Headlines

မြေစာများ ဖယ်ရှားပြီးနောက် ကလေး-တီးတိန် လမ်းပြန်ပွင့်ပြီဖြစ်ကြောင်းသိရ

စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၁၁ နာရီ ခန့်မှာ ကားလမ်းကို ပိတ်ဆို့နေတဲ့ မြေစာများ JCB စက်ကြီးဖြင့် ဒေသခံများမှ ဖယ်ရှား နိုင်ခဲ့ပြီးနောက် ကလေး-တီးတိန် ကားလမ်းမကြီး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တီးတိန်ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ကနေ သည်းထန်စွာ ရွာသောမိုးကြောင့် ကနေဒီ တောင်ခြေရှိ Sialtangtui ချောင်းရေကြီးပြီး မြေစာများ ရေပြွန်ထဲ မဆန့်တော့သည့် အတွက်ကြောင့် ကားလမ်းကြီး ပေါ် တင်နေကာ ၂ ရက် ခန့် လမ်း ပိတ်ဆို့ သွားကြောင်း၊ မိုး ပါးလာသည့် အတွက် ချောင်းရေ ကျလာသည်နဲ့ တပြိုင်နက် JCB စက်ဖြင့် မြေစာ နှင့် ကျောက်တုံးများ နေ့ည မရှောင် ဖယ်ရှား ခဲ့ခြင်း ဖြစ်ကြောင်း တီးတိန်ဒေသခံ ၁ ဦးက ပြောပါတယ်။

“ကလေးကနေ မှာထားတဲ့ ပစ္စည်းတွေ ဒီမနက် ရောက်လာခဲ့တယ်။ သောင်တင်တဲ့ ကားတွေ ည က လမ်း ပေါက်လို့ မြို့ထဲ ကို ဝင်လာ နိုင်ခဲ့ပြီ” လို့ တီးတိန်မြို့ခံ တစ်ဦးမှ လမ်း ပွင့်သွားပြီ ဖြစ်ကြောင်း Chin World Media ကို အတည်ပြု ပေးခဲ့ပါတယ်။

“ကားလမ်း အောက် ဘက် မြေပြိုတဲ့ နေရာ များတယ်။ Takhual စခန်း နားက တနေရာဆို ကွန်ဂရက် ချည်း ကျန်ပြီး အောက်ခံ မြေသား တဝက် လောက် ပြိုကျ သွားတယ်။ ခရီးသွားတွေ အနေနဲ့ သတိထား သွားကြဖို့ လိုတယ်” လို့ ကနေဒီ တောင် နားရှိ ဒေသခံ တစ်ဦး က ပြောပါတယ်။

လက်ရှိမှာ တီးတိန်ဖက်မှာ မိုးရွာသွန်းမှု နှုန်း ကျလာခဲ့ သော်လည်း မိုးတိမ်များ ထူထပ် နေပြီး နေရောင် မမြင်ရ သေးသည့် အတွက် မိုးပြန်များ နိုင်ကြောင်း၊ ဘယ်ချိန်ထိ လမ်းပွင့်မည်ကို ခန့်မှန်း လို့ မရသေးကြောင်း ဒေသခံများ ထံမှ ဆက်လက် သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *