Headlines

မလေးရှားမှာ ချင်းလူငယ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရ၊ ပြစ်မှုကျူးလွန်သူများကိုမသိရသေးကြောင်း သေဆုံးသူရဲ့ဆွေမျိုးများထံမှ သိရ

အောက်တိုဘာလ ၃ ရက်။

အောက်တိုဘာလ ၃ ရက်နေ့ မနက် အစောပိုင်းမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ နှစ်အရွယ် ချင်းလူငယ် တစ်ဦး ဖြစ်သူ Tang Nang Suan Sum အား ဓားဒဏ်ရာဖြင့် သေဆုံးလျက် ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူတွေဟာမည်သူမည်ဝါဖြစ်သည်ကို ယခုအချိန်အထိ မသိရသေးကြောင်း သေဆုံးသူရဲ့ဆွေမျိုး အသိုင်းအဝိုင်းများ ထံမှ သိရှိခဲ့ရ ပါတယ်။

“သေဆုံးသူက မနက် ၃ နာရီ လောက်မှာ အလုပ်ကနေ အိမ်ကို ပြန်တာ။ သူရဲ့ အပြန်လမ်းမှာ ဓားထိုးခံရပြီး သူရဲ့ ပိုက်ဆံ နှင့် ဖုန်း အလု ခံရတာလို့ ကနဦး ကြားသိရတယ်” လို့ သေဆုံးသူနဲ့ဆွေမျိုး အသိုင်းအဝိုင်းနီးစပ်သူက ပြောပါတယ်။

အသက် ၂၈ နှစ် ရှိပြီ ဖြစ်သော တွန်းဇံမြို့သား Tang Nang Suan Sum သေဆုံးမှုသည် မိမိတို့ ထောက်ခံရာ လက်နက်ကိုင် အဖွဲ့အစည်း မတူမှု အပေါ် အငြင်းပွားကာ ခိုက်ရန် ဖြစ်ပွားရာ ကနေ အုပ်စုဖြင့် တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ရေးသားခဲ့ကြခြင်း နှင့် ပတ်သက်ပြီး “လက်ရှိမှာ သူ့ မိဘတွေ၊ မိသားစုဝင်တွေက အရမ်း ဝမ်းနည်းနေတဲ့အချိန်၊ ယူကြုံးမရ ဖြစ်နေကြတဲ့ အချိန်မှာ ဘာ အရင်းအမြစ်မှ အသေအချာ မရှိပဲ အခုလို ဖော်ပြကြတာ အတော်လေး စိတ်မကောင်း ဖြစ်မိတယ်။ မိသားစုဝင် တွေဖက်ကလည်း လူမျိုးရေး နှင့် နိုင်ငံရေး ကြောင့် အခုလို အသတ်ခံရတာ ဆိုပြီး ရေးသားသူတွေ အနေနဲ့ သူတို့စာကို ပြန်ဖြုတ်စေချင်နေပါတယ်” လို့ အဆိုပါ ဆွေမျိုးတော်စပ်သူမှ ဆက်လက် ပြောကြားခဲ့ ပါတယ်။

သေဆုံးသူရဲ့ မိဘများ အပါအဝင် မိသားစုဝင်များဟာ တွန်းဇံမြို့ ကနေ ကလေး မြို့သို့ပြောင်းရွေ့ နေထိုင် နေကြသူများ ဖြစ်တယ်လို့ လည်း ဆက်လက် သိရှိခဲ့ရပါတယ်။

လက်ရှိမှာတော့ အမှုကို မလေးရှား ရဲတွေကနေ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်တယ်လို့လည်း မလေးရှားရောက် ချင်းလူငယ် တစ်ဦး ထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *