အောက်တိုဘာလ ၈ ရက်။
NUG ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နဲ့ မဖွယ်မရာပြုလုပ်ခြင်းဆိုင်ရာ အကာအကွယ်ပေးရေး (PSHEA) ဗဟိုကော်မတီရဲ့ သုံးသပ်ဆုံးဖြတ်သလို စွပ်စွဲသူအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ မည်သည့်ကိစ္စမျိုးမှ ကျူးလွန်ခြင်းမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့အိန္ဒိယနိုင်ငံကိုယ်စားလှယ်ဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဒီကနေ့ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
စွပ်စွဲသူအမျိုးသမီးကို နုတ်ဖြင့် လိင်ပိုင်းဆိုင်ရာမဖွယ်မရာမှတ်ချက်ပေးခြင်း၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် မတော်တရော်တွယ်ပွေ့ဖက်ခြင်း ကိုင်တွယ်ပွေ့ဖက်ရန်ကြိုးစားခြင်း စတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မလျော်တာတွေ မပြုလုပ်ခဲ့သလို (PSHEA) ဗဟိုကော်မတီ၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က မေးမြန်းခဲ့တဲ့ မေးခွန်းမှာလည်း ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး မေးမြန်းချက် လုံးဝ မရှိခဲ့ပါလို့ ဆလိုင်းအိုက်ဇက်ခင်က ဆိုထားပါတယ်။
NUG ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နဲ့ မဖွယ်မရာပြုလုပ်ခြင်းဆိုင်ရာ အကာအကွယ်ပေးရေး (PSHEA) ဗဟိုကော်မတီရဲ့ သြဂုတ်လ (၃) ရက်နေ့ ထုတ်ပြန်ခဲ့သလို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုမြောက်တဲ့ မည်သည့်ကိစ္စကိုမှ ပြုလုပ်ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ဆလိုင်းအိုက်ဇက်ခင်က ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ကမေးတဲ့ မေးခွန်းတွေကို အများပြည်သူရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ အချိန်မရွေး ရှင်းလင်းဖြေကြားနိုင်တယ်လို့လည်း ဆလိုင်းအိုက်ဇက်ခင်က ဆိုထားပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယကိုယ်စားလှယ်ရုံးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်တဲ့ CDM အမျိုးသမီးကို ဆလိုင်းအိုက်ဇက်ခင်က လိင်ပိုင်းဆိုင်ရာ စိတ်အနှောင့်အယှက်ဖြစ်စေမှုတွေ ကျူးလွန်ခဲ့တာကြောင့် သက်သေအချက်အလက်နဲ့တကွ ကျူးလွန်ခံရသူက တိုင်ကြားခဲ့ပြီး NUG အစိုးရရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နဲ့ မဖွယ်မရာပြုလုပ်ခြင်းဆိုင်ရာ အကာအကွယ်ပေးရေး (PSHEA) ဗဟိုကော်မတီက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပါတယ်။
(PSHEA) ဗဟိုကော်မတီက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့ပြီးနောက်မှာတော့ အမှန်တကယ် ကျူးလွန်ခဲ့ကြောင်းတွေ့ရှိတာကြောင့် ဆလိုင်းအိုက်ဇက်ခင်ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုအတွက် သြဂုတ်လ ၁ ရက်နေ့ကစလို့ ရာထူးကနေ ထုတ်ပယ်ခဲ့တာလည်းဖြစ်ပါတယ်။