စက်တင်ဘာလ ၂၃ ရက်။
လာမဲ့အောက်တိုဘာ ၁ ရက်နေ့မှာ သန်းခေါင်စာရင်း ကောက်တော့မှာဖြစ်လို့ ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်နေတဲ့ ရေဘေးသင့်ပြည်သူတွေကို နေရပ်အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့စက်တင်ဘာ ၁၇ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ သဘာဝ ဘေးအန္တရယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ေအာက်တိုဘာလ ၁၅ ရက်နေ့ အထိ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတ၀န်း ကောက်ခံ သွားမည့်သန်းခေါင်စာရင်း အစီအစဉ်မှာ ၂၀၁၄ သန်းခေါင်စာရင်းကောက်စဉ်က မေးခဲ့တဲ့ “လူမျိုးအမည်” ဟူသော မေးခွန်း မပါရှိတော့ဘဲ “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဟူ၍ ပြောင်းလဲ ပြင်ဆင် သုံးစွဲ လာခဲ့ ပါတယ်။
ဒါ့ အပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ခံမှုတွင် မေးခွန်း ၂၁ ခုသာ မေးမြန်းထားသော်လည်း ယခုနှစ် ၂၀၂၄ သန်းခေါင်စာရင်းတွင်မူ မေးခွန်း ၂၅ ခုအထိ တိုးလာခဲ့ပါတယ်။ ယခင် “လူမျိုး” ဟု ဖြေဆိုရမည့် နေရာတွင် “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဟု ပြောင်းလဲလိုက် သလို၊ ယခင် ရွေ့ပြောင်းသွားလာမှု အခြေအနေ တွင်လည်း “ပြည်တွင်း၊ ပြည်ပ”ဆိုပြီး သတ်မှတ် ထားသလို “မွေးစာရင်း ရှိ၊ မရှိ” အခြေအနေများကို ပါ ထပ်တိုးမေးမြန်း သွားမယ် လို့ စစ် ေကာင်စီကြိုတင်ထုတ်ပြန်ထားတဲ့အချက်အလက်များအရသိရပါတယ်။
မြန်မာနိုင်ငံမှာ ယခင်အစိုးရ လက်ထက်များက တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးစာရင်းရှိကာ အဆိုပါ ၁၃၅ မျိုးစာရင်းမှာ ချင်းမျိုးနွယ်စု ၅၃ မျိူးလည်း ပါ၀င်ပါတယ်။
၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကို ဟားခါး၊ဖလမ်း၊တီးတိန် မြို့ ၃ မြို့ကလွဲပြီးစစ် ေကာင်စီအုပ်ချုပ်မှု ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်း မရှိတော့တဲ့ချင်းပြည်နယ်မှာ မည်သည့် ပုံစံ ဖြင့် ကောက်ယူမည်ကို ချင်းမိဘပြည်သူများမှ စိတ်ဝင်စား လျက် ရှိသလို “လူမျိုးအမည်” အစား “အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား” ဖြင့် သန်း ေခါင်စာရင်းမှာ ေမးခွန်းအစားထိုး ပြင်ဆင်လာမှု အပေါ် ချင်းပြည်နယ် အခြေပြု လူငယ် နှင့် လူမှုရေး အဖွဲ့အစည်း ခေါင်းဆောင် တချို့ရဲ့ အမြင်ကို စုစည်း တင်ပြအပ် ပါတယ်။
“မြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၈ မျိုးနဲ့ လူမျိုးငယ်ပေါင်း များစွာ ရှိတာကို မသိကျိုးကျွန်ပြု တာပါပဲ။ ရုံးသုံးဘာသာစကား ၊ဘုံစကားက ဗမာစကားဖြစ်လို့ ဗမာမဟုတ်တဲ့ ကျန်တိုင်းရင်းသားများက ဗမာစကားကို ပိုမိုအသုံးပြုမှာက လုံးဝသေချာ နေ ပါတယ်။ ဥပမာ ကျမက လုံးဝ ချင်းစစ်စစ်ဖြစ်တာတောင် ကျမရဲ့ First language က ဗမာစကား ဖြစ်တယ်၊ ချင်းစကားထက် ဗမာလို ပိုပြောနိုင်ပေမယ့် ဗမာလို့ ထင်ရင် မကြိုက်ပါဘူး။ အိမ်မှာလဲ ဗမာလို ၉၀ ရာခိုင်နှုန်းသုံးနေသူဆိုတော့ သူတို့ပြောတဲ့ အဓိက ပြောဆိုသော စကားဆိုရင် ဗမာလို့ ထည့်ရမှာ သေချာနေ ပါတယ်။ ဘာရည်ရွယ်ချက်နဲ့ အဲ့မေးခွန်းကိုမေးတာလဲ ဆိုတာ သိချင်တယ်။”
ကျောင်းဆရာမ ၁ ဦး (မတူပီ မြို့နယ်)
“တကယ်တော့ အဲ့ဒါကလဲ တဖက်လှည့်နဲ့ လူမျိုးကိုဝါးမြိုတာလို့ပြောလို့ရတယ် ချင်းဖြစ်ပြီး ချင်းစကားမတတ်တဲ့သူတွေက ဘယ်ထဲရောက်သွားမလဲ … ပြီးတော့ UID ခေါ် smart card လုပ်တဲ့အချိန်မှာလဲ လူမျိုးတမျိူးပဲ ထည့်ပါဆိုတာမျိုး ကြုံရတယ် ဒါတွေကို ဆက်စပ်ရင်အဓိပ္ပါယ်မရှိဘူး … လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးကို ခြိုးဖောက်တာလို့ပဲ မြင်ပါတယ်”
– သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ တက်ကြွ လှုပ်ရှားသူ ချင်းအမျိုးသား ၁ ဦး
“ကျမကတော့ လူမျိုးမထည့်ပဲ ဘာသာစကားကိုပဲ မေးတာကို သဘောမကျပါဘူး။ ချင်းမှာတောင် တောင်ပိုင်းက ဗမာလိုပဲ အိမ်မှာ ပြောကြတာ များတယ်။ ပြီးတော့ Uppu ချင်းပုံတွေ ဆိုရင် နာမည်က အစ ဗမာနာမည်တွေပဲ။”
-လူငယ် အမျိုးသမီး တစ်ဦး၊ ကန်ပက်လက်မြို့
“လူမျိုးနာမည်”ဆိုတဲ့ မေးခွန်းပါမလာတော့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအတွက် အဆင်မပြေဘူးလို့မြင်ပါတယ်။ မိမိရဲ့ လူမျိုးဖြစ်တည်မှုကို ထိန်းသိမ်းချင်တဲ့ တစ်နည်း အဲသည်ဖြစ်တည်မှုကို အခြေခံပြီး ထိမ်းသိမ်းလာရတဲ့၊ ဖော်ထုတ်ချင်တဲ့ ဘာသာစကား၊ စာပေယဉ်ကျေး၊ ဓလေ့ထုံးတမ်းတွေအတွက် သက်ရောက်မှုကြီးပါလမ့်မယ်။ တစ်ဖက်ကကြည့်ရင် အမျိုးသားမှတ်ပုံတင်ကတ်ပြားလိုမျိုးမှာ “လူမျိုးနဲ့ ကိုးကွယ်သည့်ဘာသာ” ဆိုတာ ဖော်ပြနေဖို့ မလိုအပ်ပဲ နိုင်ငံသားဖြစ်မှုကို ဖော်ပြရင်ပြီးနေတာပဲ လို့ ပြောနေတဲ့ဟာတွေလည်း ရှိတော့ ဒါကိုလည်း တစ်မျိုးစဉ်းစားစရာပေါ့။ ဒီနှစ်ခုက တူတော့မတူဘူး။ နိုင်ငံတွင်းမှာရှိတဲ့ လူဦးရေမှာ စုံလင်ကွဲပြားတဲ့ လူမျိုးဖြစ်တည်မှုကိုတော့ မဖြစ်မနေ မှတ်တမ်းတင်သင့် တာပေါ့။ နောက် “အိမ်မှာ အဓိကပြောဆိုတဲ့ ဘာသာစကား” ဆိုတာက ဘာအတွက် ရည်ရွယ်ပြီးမေးတာလဲ ဆိုတာတော့ မပြောတတ်ဘူး။ ကျောင်းပညာသင်ကြားရေးအတွက်လား၊ ဒါမှမဟုတ် ပြောဆိုတဲ့ဘာသာစကားအုပ်စုအပေါ်အခြေခံပြီး နိုင်ငံရေးအရအရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုခုအတွက် အထောက်အထားတစ်ရပ်အနေနဲ့ အသုံးပြုချင်တာလား။ ဥပမာ- ဖက်ဒရယ်တည်ဆောက်ရေးစတင်မယ်ဆိုပါစို့၊ ဖက်ဒရယ်ယူနစ်တွေကို ဘယ်လိုဖွဲ့စည်းမလဲဆိုတဲ့အခါ ပြောဆိုတဲ့ဘာသာစကားကို အခြေခံပြီး ဖွဲ့စည်းမယ်ဆိုတာမျိုးအတွက် ရည်ရွယ်တာမျိုးလား။ ဒါမှမဟုတ် မိခင်ဘာသာစကားနဲ့ ကျောင်းပညာသင်ကြားရေးအတွက်အထိ ရည်ရွယ်တာမျိုးလားပေါ့။ ဒီလိုဆိုရင် ပြဿနာအကြီးကြီးတွေကို လက်ယက်ခေါ်သလိုပဲ။ ဒီနိုင်ငံမှာ ဗမာစာ၊ ဗမာစကားသည် နိုင်ငံတော်ရုံးသုံးစာနှင့် ဘာသာစကားဖြစ်သည်လို့ နှစ်ပေါင်း ခုနှစ်ဆယ်ကျော်လုပ်လာတော့ တော်တော်များများက အိမ်တွင်းမှာ ဗမာစကားအသုံးပြုပြောဆိုတာတွေ ခပ်များများရှိနေလောက်ပြီပေါ့။ ဒါ ဗမာမဟုတ်တဲ့ လူမျိုးတိုင်းမှာ ဖြစ်မှာပဲ။ ဒါပေမယ့် အိမ်တွင်းမှာ ဗမာစကားပြောလို့ သူတို့ရဲ့ ဖြစ်တည်မှုပျောက်သွားတာမျိုးမဟုတ်ဘူး။ အဲဒါသတိထားဖို့လိုတယ်။ ချင်းမိသားစုတစ်ခု၊ ရန်ကုန်မှာ အခြေချတယ်၊ အိမ်တွင်းမှာ ဗမာစကားပြောတာတိုင်း မူရင်းလူမျိုးဖြစ်တည်မှု ပျောက်သွားတာမျိုးမဟုတ်ဘူး။ အဲဒါသတိထားဖို့လိုတယ်။ ဒီလောက်ပါပဲ။”
-ချင်းအမျိုးသားကဗျာဆရာ ၁ ဦး
“တီးတိန်မြို့နယ်မှာဆိုရင် ဘာသာစကားနေရာမှာ ဘာထည့်ရေးရမလဲ ဆိုတာ ပြည်သူလူထုရဲ့ စိတ်ကို ဝေဝါး စေနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Teizang စကားလို့ ထည့်မှာလား၊ Sihzang စကားလို့ ထည့်မှာလား၊ Khuano စကားလို့ထည့်မှာလား၊ Zopau လို့ ထည့် ရေးမလား၊ Zomi pau လို့ထည့် ရေးမလား ဆိုတာမျိုးပေါ့နော်။ အဲဒါအပြင် သူ့အဖေက ဗမာဖြစ်ပြီးတော့ သူ့အမျိုးသမီးက Tedim ဖြစ်နေတော့ သူတို့ သားသမီးတွေက Tedim စကား အများစုသုံးတယ် ဆိုရင် အိမ်တအိမ်မှာ ဘာသာစကား နှစ်မျိုးသုံးတာ ဆိုတော့ ဘယ်ဘာသာစကားကို ထည့်ရေးရမလဲ ဆိုတာ မသဲကွဲဘူး ဖြစ်နိုင်တယ်။ အဲဒါတွေကနေစပြီးတော့ အစိပ်စိပ်အမွာမွာ ကွဲနေပြီးသား ဖြစ်နေတဲ့ ဟာကို ထပ်ပြီးတော့ ကွဲခိုင်းနေသလိုမျိုး ဖြစ်နိုင်တယ်။ ဒီဟာတွေက ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်တယ်၊ ပြီးတော့ ကျွန်တော်တို့ လိုချင်တဲ့ စည်းလုံးရေးကို အနှောက်အယှက် ဖြစ်လာစေနိုင်တယ်။ ပိုပြီး အားနည်းစေလာနိုင်တယ် လို့မြင်တယ်။”
-လူငယ် အမျိုးသားတစ်ဦး၊ တီးတိန်မြို့
“ဘယ်လူမျိုးက လူဦးရေဘယ်လောက်ရှိတယ်ဆိုတာအဓိက မထားတော့တဲ့ သဘောဘဲ လို့ထင်မိပါတယ်”
-လူနည်းစု တိုင်းရင်းသား အရေးပူပန်သူတစ်ဦး
“အန္တရာယ်ရှိနိုင်တယ် ခင်ဗျာ။ ဒါက အချက်အလက် ကောက်နေတာ မဟုတ်ဘဲ၊ အခြေအနေ ရှာတာမျိုးလို ဖြစ်နေရင် အန္တရာယ်သိပ် များနိုင်ပါတယ် ခင်ဗျာ။”
-လူငယ် အမျိုးသား တစ်ဦး၊ မင်းတပ်မြို့
“လူ့အခွင့်အရေး အရ တော့ အတော်ကောင်းပါတယ်။ ဒါပေမယ့် အားနည်းချက် ကတော့ လူမျိုး ဖြစ်တည်မှု ပြိုစေ မလား၊ လူမျိုးစု အလိုက် ခွဲခြားမှု ပိုမို များပြားစေ မလား ဆိုတာ အတော် စိုးရိမ်ရလိမ့်မယ်။”
-လူငယ် အမျိုးသမီး တစ်ဦး၊ တွန်းဇံမြို့
“အိမ်တွင် အဓိကပြောဆိုသော ဘာသာစကား ဆိုတာ ကတော့ အရင် လူမျိုး ကုတ်ကို တခြားနည်းနဲ့ပြောင်းပြီး ကောက်တယ်လို့ဘဲ ထင်ပါတယ်။ လူမျိုးစု တစ်မျိုးထဲရှိတဲ့ မိသားစုဆိုရင် အဆင်ပြေ ပေမယ့် မိဘ နှစ်ဦးက မတူတဲ့ လူမျိုးက ဆိုရင်တော့ ဖြေရတဲ့သူတွေ အတွက် နည်းနည်း ခက်မယ် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မိသားစုတွင်းမှာ ဘာသာစကား နှစ်မျိုး သုံးနိုင်တယ်ဆိုတော့လေ။”
– မရာချင်းလူငယ် အမျိုးသား တစ်ဦး
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ခြင်းလုပ်ငန်းမှာသန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ကွက်ပေါင်း တစ်သိန်း တစ်သောင်းခန့်ကို စာရင်းစစ်၊ စာရင်းကောက် လေးသောင်းနှစ်ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန် လျာထားကြောင်း၊ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို Mobile Tablet များအသုံးပြုကာ တစ်အိမ်တက်ဆင်း ကောက်ယူမည်ဖြစ် ေကြာင်းစစ် ေကာင်စီကသတင်းထုတ်ပြန်ထားပါတယ်။