Headlines

လူသားချင်းစာနာထောက်ထားရေးအကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီ မရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ ကို ပြောကြား

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီမရောက်ဖို့ စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်ဟာ ဂျနီဗာကွန်ဗင်းရှင်းနဲ့ အညီလုပ်ဆောင်နေတယ်လို့လည်း ဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စမဂျာနာစပိုဂျာရစ်နဲ့ စက်တင်ဘာလ ၉ ရက် နေပြည်တော်မှာ တွေ့ဆုံချိန်ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီကစက်တင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၃ ရက် ရှမ်းပြည်ခရီးစဥ်မှာ နယ်မြေတွေသိမ်းပိုက်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မယ်လို့ ပြောကြားပြီးတဲ့နောက် စက်တင်ဘာလ ၅ ရက်ညက ရှမ်းပြည် ဖယ်ခုံမြို့အနောက်ဘက်ခြမ်းက ဘန်ကောက်စစ်ရှောင်စခန်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ နမ်းခမ်းမြို့ကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် ၉ ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးပြီး လူ ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်တာတွေ နေ့တိုင်းလိုလို ခံနေရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးတာတွေအထိရှိနေတယ်လို့ သိရပါတယ်။

ICRC အဖွဲ့ဟာ မြန်မာနိုင်ငံမှာစစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း အကျဥ်းထောင်တွေထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဥ်းသား တွေအပါအဝင် အကျဥ်းသားတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတဝန်း လူသားစာနာကူညီကယ်ဆယ်ရေးတွေမှာ ထိထိရောက်ရောက်မလုပ်နိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေလည်းကြုံနေရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *