အောက်တိုဘာလ ၃၁ ရက်။
ကလေးမြို့နယ် အနောက်မြောက်ဘက် လမ်းမကြီးပေါ်ရှိ ဆည်ကြီး ချောင်းကူးတံတားထိပ်တွင် စစ်ကောင်စီ စစ်တပ်မှ တပ်ချ ပိတ်ဆို့ထားခြင်းကြောင့် ရက်ကြာလာတာနဲ့ အမျှ ဒေသခံ ပြည်သူများ အနေဖြင့် ကလေးမြို့နှင့် ဆက်သွယ်ရန် အခက်အခဲများစွာ ကြုံတွေ့ရပြီး ချင်းတောင်ခြေရှိ ကွင်းလမ်း အတိုင်း သွားပါက ရေစီးသန်သည့် ဆည်ကြီးချောင်းခေါ် ကွီးလွီးချောင်း ကို ဖြတ်ကူးနိုင်ရန် အတွက် ဆိုင်ကယ် တစ်စီးလျှင် ကျပ် တစ်သောင်းခွဲ ပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရှိခဲ့ရ ပါတယ်။
“ဆည်ကြီးတံတားကိုတော့ မနက်ပိုင်း တစ်ကြိမ် ညနေပိုင်း တစ်ကြိမ် လောက် ဖွင့်ပေးတတ်တယ်။ တံတားဖွင့်ပေးမယ့် အချိန်ကို စောင့်တဲ့ လူတန်းကြီးက အမြဲတမ်း နီးပါး ရှည်တယ်။ လူတွေ ထောင်နဲ့ချီပြီး စောင့်ဆိုင်း နေရတယ်။ ဒီရက်ပိုင်းဆို ထမင်းထုပ်ပါ ရောင်းရတဲ့ အထိ ဖြစ်လာတယ်” လို့ လက်ရှိ ကြုံတွေ့ နေရသည့် အခြေအနေကို ကလေးမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။
ကျန်းမာရေး ကိစ္စ နှင့် တခြား အရေးပေါ် ကိစ္စ ကြောင့် သွားလာခဲ့သူများ အနေဖြင့် တံတားဖွင့်မယ့် အချိန်ကို စောင့်ဆိုင်းရန် မဖြစ်နိုင်သည့် အတွက် ရွံ့နွံ့များသည့် ချင်းတောင်ခြေပတ်လမ်းကို ကွင်းလမ်း အဖြစ် အသုံးပြုကာ သွားလာရကြောင်း၊ ကလေးမြို့ အနောက်မြောက် လမ်းမ ကနေ ပျဉ်းခုံကြီး-ငှက်ပျောတော – ဟံသာ – ချင်းတောင်ခြေပတ်လမ်း- ဆင်ရွာ – ကလေးမြို့ စသဖြင့် သွားလာရကြောင်း၊ ဆင်ရွာ နားကနေ ရေစီးသန်သည့် ဆည်ကြီး ချောင်းကို ဖြတ်ခဲ့ရ ပြီး ဒေသခံများမှ ဆိုင်ကယ် သယ်ယူဖို့နဲ့ ခရီးသည်တွေကို တွဲပြီး ဖြတ်ကူးပေးဖို့ ကျပ် တစ်သောင်းခွဲ တောင်းယူကာ ကူညီ နေခဲ့ကြောင်း ဆက်လက် သိရှိခဲ့ရ ပါတယ်။
“သူတို့ ပြင်ဆင်ပုံကို ကြည့်ရင် စစ်ကောင်စီ စစ်သားတွေက ဆည်ကြီးတံတားရဲ့ ကလေးမြို့ဘက် ထိပ်မှာ စခန်း အတည်ချတော့မယ့် သဘောရှိတယ်။ ကလေးမြို့နယ် အနောက်မြောက် ဒေသခံ တွေကတော့ ဒီထက် ပိုပြီး ဒုက္ခ ရောက်လိမ့်မယ် ထင်တယ်။ ကျီကုန်းဘက် လမ်းကို သွားလာဖို့ ခက်ခဲတော့ ကလေး-တမူး လမ်းမ တလျှောက် ရှိ ဒေသခံတွေ ကလည်း ဒီလမ်းကို ပဲ အသုံးပြုပြီး သွားလာကြတာလေ” လို့ က လေးမြို့ဒေသခံ တစ်ဦးကဖြစ်ပေါ်နေတဲ့ အခြေအနေများ အပေါ် ဆက်လက် သုံးသပ် ပါတယ်။
စစ်ကောင်စီ စစ်တပ်သည် အောက်တိုဘာလ ၄ ရက်နေ့ ကနေ စတင်ပြီး ကလေးမြို့နယ် အနောက်မြောက်ဘက် လမ်းမ ပေါ်ရှိ ဆည်ကြီးရွာ အနီး ဆည်ကြီးချောင်းကူးတံတား ထိပ်တွင် စစ်ဆေးရေးဂိတ် ပြုလုပ်ကာ ပြည်သူများ အတွက် အချိန် အကန့်အသတ်ဖြင့်သာ တံတားဖွင့်ပေးခဲ့ပါတယ်။