Headlines

တီးတိန်၊တွန်းဇံမြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ရဲ့ စစ်သားစုဆောင်းခံရတဲ့ကလေးသူငယ်တွေကိုမိဘတွေလက်ထဲ ပြန်အပ်ဖို့ PDF – Zoland က ထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။

တီးတိန်၊ တွန်းဇံ မြို့နယ်တွေမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ ရဲ့အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အမြန်ဆုံး မိဘလက်ထဲ ပြန်အပ်နှံကြရန်နဲ့ နောက်နောင်မှာလည်း နိုင်ထက်စီးနင်း စစ်သားစုဆောင်းခြင်းမျိုး မပြုလုပ်ကြဖို့ PDF – Zoland က အောက်တိုဘာလ ၂ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

PDF – Zoland ပြန်ကြားရေးတာဝန်ခံတစ်ဦးက “ကျနော်တို့ရတဲ့ သတင်းအချက်အလက်အရ ကလေးငယ် ၁၀ ဦးထက်မနည်းရှိတယ် အခုလိုအတင်းအဓမ္မ စစ်သားစုဆောင်းခံရတာ၊ အသက်အားဖြင့်လည်း ၁၃ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်” လို့ပြောပါတယ်။

မိဘ ခွင့်ပြုချက်မပါဘဲ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်း ကြားသိရတယ်လို့ PDF – Zoland က ထုတ်ပြန်ထားပါတယ်။

အခုလို တီးတိန်၊ တွန်းဇံနဲ့ ကျီခါး မြို့နယ်တွေမှာ ကလေးသူငယ်တွေ မိဘခွင့်ပြုချက်မပါဘဲ အတင်းအဓမ္မ စစ်သားစုဆောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းနာမည်တွေကိုတော့ PDF – Zoland ကထည့်သွင်းထုတ်ပြန်ထားခြင်းမျိုးတော့ မရှိပါဘူး။

တွန်းဇံ နဲ့ ကျီခါးမြို့သိမ်းတိုက်ပွဲကို Chinland Council ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မေလ (၁၅) ရက်နေ့ကစလို့ မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ရာ ကျီခါးမြို့ကို မေလ (၂၀) ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး တွန်းဇံမြို့ကိုတော့ မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

CDF – Tonzang ပါဝင်တဲ့ Chinland Council ပူးပေါင်းအဖွဲ့က တွန်းဇံမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် မြို့နယ်ကောင်စီကိုဖွဲ့စည်းကာ အရပ်ဘက် အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *