Headlines

စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်ကြောင်း၊သန်းခေါင်စာရင်းကောက်ယူတာနဲ့ ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်းChinland Council အစိုးရထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။

စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်ကြောင်း၊သန်းခေါင်စာရင်းကောက်ယူတာနဲ့ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ ပါဝင်ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို ပြင်းထန်စွာ အရေးယူမယ်လို့ Chinland Council ကဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရက ဒီကနေ့အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့ အာဏာရမ္မက်ကို ဖက်တွယ်လိုခြင်း ၊ နိုင်ငံတကာမှာ တရားဝင်မှုကို ရယူလိုခြင်းစတဲ့မတရားတဲ့ ရည်ရွယ်ချက်နဲ့ ပြည်သူ့ ဆန္ဒမပါဘဲ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျိုးအမြတ်ရရှိရေး၊ စစ်အာဏာရှင်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် တိကျမှန်ကန်တဲ့ လူဦးရေစာရင်းရရှိနိုင်မည်မဟုတ်တဲ့အပြင် ဒီမိုကရေစီ ဟန်ပြစစ်အာဏာရှင်စနစ်နဲ့ ၎င်းတို့အလိုကျ ဖိနှိပ်အုပ်ချုပ်နိုင်ရေးကိုသာ ဦးတည်တဲ့ ရည်ရွယ်ချက်သာဖြစ်တယ်လို့ ရှု့မြင်ကြောင်းလည်း ချင်းပြည်အစိုးရက ထုတ်ပြန်ပါတယ်။

ဒါကြောင့်ချင်းပြည်အစိုးရအနေနဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းသည် ၎င်းတို့ နိုင်ငံရေးထွက်ပေါက်ရရှိရေးနဲ့ အာဏာစနစ်အဓွန့်ရှည်စေရေးအတွက် လုပ်ဆောင်ခြင်းဖြစ်တဲ့အတွက် လုံးဝအသိအမှတ်မပြုကြောင်း၊ ပြင်းထန်စွာကန့်ကွက်ရှုံ့ချကြောင်းနဲ့ ပါဝင်ဆောင်ရွက်တဲ့ ဘယ်သူကိုမဆို ပြင်းထန်စွာ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ချင်းတော်လှန်ရေးအဖွဲ့အစည်း အားလုံးနီးပါးက စစ်ကောက်စီက လုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းစဉ်မှာ ပါဝင်တဲ့ မည်သူကိုမဆို ပြင်းထန်စွာ အရေးယူမှာဖြစ်တဲ့ကြောင်း အသီးသီးက သတိပေးထားကြပါတယ်။

စစ်ကောင်စီက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်တာကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ စတင်ကောက်ယူခဲ့ပြီး ချင်းပြည်နယ်မှာ တော့ ဘယ်လိုသန်းခေါင်စာရင်းကောက်ခံနေသလဲ ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *