Headlines

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ်ပေါင်း ၁ သိန်း ကျော်ပျက်စီး

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၃ နှစ်ကျော်အတွင်း (၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်ဇူလိုင်လကုန်)အထိ Data for Myanmar ရဲ့ ကောက်ယူစုစည်းတဲ့အချက်အလက်တွေအရ စစ်ကောင်စီ နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် တစ်နိုင်ငံလုံးမှာ အရပ်သားနေအိမ်ပေါင်း ၁၀၁၄၆၃ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Data for Myanmar က စက်တင်ဘာလ ၁၀ ရက်မှာ အစီရင်ခံစာထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဟာ နေအိမ်ပေါင်း ၇ သောင်းကျော်နဲ့ အများဆုံးမီးရှို့ဖျက်ဆီးခံခဲ့ရပြီး တစ်နိုင်ငံလုံး မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းကျော်ထိရှိခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင် နဲ့ ချင်းပြည်နယ်တွေမှာလည်း အရပ်သားနေအိမ်ပေါင်း ၂ သောင်း၃ ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ချင်းပြည်နယ်မှာတော့ ထန်တလန်မြို့နယ်မှာ နေအိမ်အများဆုံး မီးရှို့ခံခဲ့ရပြီး ထန်တလန်မြို့မှာ တစ်မြို့လုံးနီးပါး နေအိမ် ၂၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ချင်းလူမျိုးလူဦးရေ သိန်းဂဏာန်းနေထိုင်တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ချင်းလူမျိုးအများစုနေထိုင်တဲ့ ကျေးရွာတချို့မှာ အိမ်ခြေ ၁၀၀၀-၅၀၀၀ အကြား မီးရှို့ဖျက်ဆီးတာခံခဲ့ရပါတယ်။

စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီဟာ လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ နယ်မြေတွေမှာ အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးတာပိုမိုလုပ်ဆောင်ခဲ့တဲ့အပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီး မှုတွေကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သား နေအိမ် ၂၁၁၁ လုံး၊ ၂၀၂၂ ခုနှစ်မှာ ၄၆၈၅၆ လုံး၊ ၂၀၂၃ ခုနှစ်မှာ ၃၁၄၈၄ လုံး နဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ၂၁၀၂၁ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ Data for Myanmar ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *