အောက်တိုဘာလ ၂၂ ရက်။
မတူပီမြို့နား အနောက်ဖက် တောအုပ်ကြီးဖက်ကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂) လုံးကြဲချသွားတယ်လို့ CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။
မတူပီမြို့သိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာလို့ သိရပြီး လူအထိအခိုက် အပျက်အစီးတော့ မရှိဘူးလို့ သိရပါတယ်။
CDF -Matupiတပ်မဟာ(၁)ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေကိုတော့ ကတုတ်ကျင်းတူးကြဖို့ တစ်ခုခုဆို အရေးပေါ်ဝင်ပုန်းဖို့ ပြောထားတာရှိတယ်။ လေကြောင်းနဲ့ပတ်သက်ရင် မြို့တွင်းနေပြည်သူတွေကို သေချာလေး မှာထားပါတယ်” လို့ပြောပါတယ်။
မတူပီမြို့ကိုတော့ CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ကာ လက်ရှိမှာလည်း CDF – Matupi တပ်မဟာ (၁) က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်ဖွဲ့စည်းထားပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီဖြစ်ကာ မတူပီမြို့ခံပြည်သူတချို့ကိုလည်း မတူပီမြို့မှာပြန်လည်အခြေချနေထိုင်ခွင့်ပြုထားပါတယ်။