Headlines

စစ်မှုထမ်းဥပဒေကြောင့် လက်နက်မကိုင်လိုသူလူငယ်တို့ ကမ္ဘာပျက်တဲ့ကာလ

ပုံ-စစ်မှုထမ်းဥပဒေကြောင့် နယ်စပ်တနေရာမှာတိမ်းရှောင်ရင်းကွယ်လွန်ခဲ့သောဒေါက်တာခွါလ်ရှင်းတုန်း

ကိုဇံ (ချင်းတောင်)

ဧပြီလ ၁၈ ရက်။

ဧပြီလ ၁၃ ရက်နေ့က မိမိ၏ အချက်အလက်များ စုံစမ်း ကောက်ယူ ခံရသည့် အတွက် မလေးရှားသို့ တိမ်းရှောင်ရန် နေရပ်စွန့် ထွက်ခွာသွားရာမှ ကရင်ပြည်နယ်တနေရာ တွင် ခရီးကြမ်းဒဏ်ကြောင့် အမောဆို့ပြီး ကွယ်လွန်သွားခဲ့သည့် ဒေါက်တာခွါလ်ရှင်းတုန်း (ခ) ဒေါက်တာတူတုန်း၏ သတင်းသည် မြန်မာပြည်နေ လူငယ်များ၏ လက်ရှိအခြေအနေကို ထင်ဟပ်ပြသည်ဟု မိမိ အနေဖြင့် ယုံကြည်မိပါသည်။

မြန်မာပြည်နေ မိဘများမှအစ လူကြီးလူငယ် ကလေးပါမကျန် ပြည်သူအားလုံးနီးပါးကို ခြောက်လှန့်ခဲ့သည်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေပင် ဖြစ်သည်။ စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာပြည်တွင်းမှာ အဆင်မပြေကြသည့်တိုင် နေရပ်ကို ကပ်ပြီး နေခဲ့ကြသူ လူငယ်လူရွယ်များစွာကို ယင်း ဥပဒေက ခွာချသွားခဲ့သည်။

မြန်မာ့တပ်မတော် ကနေ အာဏာရယူခဲ့ပြီး သုံးနှစ် အကြာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီက စတင် အသက်ဝင်ကြောင်း ကြေငြာခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်မှ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ မိန့်ခွန်းတွင် ဆုံးရှူံးထားသည့် နယ်မြေများကို ယင်းဥပဒေအရ စစ်မှုထမ်းမည့် သူများ၏ အင်အားဖြင့် ပြန်လည် သိမ်းပိုက်မည်ဟု ကြုံးဝါးခဲ့သည်။

တပ်မတော် ပြန်ကြားရေး တာဝန်ရှိသူမှ လည်း ယင်းဥပဒေ အတွက် ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာ့ နှစ်သစ်ကူး ကာလ အပြီးတွင် စတင် အကောင်အထည် ဖော်မည်ဟု ရှင်းလင်း ပြောကြားခဲ့ပေမယ့် တကယ့် လက်တွေ့တွင် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အဆင့်ဆင့်၌ ချက်ချင်း နီးပါး တပ်သား စုဆောင်းမှုများ ပြုလုပ်လာ ခဲ့သည်။ လက်နက်ကိုင်ဆောင်ရန် ဆန္ဒ လုံးဝ မရှိခဲ့ကြသော လူငယ်များ၏ အနာဂတ်သည် မိုးမှောင်ကျ ခဲ့ရလေသည်။

ဥပဒေ အသက်ဝင်ကြောင်း ကြေငြာပြီး ရက်ပိုင်းအတွင်း လူငယ်များစွာတို့သည် အမေ့မြေကို ခွာပြီး ပြည်ပ နိုင်ငံများသို့ ထွက်ပြေးခြင်းဖြင့် တုန့်ပြန်ခဲ့ကြသည်။ ချင်းပြည်နယ်ရှိ မြို့ကြီးများတွင် လူငယ် အသွားအလာ ပြတ်သွားသလောက်ဖြစ်ခဲ့ရပြီး အသင်းတော် လှုပ်ရှားမှုများ၊ လူမှုရေးလုပ်ငန်းများ နှင့် သာရေးနာရေးများတွင်ပါ လူငယ်များ မတွေ့ရ သလောက် ဖြစ်လာခဲ့သည်။ မတ်လ ၂၅ ရက်နေ့တွင် စစ်မှုထမ်းရမည့် စာရင်း လိုက်လံ ကောက်ခံပေးခဲ့သည့် ဝန်ထမ်း ၅ ဦးကို PDF-Zoland မှ ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဧပြီလ ၁၄ ရက်နေ့တွင်လည်း တီးတိန်ခရိုင် လဝက ဦးစီးမှူး ဦးမိုးသူကို ထပ်မံဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ စသဖြင့် စစ်မှုထမ်းရမည့် စာရင်းကောက်ခံသူများကို ချင်းဒေသကာကွယ်ရေးတပ်များ မှ သတိပေးခဲ့သည့်ကြားမှ ဆက်လက် ဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဖမ်းဆီး ထိန်းသိမ်းသည် အထိ ချင်းပြည်နယ် မြို့ကြီးများတွင် ဒေသကာကွယ်ရေး တပ်ဖွဲ့များက တုန့်ပြန် ဆောင်ရွက်ခဲ့ကြသည်။

တဖက်တွင် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ နှင့် တခြား အဖွဲ့အစည်းများက လူငယ်များကို သူတို့ထံ ခိုလှုံလာကြရန် လမ်းဖွင့်ပေးခဲ့ကြသည်။ လူငယ်အများစု ကမူ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဘက်သို့ မခိုလှုံကြသလို၊ စစ်ကောင်စီထံစစ်မှုထမ်းမည့် လုပ်ငန်းစဉ်ကိုလည်း မလက်ခံခဲ့ကြပေ။ တဖက်တွင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုခု နှင့် ပတ်သက်ရန် သို့မဟုတ် လက်နက်ကိုင်ရန် ငြင်းဆန်သည် ဟုလည်း ဆိုနိုင်ပေသည်။ ယင်းအတွက် သူတို့၏ အနာဂတ်သည် အမေ့မြေ ဖြစ်သော မြန်မာပြည်တွင်း၌ မရှိတော့ပေ။ အမေ့မြေကို စွန့်ခွာ ထွက်ပြေးဖို့သာ ကျန်တော့သည်။

CDM ဝင်ထားသည့် ဝန်ထမ်းအများစုသည် နိုင်ငံကူး လက်မှတ် မရနိုင်ကဘဲ အောက်လမ်း ကနေ ပြည်ပကို ထွက်ခွာနေခဲ့ရသည်။ ယင်းထဲတွင် ဒေါက်တာတူတုန် (Dr Tutung) သည်လည်း တစ်ယောက် အပါအဝင် ဖြစ်ပေလိမ့်မည်။ တလောက မီဒီယာ တစ်ခု၏ စစ်မှုထမ်း ဥပဒေ တိမ်းရှောင်သူ လူငယ်တစ်ဦးကို အမေးအဖြေ လုပ်ထားသော ဗီဒီယိုဖိုင် တစ်ခု ကြည့်ခဲ့မိသည်။ ယင်းလူငယ် သည် ပြည်သူ့ကာကွယ်ရေးတပ်များ ထဲသို့ ဝင်ရောက်မည့် အစား ထိုင်းနိုင်ငံကို ထွက်ပြေးသွားသူ ဖြစ်သည်။ သို့တိုင် တစ်ဖက် နိုင်ငံတွင် အလုပ် ကောင်းကောင်း မရခဲ့ပေ။ သူတို့လို တိမ်းရှောင်သူတွေ အတွက် မည်သည့် အပြင်အဆင်၊ အစီအမံ တစ်ခုမှ မရှိဟု သူ ဖွင့်ပြောခဲ့သည်။

လက်ရှိ အခြေအနေတွင် CDM ဝင်ထားသောကြောင့် နိုင်ငံကူး လက်မှတ် မကိုင်ဆောင် နိုင်သည့် လူငယ်များသည် ထိခိုက် နစ်နာမှု အများဆုံးသူများ ဖြစ်သည်။ နိုင်ငံကို စွန့်ခွာထွက်ပြေးရာတွင် အောက်လမ်းဟု အလွယ်ခေါ်သည့် တရားမဝင် လာကြောင်းဖြင့် သွားခဲ့ရသည် ဖြစ်၍ လက်နက်ကိုင် တော်လှန်ရေး ထဲသို့ ဝင်ရောက်ခြင်း မရှိကြသော CDM ဝင်ထားသူ လူငယ်များသည် မိအေး နှစ်ခါနာ ဖြစ်ခဲ့ရသည်။ သာမန်လူ နှင့် ပညာသည် တွေကြားတွင် စစ်မှုထမ်းရမည့် ကာလ ကွာဟမှု ရှိခဲ့ရာ ကျွမ်းကျင် ပညာသည်များ အတွက် ပိုမို နစ်နာခဲ့သည်ဟု ထင်မှတ်ရသည်။

စစ်မှူထမ်းဥပဒေကြောင့် မြန်မာပြည်ကထွက်ပြေးခဲ့ကြသူ လူငယ်များသည် လက်နက်ကိုင်သည့် လမ်းစဉ်ဟူသမျှ လက်မခံကြသည့် အကြမ်းမဖက်ဝါဒီ လူငယ်များဟု သမုတ်နိုင်သည်။ သို့တိုင် ပြည်ပတွင် သူတို့အတွက် လုံခြုံ စိတ်ချရသည့် ခိုလှုံစရာ မြေ မရှိ ဖြစ်ခဲ့ ပြန်သည်။

စစ်မီးကို ပိုမို တောက်လောင် ပြင်းထန် စေမည့် လောင်စာ မဖြစ်ဖို့ ပြည်ပသို့တိမ်းရှောင်ခဲ့သူများ အတွက် လူသားချင်း စာနာ ထောက်ထားသော မည်သည့် အဖွဲ့အစည်းက မဆို ကြိုဆိုပြီး လုံခြုံအောင် စီမံပေးသင့်သည်ဟု မိမိ အနေဖြင့် မြင်မိပါသည်။ ယခု အထိတော့ မည်သည့် အပြင်အဆင် အစီအမံမှ မတွေ့မမြင်ရ။ ယင်းသည်ပင် မြန်မာ နိုင်ငံနှင့်ပတ်သက်ခဲ့သည့် အဖွဲ့အစည်းများသည် စစ်မီးတော ထဲတွင် ယင်း လူငယ်များ မဖြစ်မနေ ပါဝင် စေပြီး ပိုမို လောင်မြိုက်စေချင်သည့် ဆန္ဒ ရှိသလားဟု တခါတလေ မေးခွန်း ထုတ်ချင်မိ သည်။ လူ့အခွင့်အရေး တည်းဟူသော ကြေငြာစာတမ်းကြီးသည် လူသားတိုင်း အတွက် ဖြစ်သည်ဟု ကြေငြာ သွားကြသည့်တိုင် မြန်မာ နိုင်ငံသားများကို ကွက်ပြီး ချန်ထားခဲ့ပြီလားဟု မိမိ အနေဖြင့် မြည်တမ်း မိသည်။

ကမ္ဘာ့သမိုင်းတွင် အကြမ်းမဖက်ဝါဒီများစွာ နာမည်ကြီးပြီး ငြိမ်းချမ်းရေး နှင့် လူ့အခွင်အရေး အတွက် သူရဲကောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံမှ အကြမ်းဖက် လုပ်ငန်း လုပ်ဆောင်ရမည့် အခြေအနေ အရပ်ရပ်ကို အာခံပြီး တိမ်းရှောင်ခဲ့သူ လူငယ်များသည် ဘုံပျောက်ခဲ့ရသည်။ ခိုလှုံစရာ မြေ၊ ဖက်တွယ်စရာ အနာဂတ် မရှိဖြစ်ခဲ့ရသည်။ မြန်မာပြည်မှ လက်နက်ကိုင်ဆောင်ပြီး အကြမ်းဖက် တိုက်ပွဲဝင်ရမည်ကို လက်ခံခြင်း မရှိကြသည့် အကြမ်းမဖက်ဝါဒီ လူငယ်များ အတွက် ကမ္ဘာကြီး ပျောက်ကွယ် ခဲ့ရသော ကာလ တစ်ခု ဆိုက်ရောက်သည် ဟုဆိုရတော့မည်။

====================================================================

ချင်းလူငယ် ဆရာဝန်တစ်ဦး မလေးရှားကို တိမ်းရှောင်ဖို့ သွားရာလမ်းမှာ အမောဆို့ပြီး ကွယ်လွန်

ဧပြီလ ၁၄ ရက်။

ကိုယ်ရေး အချက်အလက်များ မေးမြန်းမှု ရှိလာလို့ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံဖက် တိမ်းရှောင်ရန် သွားရောက်ခဲ့တဲ့ CDM ဝင်ထားတဲ့ အသက် ၃၀ ကျော် ချင်းလူငယ် ဆရာဝန်တစ်ဦး ဟာ ဧပြီလ ၁၃ ရက်နေ့မှာ ကရင်ပြည်နယ်တနေရာမှာ အမောဆို့ပြီး ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ဆွေမျိုး အသိုင်းအဝိုင်းဆီကသိရှိခဲ့ရပါတယ်။

ကွယ်လွန်သူ ချင်းလူငယ် ဆရာဝန်ဒေါက်တာ Khual Sian Tung @ ခွါလ်ရှင်းတုန်း(ခေါ်)ဒေါက်တာတူတုန်းဟာ တွန်းဇံမြို့နယ်၊ ဆိုင်ပီးမွာလ် (Saipimual)ရွာသား ဦး ပေါင်ခန့်ဒါလ်း နှင့် ဒေါ်ဒွန်ဇကျင်း တို့ရဲ့ သားထွေးဖြစ်ကြောင်း၊ အထူးကု သင်တန်း တက်နေရာ ကနေ ၂၀၂၁ ခုနှစ် နိုင်ငံရေး အခြေအနေကြောင့် CDM ဝင်ပြီး အလုပ်လည်း ရပ်နားခဲ့သူ ဖြစ်ကြောင်း ဆွေမျိုး အသိုင်းအဝိုင်းများရဲ့ ပြောကြားချက် အရ သိရှိရ ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေး ကာလမှာ အပင်ပန်းခံ စွန့်စားကာ လူနာများကို အိမ်အရောက် စစ်ဆေး ကုသခဲ့သူ ဆရာဝန် တစ်ဉီးဖြစ်သည့် အလျှောက် သူ၏ လူနာများ နှင့် လုပ်အားပေးအဖွဲ့များမှ အထူး အသိအမှတ်ပြု ခံရသူ ဖြစ်သည်ဟု လည်း ရန်ကုန်မြို့နေ ကိုဗစ်ကာလလုပ်အားပေးသူ ချင်းလူငယ် တစ်ဦးက မှတ်ချက် ပြုခဲ့ပါတယ်။

“သူက ၇တန်း အထိ တွန်းဇံမြို့မှာ ကျောင်းတက်ခဲ့တယ်။ ၈ တန်းကနေ ကလေးမြို့ရှိ Ciimnuai ဘော်ဒါဆောင်မှာ တက်ခဲ့ပြီး ဂုဏ်ထူး သုံးဘာသာ နှင့် ၁၀ တန်း အောင်ခဲ့တယ်။ အဲ ကနေ မကွေး ဆေးတက္ကသိုလ်မှာ ပထမနှစ် တက်ခဲ့ပြီးတော့ အမှတ် (၂) ရန်ကုန် ဆေးတက္ကသိုလ် ကို ပြောင်းတက်ခဲ့တယ်။ ဆေး ၂ ကနေ ကျောင်းပြီး သွားတာပေါ့” လို့ ကလေးမြို့နေ ဆွေမျိုးရင်း တစ်ယောက်က ပြောကြားခဲ့ပါတယ်။

“ကျောင်းပြီးတော့ မော်လမြိုင် ပြည်သူ့ဆေးရုံမှာ တစ်နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးတော့ သန်လျင် ပြည်သူ့ဆေးရုံကို ပြောင်းခဲ့တယ်။ အဲဒီကနေ ခွဲစိတ် အထူးကု သင်တန်းတက်ရင်း မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ရောက်ခဲ့တယ်။ ပထမ နှစ် ပြီးလို့ ဒုတိယနှစ် တက်မယ့် အချိန်မှာ အာဏာသိမ်းမှုတွေ ဖြစ်လာတော့ အလုပ်ကော၊ ကျောင်းပါ CDM ဝင်ထားခဲ့တယ်” လို့ ယင်းမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

“အစိုးရ ဝန်ထမ်း အလုပ်တွေနားတော့ Company တစ်ခုမှာ သုံးနှစ်လောက် လုပ်ဖြစ်ခဲ့တယ်။ သူ့ရဲ့ အချက်အလက်တွေ စုံစမ်း တောင်းယူတာမျိုး ရှိလာတော့ မလေးရှားကို တိမ်းရှောင်ဖို့ ဖြစ်လာခဲ့တယ်။ အောက်လမ်း ကနေ မလေးရှားကို ခိုလှုံဖို့ သွားရင်း ကရင်ပြည်နယ် တနေရာမှာ လမ်းလျှောက်တာများတော့ အမောဆို့ပြီး ကွယ်လွန် သွားတာလို့ မိသားစုဝင်တွေ ဆီကနေ သိရပါတယ်” လို့လည်း ဆက်လက် ပြောကြားပေး ခဲ့သည်။

ဒေါက်တာ Khual Sian Tung ဟာ ၁၉၉၁ စက်တင်ဘာလ ၁၂ နေ့တွင် မွေးဖွားသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ် ကျော်သာ ရှိသေးပါတယ်။ ၂၀၀၈ ခုနှစ်တွင် ကလေးမြို့ကနေ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာဖြင့် အောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမှတ် (၂)ရန်ကုန် ဆေးတက္ကသိုလ် ကနေ ဆရာဝန်ဘွဲ့ရကာ ၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းသည့် အချိန်တွင် အထူးကု သင်တန်း တစ်နှစ် အောင်မြင် ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

သူ့ရဲ့ မိသားစုဝင်များဟာ ၂၀၀၉ ခုနှစ်မှာ တွန်းဇံမြို့ကနေ ရန်ကုန်မြို့ကို ပြောင်းရွေ့ အခြေချ အနေထိုင်ခဲ့ကြပြီး ကွယ်လွန်သူတွင် အစ်ကို တစ်ယောက် နှင့် အစ်မ ၄ ယောက် ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *