ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှာ ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မနက်အစောပိုင်းမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အိမ်မှာအိပ်နေတဲ့ အသက် ၆၀ ဝန်းကျင် ဒေသခံအမျိုးသား ၁ ဦးလည်း ကျည်ထိမှန် သေဆုံးတယ်လို့ သိရပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား ပစ်ခတ်မှုအတွင်း အသက်ကြီးပိုင်း ဒေသခံအမျိုးသားတစ်ဦး အိမ်ထဲအိပ်နေစဉ် ကျည်ထိမှန်သေဆုံးတာလို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။
ဟားခါးမြို့ဒေသခံတစ်ဦးက “ ဒီကနေ့မနက်ပိုင်း ၃ နာရီလောက်မှာ ချင်းဦးစီးရပ်ကွက်မှာ နေထိုင်တဲ့ U Ngun Thio အိပ်ပျော်နေတဲ့အချိန် လက်နက်ကြီးထိမှန်လို့ သေဆုံးတယ်လို့တော့ သိရတယ်” လို့Chin World Media ကိုပြောပါတယ်။
ဟားခါးမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့အကြား ယနေ့မနက်အစော ၃ နာရီဝန်းကျင်လောက်ကနေစလို့ မနက် ၅ နာရီဝန်းကျင်အထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ဟားခါးမြို့ရုန်းတောင်မှာ အခြေစိုက်တပ်စွဲတဲ့ စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်တိုက်မှုတွေနဲ့ပတ်သက်ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -ဟားခါး(CDF-Hakha) တပ်ဖွဲ့ဘက်ကလည်း အခုထိ တစ်စုံတစ်ရာသတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။