်မယ်..ညီမလေး……”
ဒီသီချင်းသံစဉ်ကိုဆလိုင်းသွှအောင်ငယ်စဉ်လုန်းဘန်ရွာကသူငယ်ချင်းတယောက်ဆီကရခဲ့သံစဉ်ဖြစ်ကြောင်းသွှအောင်ပြောပြခဲ့တယ်။ဂျွမ်းသင်ဇမ်းရဲ့သီချင်းစကားလုံးနဲ့စာသားများကလည်းသီချင်းကိုအလွန်ဆွဲဆောင်မှုရှိစေခဲ့တယ်။သွှအောင်သီချင်းများထဲအကြိုက်ဆုံးကလူအများလိုပါပဲ “မြိုင်နန်းစံပန်းတပွင့်”
“မြိုင်နန်းပန်းတောတန်းထဲမှာ….ပွင့်ဖူးတဲ့ပန်းလေးတွေ…ချစ်စရာအဆင်းရယ်ရနံ့လည်းသင်းထုံတယ်…ကိုယ်ရည်စူးနဲ့ပန်းကလေးဟာ….အရည်အသွေးအပြည့်စံပွင့်ဖို့….တသက်တာပိုင်ဆိုင်လိုစိတ်ရှိတာကြောင့်…..လက်ဦးထားတာတို့အတွက်ရင်ခုံစရာ”
ဧရာဝတီသတင်းဌာနက “မြိုင်နန်းစံပန်းတပွင့်” သီချင်းဖြစ်လာပုံကိုမေးတဲ့အခါဆယ်တန်းကဗျာတပုဒ်ထဲပါတဲ့ “ရဂုံနန်း” စာသားကိုသဘောကျပြီးရေးဖွဲ့ဖြစ်ခဲ့တာဆလိုင်းသွှအောင်ကပြောပြခဲ့တယ်။မြိုင်နန်းစံပန်းတပွင့်ဟာရင်တွင်းခံစားချက်ဟုတ်မဟုတ်ကိုအခုအသက် ၆၀ ကျော်မှာဝန်ခံရခက်သွားပြီးသွှအောင်ဟာသလုပ်ပြောပြခဲ့တယ်။
နာမည်ကျော် “မြိုင်နန်းစံပန်းတပွင့်” သီချင်းပါဝင်တဲ့စီးရီးစ်ကို Christ Stone Family Band နဲ့ရဲခေါင်(မေ)အသံသွင်းခဲ့ပြီး Lead စောဘွဲ့မှုးနဲ့သွှအောင် Rhythm ဂျွန်သင်ဇမ်း Keyboard တီးသူကရန်ကင်းကကိုသက်ဖြစ်ပါတယ်။
၁၉၇၆ – ၇၇ ခုနှစ်အသက် ၁၆-၁၇ အရွယ်မှာဆလိုင်းသွှအောင်ဟာဂျွမ်သင်ဇမ်း၊သျှမ်းလျန်နဲ့အတူပထမဆုံးတေးစီရီစ်ခွေထုတ်လုပ်ခဲ့တယ်။၁၉၈၀ မှာ “ဝေးလွှင့်ခြင်း၏နောက်ဆုံးခြေရာ” ထုတ်ပြီးသူအမေရီးကားထွက်သွားခဲ့တယ်။
“မြိုင်နန်းစံပန်းတပွင့်” သီချင်းမှာမြန်မာစကားလုံးရွေးချယ်သုံးစွဲထားတာအလွန်ကောင်မွန်ကြောင်းတေးရေးရွေဂျော်ဂျော်ကအသိအမှတ်ပြုထားတယ်။ဂီတသစ်ခေါင်းဆောင်တဦးအဖြစ်သွှအောင်ကိုစတီရီယိုတေးလောကအမြဲကျေးဇူးတင်လေးစားကြတယ်။အမျိုးသားရေးဘာသာရေးနဲ့အချစ်သီချင်းကောင်းကောင်းရေးဖွဲ့နိုင်လို့သွှအောင်ကိုချင်းလူမျိုးများလည်းအလွန်လေးစားကြတယ်။ရော့ခ်တေးဂီတကိုကိုယ်ပိုင်သံစဉ်သီချင်းများနဲ့စတင်လမ်းဖေါက်သွားသူသွှအောင်ကိုအဆိုတော်ဇော်ဝင်းထွဋ်လည်းချီးကျုးခဲ့တယ်။
“ဝေးလွှင့်ခြင်း၏နောက်ဆုံးခြေရာ ” စီးရီးစ်ထုတ်အပြီးဆလိုင်းသွှအောင်ဟာ ၁၉၈၀ အသက် ၂၄ နှစ်အရွယ်မှာအမေရိကန်နိုင်ငံသို့အပြီးပြောင်းရွှေ့ထွက်ခွါသွားခဲ့တယ်။USA ဆိုတဲ့အတိုင်း You start again အမေရိကန်နိုင်ငံမှာဘဝကိုအစကပြန်စတင်ခဲ့ရတယ်အင်တာဗျုးမှာပြောခဲ့တယ်။
သွှအောင်နဲ့ဂျွမ်သင်ဇမ်းနှစ်ယောက်အတူရေးစပ်ထားတဲ့ “ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ “ သီချင်းဟာကျွန်တော်လို့လူငယ်ဘဝအလွန်လူကြိုက်များတဲ့သီချင်းတပုဒ်ဖြစ်ပါတယ်။
“မြတ်နိုးတွယ်တာသမျှရယ်…မျော်လင့်ချက်များစွာနဲ့..စောင့်စားခဲ့တဲ့အချိန်များမှာ…ကိုယ်နဲ့မထိုက်တန်…ဖြစ်မယ်မှန်းကိုတော့…ကြိုတင်ကာမစဉ်းစားမိခဲ့ဘူး”
“အခုတော့ဘယ်သူမှလက်မခံနိုင်တော့မှသေချာလွန်ခဲ့ပြီး..ကိုယ်မချစ်တတ်သူနဲ့ဝေးသွားရင်အတော်ဆုံးမို့…တသက်တာ..ဝေးလွင့်ပြီးယုံလိုက်တော့”
သွှအောင်ရေးစပ်ခဲ့တဲ့သီချင်းများစွာထဲက “အချစ်ဖေါ်ကောင်” သီချင်းလည်းအလွန်ကောင်းပါတယ်။
“ခင်မင်ခဲ့ရတဲ့အချစ်ဆုံးသူငယ်ချင်းရယ်…တို့နှစ်ယောက်မရိပ်မိခင်မှာပဲ….ခိုင်မာသွားတဲ့အကြင်နာနှောင်ကြိုးဟာ..တို့အသည်းတွေကိုရစ်နှောင်ပြီ”
မှတ်မိသလောက် “အချစ်ဖေါ်ကောင်” သီချင်းကိုဘိုဖြူဂရေဟန်နဲ့အဲလ်လွန်းဝါးပြန်ဆိုထားတယ်။ ၂၀၀၉ ခုနှစ်သွှအောင်မြန်မာပြည်အလည်ပြန်လာလာတော့သူ့ “အချစ်ဖေါ်ကောင်” သီချင်းပြန်ဆိုတာကြားလို့မောသွားရတာဧရာဝတီအင်တာဗျုးမှာပြောပြခဲ့တယ်။
ချင်းတိုင်းရင်းသားဂီအနုပညာရှင်သွှအောင်၊ဂျွမ်းသင်ဇမ်း၊သျှမ်းလျန် ဂီတညီအကိုသုံးယောက်ရေးသားသီဆိုထုတ်လုပ်ခဲ့တဲ့စီးရိးစ်ခွေများ။
– မိတဆိုးလေးရင်သွေးတေးသို့ (၁၉၇၈)
– မသိတသိ (၁၉၇၉ နှစ်ဦး)
– အရိုင်းမြေမှတောင်ပံလေးများ (၁၉၇၉ နှစ်ကုန်)
– ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ (၁၉၈၀)
– ခေါင်ရည်သောက်တဲ့မိုးတိမ်များ (၂၀၁၃)
တေးရေးဂျွန်သင်ဇမ်းရဲ့နာမည်ကျော် “လူပျိုကြီးပဲလုပ်တော့မယ်” သီချင်းပါဝင်တဲ့အခွေက ၁၉၈၀ ကထွက်တဲ့သွှအောင်၊ဂျွန်သင်ဇမ်း၊သျှမ်းလျန် “မသိတသိ” အခွေကပါ။တေးဂီတာကို Crosssroad Station Band နဲ့တီးခတ်ခဲ့တယ်။ဂျွန်သင်ဇမ်းသီချင်းများစွာထဲကအကြိုက်ဆုံးတေးတပုဒ်က “မအိုတဲ့အချစ်” ဖြစ်ပါတယ် (Comment)။
ဂျွမ်းသင်ဇမ်းသီဆိုခဲ့တဲ့နာမည်ကြီးတေးတပုဒ်ဖြစ်တဲ့ “မှားတဲ့ဘက်မှာ” သီချင်းရေးသူကစောဘွဲ့မှူးဖြစ်ပါတယ်။ဂျေညီညီသီဆိုခဲ့တဲ့နာမည်ကြီး “အလွမ်းကဖီး” သီချင်းရေးသားသူကဂျွန်သင်ဇမ်းဖြစ်ပါတယ်။သွှအောင်၊ဂျွမ်သင်ဇမ်း၊သျှမ်းလျန်နာမည်ကျော်သီချင်းအချို့။
– မြိုင်နန်းစံပန်းတပွင့်၊တေးရေး/တေးဆိုသွှအောင်(ဖိုးချို၊စည်သူလွင်၊ထွဏ်းထွဏ်း၊ဂျေညီညီနဲ့အဆိုတော်များစွာပြန်ဆို)
– တောင်ဇလပ်ပင်အောက်ကချစ်သူ၊တေးရေး/တေးဆို ဂျွမ်သင်ဇမ်း
– အချစ်ဖော်ကောင်၊တေးရေးဂျွန်သင်ဇမ်း၊တေးဆိုသွှအောင်(ဘိုဖြူ၊အဲလ်လွန်းဝါး၊ဂရေဟန်ပြန်ဆို)
– ဂီတအဥ္စလီ တေးရေး/တေးဆိုသွှအောင်
– လူပျိုကြီးပဲလုပ်တော့မယ်၊တေးရေး/တေးဆို ဂျွမ်သင်ဇမ်း(ဂျေညီညီပြန်ဆို)
– ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ၊တေးရေး/တေးဆိုသွှအောင်(ဖိုးချို၊အဲလက်စ်၊ဘိုဖြူ၊ထွဏ်းထွဏ်း၊စိုးလွင်လွင်၊ခိုင်ထူးပြန်ဆို)
– အဆောင်သရဲ၊တေးရေး/တေးဆိုသွှအောင်(ဖိုးချို၊ဂရေဟန်ပြန်ဆို)
– မှားတဲ့ဘက်မှာ၊တေးရေးစောဘွဲ့မှူး၊တေးဆိုဂျွမ်သင်ဇမ်း
– ပဲ့ကိုင်၊တေးရေးစောဘွဲ့မှုး၊တေးဆိုဂျွန်သင်ဇမ်း(ဖိုးချို၊ထူးအိမ်သင်ပြန်ဆို)
– စတိတ်ရှိူးဘုရင်မ
– အုတ်ခုံပေါ်ကညတေလေများ
– အလွမ်းကဖီး၊တေးရေးဂျွမ်သင်ဇမ်း၊တေးဆိုဂျေမောင်မောင်၊ဂျေညီညီ
– မပန်းရယ်မငိုနဲ့၊တေးရေးသွှအောင်၊တေးဆိုဖိုချို
– အချစ်ရဲ့အားမာန်၊တေးရေးစောဘွဲ့မှုး၊တေးဆိုသွှအောင်
ချင်းတိုင်းရင်းသားအဆိုတော်သွှအောင်၊ဂျမ်သင်ဇမ်း၊သျှမ်းလျန်တို့မွေးဇာတိဟာဖလမ်းမြို့နယ်ဖလမ်း – ကလေးကားလမ်းပေါ်ရှိလုမ်းဘန်ရွာဖြစ်ပါတယ်။ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့တဲ့ချင်းခေါင်းဆောင်ဦးလှုရ်မှုန်ဇာတိရွာလည်းဖြစ်ပါတယ်။ဂီတအနုပညာရှင်သွှအောင်ဟာလက်ရှိအမေရိကန်နိုင်ငံမှာနေထိုင်တယ်။ရန်ကင်းသားဂီတအနုပညာရှင်ဂျွန်သင်ဇမ်းဟာ ၂၀၂၁ ဩဂတ်အသက် ၇၀ အရွယ်မှာကိုဗစ်ရောဂါနဲ့ကွယ်လွန်ခဲ့ရတယ်။ဂျွန်သင်ဇမ်းညီအဆိုတော်သျှမ်းလျန်(ကိုဖရန်စစ်)ရန်ကင်းမှာကျမ်းမာစွာနဲ့ရှိတယ်။ဂျွန်သင်ဇမ်းရဲ့သားတဦးဖြစ်တဲ့ “ဟန်နွေဦး” ဟာတက်သစ်စဂီတအနုပညာရှင်တဦးဖြစ်ပါတယ်။
လွင်ဦး(ရန်ကင်း)
(မှတ်ချက်။ တေးရေး/ဆို- ဆလိုင်းဂျွန်သင်ဇမ်းကတော့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် Covid လှိုင်းအကြားမှာ ကွယ်လွန်ခဲ့ရပြီး၊ ဆလိုင်းသောနကတော့ ၁၉၈၁ ခုနှစ်ကနေ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့အခြေချနေထိုင်လျက်ရှိပါတယ်။)