Headlines

မီဇိုရမ်ပြည်ကလူငယ်နှစ်ဦးကို CDF-Hualngoram)တပ်ဖွဲ့က ၁ ပတ်ခန့်ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း အိန္ဒိယသတင်းမှာဖော်ပြ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ဒေသခံဆယ်ကျော်သက်လူငယ် ၂ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-ဟွာလ်းငိုရမ် (CDF – Hualngoram) တပ်ဖွဲ့က သီတင်းတစ်ပတ်ခန့် ဖမ်းဆီးနှိပ်စက်ခဲ့တယ်လို့ အိန္ဒိယအခြေစိုက် The Outlook သတင်းမဂ္ဂဇင်းက စက်တင်ဘာလ ၈ ရက်နေ့မှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် နယ်စပ်မြို့ ဇိုခေါထာရ်က နေ ချင်းပြည်နယ်ရဲ့ အထင်ကရ ရိဒ်ရေကန်ကို ဆိုင်ကယ်နှစ်စီးနဲ့ လူငယ် ၅ ဦးအလည်အ

ပတ်လာချိန်မှာ အသက် ၁၅ နှစ်နဲ့ ၁၆ နှစ်အရွယ် လူငယ်နှစ်ဦးကို ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့ကို ဖြတ်သန်းတဲ့အချိန် CDF တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်တဲ့ လူငယ် ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ The Outlook မှာ ဖော်ပြပါတယ်။

ဖမ်းမိတဲ့ မီဇိုရမ်ပြည်နယ်က လူငယ် ၂ ဦးကို CDF – Hualngoram တပ်ဖွဲ့ကဆံပင်ရိတ်တာ၊ ဆေးလိပ်မီးနဲ့တို့တာ အပါအဝင် နှိပ်စက်ညှဉ်းပန်းတာတွေလုပ်ခဲ့ပြီး လူငယ်တစ်ဦးရဲ့ ရှေ့သွားတစ်ချောင်းလည်း ကျိုးခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ အရာရှိတစ်ဦးကတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ စကားများခဲ့တာကြောင့် အဲဒီလူငယ်နှစ်ဦးဟာ ဖမ်းဆီးနှိပ်စက်ခံရတာလို့ပြောကြောင်း The Outlook က ဖော်ပြပါတယ်။

အဲဒီလူငယ်နှစ်ဦးကို သီတင်းတစ်ပတ်ခန့်အကြာမှာတော့ ဇိုခေါထာရ်မြို့က ကျေးရွာကောင်စီအပါအဝင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးနောက်မှာ CDF တပ်ဖွဲ့က ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF – Hualngoram တပ်ဖွဲ့ကို Chin World Media ကဆက်သွယ်မေးမြန်းတာ အခုအချိန်အထိမရသေးပါ။

မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေဟာ အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ လက်နက်ကိုင်အဖွဲ့အစည်းအဝေးတွေ လှုပ်ရှားစိုးမိုးမှုရှိနေတာနဲ့ ဒေသခံတွေအပေါ်ရိုက်ခတ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ် စိုးရိမ်မှုရှိနေတယ်လို့ The Outlook က ဖော်ပြပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ချင်းပြည်နယ်၊ ရိခေါဒါရ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရိဒ်-ဇိုခေါထာရ် ဂိတ်တံတားဖြတ်သန်းသွားလာခွင့်ကို အိန္ဒိယအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ မေလကုန်ပိုင်းကစလို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာပါတယ်။

အိန္ဒိယ-မြန်မာ ၂ နိုင်ငံအကြား လွတ်လပ်စွာ နယ်စပ်ဖြတ်သန်းသွားလာခွင့် Free Movement Regime ကိုလည်း အိန္ဒိယဗဟိုအစိုးရက ဖျက်သိမ်းဖို့ တရား၀င်ကြေညာထားပေမဲ့ မီဇိုရမ်ပြည်နယ်အစိုးရကတော့ ကန့်ကွက်ထားပါတယ်။

Ref:The Outlook

Leave a Reply

Your email address will not be published. Required fields are marked *