အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ်မှာ မိုးတွင်း စိုက်ပျိုးထွက်ကုန် တစ်ခု ဖြစ်သည့် စပျစ်သီး အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များ ဈေးကွက် ပျောက်နေကြောင်း မြို့နယ်တွင်းနေ ပြည်သူများထံမှ သိရှိခဲ့ ရပါတယ်။
“အရင်နှစ်က တစ်ပိဿာကို ကျပ် ၅၀၀၀ အနည်းဆုံး ပေးဝယ်ကြတဲ့ စပျစ်သီးတွေက ဒီနှစ် ဝယ်လက်တွေ ပျောက်နေခဲ့ပါတယ်။ ရွာသား အချင်းချင်း ကျပ် ၂၀၀၀ လောက်နဲ့ ပေးနေရတယ်။ အဲတာတောင် စပျစ်ဝိုင် ဖောက်ဖို့ သကြား ဝယ်ဖို့ ကူညီတဲ့ အနေနဲ့ ဝယ်ပေးကြတာ။ စပျစ်သီးတွေကို ဝိုင်ဖောက်ဖို့ စဉ့်အိုးတောင် မလောက်ဘူး ဖြစ်နေ ခဲ့ ပါတယ်” လို့ အိမ်တိုင်းနီးပါးမှာစပျစ်ခြံ ရှိခဲ့တဲ့ ရွာသား တစ်ဦးက Chin World Media ကို ပြောပါတယ်။
နယ်လှည့် ခရီးသွားခဲ့ရသည့် အဖွဲ့အစည်း ဝန်ထမ်း တစ်ယောက်က မူ “တီးတိန်မြို့နားက ရွာတရွာပါ။ စပျစ်သီးတွေ အရမ်း သီးတယ်။ အသီးလည်း ကောင်းတယ်။ အရင်နှစ်တွေက ပြည်မက တောင် တက်ပြီး ဝယ်လာကြ ပေမယ့် ဒီနှစ် မှာကျတော့ ဝယ်လက်တွေ ပျောက်နေတော့ တစ်ပိဿာ ၅၀၀ ကျပ် နဲ့ လိုသလောက် ယူကြဖို့ ပေးကြတယ်။ တီးတိန်မြို့နယ် အတွင်း စပျစ်ခြံ ပိုင်ရှင်တွေတော့ ဈေးကွက် ပျောက်တဲ့ နှစ် ပါပဲ” လို့ ပြောပါတယ်။
တီးတိန်မြို့ ပေါ်၏ အဓိက စိုက်ပျိုး ထွက်ကုန် တစ်ခု ဖြစ်သော ဂေါ်ရခါးသီးမှာမူ အရင်နှစ်များ ကဲသို့ အထွက်မကောင်းခဲ့ဘဲ စံချိန်တင် လောက်အောင် သီးနှုန်း လျော့ကြသွားခဲ့တယ် လို့ သိရ ပါတယ်။ “မိုးတွင်း သီးနှံ တစ်ခု ဖြစ်တဲ့ ဂေါ်ရခါးသီး ကလည်း တခြား နှစ်တွေ လောက် ကောင်းကောင်း မသီးဘူးဗျ။ အညွန့်ထွက်တဲ့ အချိန်မှာ မြို့ခံတွေ အားလုံး စစ်ရှောင်ကြတော့ သက်ရှိတွေရဲ့ အငွေ့အသက် ရသင့် သလောက် မရလို့ အသီး လျော့ကျ သွားတာလို့ သက်ကြီးပိုင်းတွေ သုံးသပ် ကြတယ်။ ဂေါ်ရခါးသီးက တီးတိန်မြို့မှာ အပေါ်ဆုံး ရာသီပေါ် ဟင်သီးဗျ။ အိမ်တိုင်းနီးပါးမှာ ရှိတယ်။ ဒီနှစ်တော့ ပုံမှန် အချိန်ထက် တစ်ဝက် ကျော် လောက် အထွက် လျော့မယ့် သဘော ရှိတယ် ဗျ” လို့ တီးတိန်မြို့ရှိ လူငယ် တစ်ဦးက သုံးသပ် ပြောဆိုခဲ့ ပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်းတွင် မြို့နယ် အတွင်းရှိ ကျေးရွာများ အနေဖြင့် ဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးခြင်းကို လျော့ချပြီး ဝမ်းစာ အဖြစ် အသုံးပြုခဲ့ရသည့် သီးနှံများ ဖြစ်သည့် ပြောင်းဖူး ကဲ့သို့သော သီးနှံများ ပိုမို စိုက်ပျိုးလာခဲ့ကြောင်း၊ ယခုနှစ် ပြောင်းဖူးသိမ်း ရာသီတွင် တောင်သူ အများစု အနေဖြင့် ပြောင်းဖူး အထွက် မဆိုးဘူးဟု မှတ်ချက်ပြုကြကြောင်း၊ တချို့ ရွာတွေမှာ အင်းဆက်ပိုး တမျိုးကြောင်း အစေ့ ကောင်းကောင်း မထွက်တာမျိုး ရှိသော်လည်း ယေဘုယျ အားဖြင့် အထွက် ကောင်းသည်ဟု မှတ်ယူနိုင်ကြောင်း တီးတိန်မြို့ရှိ အရပ်ဘက် အဖွဲ့အစည်း ဝန်ထမ်း တစ်ဦးက မှတ်ချက် ပြုခဲ့ ပါတယ်။
ကနေဒီတောင်ခြေ တဝိုက်၊ ကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးမှုများသည့် အာလူး ဟာလည်းပဲ ဒီနှစ် အတွင်း စိုက်ပျိုးမှုတွေ လျော့ကျလာ သလို၊ ကလေးမြို့ကို တောင် မရောင်း နိုင်ခဲ့ကြဘူး လို့လည်း တောင်သူများ ထံမှ သိရှိခဲ့ ရပါတယ်။ “တိုက်ပွဲတွေက စိပ်လာခဲ့တယ်။ ကားလမ်းမ တစ်လျှောက် က တိုက်ပွဲနယ်မြေတွေ ဖြစ်လာတယ်။ လမ်းပိတ်မှုတွေ များလာတော့ ဈေးကွက် ပိုပြီး မသေမချာ ဖြစ်စေတယ်။ ဒါကြောင့် အာလူး စိုက်တဲ့ တောင်သူ အများစု က အရင် နှစ်တွေလို အားမစိုက်ရဲ တော့ဘူး။ မျိုးစေ့ မပြတ် အောင်ပဲ စိုက်ကြတာ များတယ်။ ကလေးမြို့မှာ အနည်းဆုံး တစ်ပိဿာ ၈၀၀၀ ကျပ် လောက် ရခဲ့ ပေမယ့် လက်ရှိ တန်ဆာနှုန်းထား တွေကြောင့် ကလေးမြို့ကို ပို့ပြီး ရောင်းတာထက်၊ ကားလမ်းဘေး ကနေ တစ်ပိဿာ သုံးထောင် လောက်နဲ့ ရောင်းရင် ပိုမြတ်တဲ့ အနေအထား ဖြစ်နေပါတယ်” လို့ ကလေး-တီးတိန် လမ်းမဘေး ရွာ တရွာမှ အာလူး လိုက် ရောင်းနေသူ တောင်သူ တစ်ဦး က ပြောကြားခဲ့ ပါတယ်။
“ဝဥ ကျတော့ တော ဝဥ ကို လိုက်ရှာပြီး ရောင်းကြတာမျိုး ရှိတယ်။ စိုက်ပျိုးတဲ့ ဟာတွေကိုတော့ ဘယ်သူမှ မဖော်ယူ ကြဘူး။ မြေထဲမှာဘဲ ထားကြတဲ့ သဘော၊ အဥ ပိုကြီးလာအောင် စောင့် ကြတဲ့ သဘော ရှိတယ်။ လမ်းပိတ်တာ များတော့ ဈေးပုံမှန် မရတော့ တောင်သူတွေက မဖော်ကြတော့ဘူး။ ဝယ်လက်တွေ က ကလေး ကနေ မန္တလေး ပို့ကလည်း လမ်းပိတ်တဲ့ အချိန် ပိုများတော့ အဆင် မပြေဘူး” လို့ ဝဥ စိုက်ပျိုးသူ တောင်သူ တစ်ဦး ကပြောကြား ခဲ့ ပါတယ်။ “ဒီနှစ်တော့ အစိမ်း တစ်ပိဿာ ဘယ်လောက် နဲ့ ယူမလဲ ဆိုတာ မသေချာ သေးဘူး။ အနှစ် ကတော့ အစိမ်း တစ်ပိဿာကို ကျပ် တစ်ထောင် လောက်နဲ့ပဲ ဝယ်ကြတယ်” လို့ ဆက်လက် သုံးသပ်ခဲ့ ပါတယ်။
မျောက်ငိုသီး ကို အဓိက ဝယ်ယူခဲ့သည့် မဏိပူရ ပြည်နယ် အတွင်း ပဋိပက္ခများ ဖြစ်လာ ခြင်းကြောင့် ၂၀၂၂ ကုန်ပိုင်း က စပြီး ဈေးကွက် ပျောက်ခဲ့ရ ကြောင်း၊ ဝယ်လက် အနည်းငယ် ရှိသော်လည်း ဈေးကောင်း မရ ကြကြောင်း တောင်သူများထံမှ စုံစမ်း သိရှိခဲ့ ရပါတယ်။
“ခေတ်ကောင်းတုန်းက ဆို မျောက်ငိုသီး တစ်ထောင့်ကို ကျပ် ၁၅၀ လောက်ထိ ပေးဝယ်ခဲ့ ဖူးတယ်။ တစ်ပင်တည်းနဲ့ ငါးသိန်းကျော် ရတဲ့လူတွေတောင် ရှိခဲ့ဖူးတယ်။ ပဋိပက္ခတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန် ဈေးဆိုတာ မရှိတော့ဘူး။ ပြီးခဲ့တဲ့ မျောက်ငို ရာသီမှာဆို ဝယ်မယ့်လူ ရှိရင် သူတို့ပေးတဲ့ ဈေးနဲ့ ရောင်းခဲ့ ရတာပါပဲ။ ဆောင်းတွင်းမှာ မျောက်ငိုဈေး ဘယ်လို ရှိလာမလဲ ဆိုတာ မခန့်မှန်း တတ်တော့ဘူး” လို့ မျောက်ငိုခြံ ပိုင်ရှင်တောင်သူ တစ်ဦးက ပြောကြားခဲ့ ပါတယ်။
ဆောင်းဦးပိုင်း က စပြီး ခူးရောင်းလို့ ရခဲ့သည့် ထောပတ် ကိုတော့ ပြီးခဲ့တဲ ရာသီမှာ နယ်စပ်တဲ့ နီးတဲ့ ရွာတွေမှာ ဝယ်လက်တွေ ရှိပြီး ကားတစ်စီးစာ ကို ငါးသိန်း၊ ခုနစ်သိန်း စသဖြင့် ပေးဝယ်ခဲ့ပြီး အရင်ကနှစ်တွေထက် ဈေးနည်း နေခဲ့ကြောင်း၊ ပြည်မဘက် ပို့ဖို့ အဆင်ပြေတဲ့ အတွက် မီဇိုရမ် ပြည်နယ်ဘက်ပို ပို့ခဲ့ကြကြောင်း နယ်စပ်ဘက်ရှိ ရွာသားတစ်ဦး ထံမှသိရှိခဲ့ရပါတယ်။
“လက်ရှိ အခြေအနေ အရ ဆိုရင် ထောပတ် ရာသီမှာ နယ်စပ် ကုန်သွယ်ရေး ပြန်ဖွင့်မလား ဆိုတာ မသေချာဘူး။ ဆောင်းတွင်း စိုက်ပျိုး ထွက်ကုန် ဖြစ်တဲ့ ထောပတ်သီးလည်း ဒီနှစ် ဝယ်လက် ရှိဖို့ မသေချာတဲ့ ထွက်ကုန် တစ်ခု ဖြစ်ဖို့ သေချာ သလောက်ပါပဲ” လို့ ယင်းရွာသားမှ ဆက်လက် သုံးသပ်ခဲ့ ပါတယ်။
လူမှုဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လူငယ် တစ်ယောက်ကတော့ “ဒီတိုင်း ဆိုရင် စိုက်ပျိုးရေးကို အားထားကြတဲ့ ဒေသခံ တောင်သူတွေ အတွက် ရွေးချယ်မှု အရမ်းနည်းသွားပြီ။ ထွက်တဲ့ စိုက်ပျိုး ထွက်ကုန်တွေက ဈေးမရဘူး။ သယ်ယူပို့ဆောင်ဖို့ မလွယ်ဘူး။ ဖြေရှင်းဖို့လည်း မလွယ်ဘူး။ ဆိုတော့ ဒေသခံ တောင်သူတွေက အဲဒီ ပြဿနာတွေနဲ့ လွတ်ကင်းတဲ့ နေရာမှာ ဈေးကွက် သေချာတဲ့ ဘိန်းလို စိုက်ပျိုးပင်တွေ စိုက်ကြတာက အခုလို ပဋိပက္ခ ကာလမှာ အပြစ်ပြောဖို့ အရမ်း ခက်ခဲ သွားခဲ့ပြီ” ဟု သုံးသပ် ပြောဆိုခဲ့ပါတယ်။
ကိုဇံ (ချင်းတောင်)