အောက်တိုဘာလ ၂၈ ရက်။
ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာချင်းပြည်နယ် ဖလမ်းမြို့မှာနေထိုင်တဲ့ကျောင်းဆရာမ တစ်ဦးဟာ သူမနေအိမ်မှာရှိနေစဉ် စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
ဖလမ်းမြို့ဒေသခံတစ်ဦးက “လက်နက်ကြီးကျည်ထိမှန်လို့ သေဆုံးတယ်လို့တော့ သတင်းကြားတယ်။ သူက ကျောင်းဆရာမတစ်ဦးလည်းဖြစ်တယ်။ လက်ရှိချိန်ထိ ကျောင်းဆရာမ အလုပ်လုပ်နေတဲ့သူလို့ သိရပါတယ်” လို့ပြောပါတယ်။
လက်နက်ကြီးကျည်ထိမှန်သေဆုံးတဲ့ ကျောင်းဆရာမဟာ အသက် ၃၈ နှစ်အရွယ်ရှိသူလို့သိရပြီး စစ်ကောင်စီတပ်ရမ်းသမ်းပစ်ခတ်တဲ့ ကျည်ထိမှန်လို့ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တာလို့သိရပါတယ်။
ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေစလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့အထိ နေ့စဉ်ရက်ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။