Headlines

PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်ကောင်စီကမ်းလှမ်းမှုအပေါ် CNF ဘယ်လိုတုန့်ပြန်လဲ ?

စက်တင်ဘာလ ၂၇ ရက်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိကြောင်း၊အခုလိုစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EROs) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖိတ်ခေါ်တာဟာ ရွေးကောက်ပွဲအကောင်အထည်ဖော်ချင်တာကြောင့်ဖြစ်ပြီး အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက Chin World Media ကိုပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ လုပ်ဆောင်မှုမှန်သမျှ အယုံအကြည်လုံးဝမရှိဘူး၊ အဓိက ကတော့ ရွေးကောက်ပွဲကို အကောင်အထည်ဖော်ချင်တာပါ၊ အဲဒါလည်း ဖြစ်လာမှာ မဟုတ်ဘူး။ စစ်ဘေးနဲ့ သဘာဝဘေးကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေချိန်မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတာ ဘယ်လိုမှ ယုတ္တိယုတ္တာ မရှိတဲ့ လုပ်ဆောင်မှုပါ” လို့ပြောပါတယ်။

PDFနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ကမ်းလှမ်းဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကြောင့်နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲ ဖော်ဆောင်နိုင်ရန် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းနဲ့သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ကြေညာထားပါတယ်။

အဲဒီဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့ကစလို့ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူတော့မယ့် အကြောင်းနဲ့ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *