စက်တင်ဘာလ ၂၅ ရက်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ချင်းရွာတွေမှာ အာရက္ခတပ်တော် (AA)က ကျေးရွာလုံခြုံရေးအတွက်ဆိုပြီး လူငယ်တွေကို မဲနှိုက်စနစ်နဲ့ တပ်သားစုဆောင်းနေလို့ ဒေသခံချင်းလူငယ် အများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံလူငယ်တချို့သတင်းပေးပို့ချက်အရသိရပါတယ်။
အမ်းမြို့နယ်ထဲက သရွဲရွာ၊ တာဖျားရွာ၊ မဝှမ်းရွာ၊ ရှုးချင်းရွာ ၊ ဒုကန်ရွာ၊ မဲတန်ကြိုးရွာ၊ ဖောင်တော်ဦးရွာ၊ မဲလက်မောင်းရွာ စတဲ့ ချင်းလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေက ဒေသခံချင်းလူငယ်တွေကို ကျေးရွာလုံခြုံရေးအတွက် ဆိုပြီး အာရက္ခတပ်တော် (AA)က မဲနှိုက်စနစ်နဲ့ လူငယ်တွေကို စစ်သင်တန်းပေးဖို့ လုပ်နေတာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံလူငယ် တစ်ဦးက “မဲမနှိုက်ချင်ကြတော့ ဒေသခံလူငယ်တွေက အမ်းမြို့နဲ့ ရန်ကုန်ကို ပြေးကြတယ် ပြေးတဲ့သူတွေမှာလည်း တက္ကသိုလ်ကျောင်းသားတွေပဲ သွားလို့ရတယ် ကျောင်းသားမဟုတ်တဲ့သူတွေတော့ ရန်ကုန်နဲ့ အမ်းကို ဝင်လို့မရဘူး ရွာကနေ ရန်ကုန်ထွက်ပြေးသွားတဲ့ သူတွေကိုလည်း သူတို့မဲနှိုက်လို့ပေါက်ရင် ပြန်ခေါ်ရမယ်လို့ သိရတယ် သူတို့အစည်းအဝေး မလာနိုင်ရင်လည်း ဒဏ်ငွေဆောင်ရမယ်လို့ ပြောပါတယ် ” လို့ Chin World Media ကိုပြောပါတယ်။
အမ်းမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ချင်းရွာတွေကို အာရက္ခတပ်တော် (AA) က အစည်းအဝေးခေါ်ပြီး ရပ်ရွာလုံခြုံရေးအတွက် မိမိစိတ်ဆန္ဒနဲ့ တစ်ရွာကို ငါးဦးကနေ ဆယ်ဦးအထိ စစ်သင်တန်းပေးဖို့ ခေါ်ခဲ့ပြီး တက်ရောက်ချင်တဲ့သူ မရှိတာကြောင့် မဲနှိုက်စနစ်နဲ့ခေါ်ယူနေတာဖြစ်ပြီး သင်တန်းပြီးပါက ရှေ့တန်းပို့ခံရမှာကိုစိုးရိမ်တာကြောင့် ဒေသခံချင်းလူငယ်အများအပြား ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံလူငယ်တွေဆီကသိရပါတယ်။
ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ထားပြီး အာရက္ခတပ်တော်(AA) က မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရပါတယ်။