Headlines

AA ကိုအခွန်ပေးရတာများတာနဲ့လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ပလက်ဝမှာကုန်ဈေးနှုန်း အဆမတန်ဈေးကြီးနေတယ်လို့ သိရ

စက်တင်ဘာလ ၂၅ ရက်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကုန်ပစ္စည်းဈေးနှုန်းတွေ အဆမတန်ဈေးကြီးရတာဟာ ဂိတ်တွေမှာ AA ကိုအခွန်ပေးရတာများတာနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် လို့ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။

လက်ရှိပလက်ဝမြို့နယ်မှာ ရိုးရိုးဆန်ကြမ်းတစ်အိတ်ကို တစ်သိန်းခွဲကျပ်၊ ဆားတစ်ပိသာ တစ်သောင်းကျပ်၊ premier ကော်ဖီ အထုတ်ကြီးတစ်ထုတ်ကို သုံးသောင်းကျပ်နဲ့ ဓာတ်ဆီ ၁ ဂါလံကို ၅သောင်းခွဲအထိ ဈေးရှိနေကြောင်းပလက်ဝဒေသခံတွေဆီကသိရပါတယ်။

ပလက်ဝဒေသခံ တစ်ဦးက “ပလက်ဝမြို့နယ်မှာဆိုရင် မင်းတပ်၊ ကန်ပက်လက်၊ အစပ်ဘက်က လူတွေကျတော့ မကွေးဆောဘက်ကနေ ယူကြတယ် ပလက်ဝ အနီးတဝိုက်က အောက်ပိုင်းလို့ ပြောရမှာပေါ့ အဲဒီကလူတွေကြတော့ ရခိုင်ဘက်ကနေ အဓိကဝယ်ယူတင်သွင်းနေတယ်ပေါ့ ပလက်ဝမြို့ကစပေါ့ အိန္ဒိယနယ်စပ်ဘက်က မီဇိုရမ်ပြည်နယ်ဘက် လောင်တလိုင်ဘက်ကနေ ဝယ်ယူနေကြရတာပေါ့ ဆီတွေကြတော့ လောင်တလိုင်ကနေ အဓိက တင်သွင်းတာပေါ့ ကုန်ပစ္စည်းတွေ ဒီလောက်ဈေးကြီးရတာက ဂိတ်တွေမှာ အေအေကို အခွန်ပေးရတာနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်မယ်” လို့ Chin World Media ကိုပြောပါတယ်။

ပလက်ဝမြို့နယ်က ဒေသခံတွေဟာ အရင်က အခြေခံစားသောက်ကုန်တွေကို ရခိုင်ကနေ အဓိကဝယ်ယူရတာဖြစ်ပြီး ရခိုင်မှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ကုန်းလမ်းတွေ ပိတ်ဆို့လိုက်တာတွေကြောင့် တခြားဒေသတွေကနေ စားသောက်ကုန်မှာယူရလို့ ကုန်စျေးနှုန်းတွေ ပိုမြင့်တက်ရတာလည်းပါသလို ပလက်ဝဘက်ကနေ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်ဘက်ကို ဈေးဝယ်တဲ့ နေရာမှာလည်း ကျပ်တန်ဖိုးနဲ့ ရှုပီးငွေကြေးတန်ဖိုး ကွာခြားလွန်းတာတွေကြောင့်လည်း ပါတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) မသိမ်းပိုက်ခင် ရိုးရိုးဆန်တစ်အိတ်ကို ကိုးသောင်းနဲ့ တစ်သိန်းဝန်းကျင်ရှိခဲ့ပြီး ၊ Premier ကကာ်ဖီ အထုတ်ကြီး ၁ ထုတ်ကို ၁ သောင်း လောက်သာရှိခဲ့ကြောင်းသိရပါတယ်။

ပလက်ဝမြို့နယ်ကနေ မကွေးတိုင်း ဆောမြို့နယ်ဖက်နေ ဝယ်ယူရတဲ့ စားသောက်ကုန်ပစ္စည်းဈေးတွေဟာ လမ်းခရီးသယ်ယူစရိတ်ဈေးကြီးတာကြောင့် ပလက်ဝမြို့နယ်ဘက်ရောက်ရင် မူလဈေးနှုန်းရဲ့ သုံး၊လေး၊ ငါး ဆလောက် နဲ့ ဒေသခံတွေပြန်ဝယ်ယူနေကြရကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *