အောက်တိုဘာလ ၃ ရက်။
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်ဒေသခံဖြစ်ပြီး ပလက်ဝဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်နဲ့ ချင်းအမျိုးသား ၃ ဦးကို အာရက္ခတပ်တော် (AA) က စက်တင်ဘာလ ၂၉ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ဘာကြောင့် ဖမ်းဆီးခဲ့တာလဲဆိုတာတော့ သေချာ မသိရသေးဘူးလို့ ပလက်ဝ ဒေသခံတွေဆီကနေ သိရပါတယ်။
ပလက်ဝဒေသခံတစ်ဦးက “ဒေါက်တာအေးကျော်က အေအေရဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်မှာ ထည့်သွင်းခံထားရသူဖြစ်တယ် ပလက်ဝဆေးရုံတာဝန်ခံလည်းဖြစ်တယ် ဘာကြောင့်ဖမ်းခံရတာလည်းဆိုတာ အတိကျမသိရပေမယ့် စီးပွားရေး ကိစ္စကြောင့်လို့ပြောကြတယ်လို့” လို့ပြောပါတယ်။
ပလက်ဝမှာ လူသိများတဲ့ ဆရာဝန် ဒေါက်တာအေးကျော်ဟာ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် (AA) ဖော်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်ဖြစ်ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံ တာဝန်ခံအဖြစ် ခန့်အပ်ခြင်းခံရသူလို့လည်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇) ရက်နေ့ကလည်း ပလက်ဝမြို့နယ် ငရှားရွာ ဒေသခံ ၅ ဦး၊ ချင်းဒေါက်ရွာဒေသခံ ၂ ဦး နဲ့ ရေချမ်းရွာက ဒေသခံ ၃ ယောက် အပါအဝင် ပလက်ဝ ဒေသခံ ၁၀ ဦး ကိုလည်း CDF – Paletwa ကိုထောက်ပံ့လို့ဆိုပြီး အာရက္ခတပ်တော် (AA)ကဖမ်းဆီးခဲ့ပါတယ်။