ကျွန်တော်ဖြတ်သန်းလာခဲ့သောကားသမားဘဝရဲ့ တစ်ဆစ်ချိုးအချို့သောနေ့ရက်စာမျက်နှာတွေမေ့ပျောက်ထိန်ချန်ထားလို့မရပါဘူး
တစ်ချိန်တစ်ခါတုန်းက မဟာမြိုင်လမ်းနဲ့အနှစ်နှစ်ဆယ် ကျော်လွန်ပြီးမှနဖူးတွေ့ဒူးတွေ့ အသစ်တဖန်ပြန်လည်တွေ့ဆုံခြင်းနေ့စွဲ မှတ်တမ်းများ
By Khual Pi
September 22,2024
စစ်ကိုင်း အုန်းတော ဆားတောင်(ဆိတ်ခွန်)မရောက်ခင် လမ်းဘေးယာယီတဲထိုးလေးနဲ့ဆိုင်ငယ်လေးမှာ ငါးခေါင်းမြူစွံ စွပ်ပြုတ်လေးသောက်လိုက်ရတာ အရသာအလွန်ကောင်းလိုက်ပါဘိ။ဘယ်ယိမ်းညာယိမ်းနဲ့ ကားမလှဲရုံတမယ်ထိန်းသိမ်းမောင်းနှင်ခဲ့ရပြီးကုလားအုတ်ကျောကုန်းပြင်ကြီးလိုပဲ မြင့်လိုက်နိမ့်လိုက်နဲ့(ညောင်လှ မူးဘောင်)နွားလှည်းလမ်းပေါ်မှာလည်းကားမောင်းခဲ့ဖူးပါပြီ။
(ကံထူးမ)မရောက်ခင်က (တမတော)ဆိုတဲ့အရပ်လမ်းဘေးထမင်းဆိုင်က တောတဲလေးထဲမှာအိပ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလိုနဲ့မသဲကွဲပါဘူးတစ်ညလုံးဘီလူးစီးခံ အိပ်ရေးပျက်ခဲ့ဖူးပါပြီ။
လမ်းခရီးကကြမ်းတမ်းနေပါတယ်ဆိုမှအရေးထဲမှာ ဘယ်ဖက်လက်ပြန်ကျောငုပ်နေတော့(တောဂျင်)ကအနှိပ်ကျွမ်းကျင်အဖွားရဲ့ လက်တော်နဲ့ဝေဒနာသက်သာရာ ရခဲ့ပါတယ်လမ်းကြောင်းအခြေအနေလေး နားစွင့်ရင်း(တောဂျင်)မှာ မနက်တိုင်း ကြက်ဥပလာတာနဲ့ပေါ့ဆိမ့်လ္ဘက်ရည်လေးသုံးဆောင်ရင်းနဲ့သုံးညလောက်တော့ အိပ်လိုက်ကြဦးပေါ့(တောဂျင်)မှာသုံးညလောက် ကျောခင်းပြီးခါမှခရီးကြမ်းပြန်ဆက်ကြတာ ရှေ့မှာ တသီတတန်းကြီးနဲ့
လာပါပြီ …. တွေ့ပါပြီ ….ရွံ့ဗွက်နွံအိုင်အပြည့်နဲ့ ဆိုးရွားလွန်းတဲ့ (၅၃)မိုင်စယာတိုင်ထိန်းသလို မလိုက်လာချင်တဲ့ S ကွေ့ချွေးတဒီးဒီးနဲ့ အံကြိတ်ပြီးမောင်းနှင်လာခဲ့တာပျဉ်းကိုင်း/ဇလုမ္မ ဆိုသည့်အရပ် (ဆွေသဟာ)အန်တီပြုံးရဲ့ထမင်းဆိုင်ရှေ့ကိုတော့ ရောက်လာကြပါပြီ။
ကျွန်တော်မှတ်မိသလောက်ပြောရရင်တော့ဟိုတုန်းက ပျဉ်းကိုင်းရွာထဲမှာပဲ ထမင်းဆိုင်ရှိပါသည်။ယခုအခါ ပျဉ်းကိုင်း/ဇလုမ္မဆိုတဲ့အရပ်မောက္ကတော်ချောင်းစပ်မှာထမင်းဆိုင်ပေါင်း(၁၀)ဆိုင်ထက်မက ရှိနေပါပြီ။ဟိုအရင်တုန်းက မောက္ကတော်ချောင်းစပ်သဲသောင်ပြင်ထိပ်မှာကားသမားတွေပေးလှူထားသည့် (100/200)လေးတွေလက်ခံပြီး သူ့ဟာသူ လမ်းပြင်နေရှာသည့် အသက်(70)ကျော်ဦးလတ်လွင်ဆိုသည့် ခေါင်းဖြူဦးလေးကြီးလည်း ဒေါင်ဒေါင်မြည်ပါသေးတယ် ဗျာ
(ပျဉ်းကိုင်း)ကိုရောက်လာတော့(အောင်ချမ်းသာ)ကွင်းလမ်းထဲမှာ မိုးရွာသွန်းပြီးလမ်းတအားဆိုးလွန်း၍ အတက်အဆင်း ကားတွေအစီးနှစ်ရာမက သောင်တင်နေလို့ လမ်းပိတ်ထားပါသည်။ဒီနေရာကို ကျွန်တော်တို့ရောက်နေတဲ့အချိန်ကိုယ်နဲ့ရင်းနှီးရာနီးစပ်ရာ ထမင်းဆိုင်တွေရှေ့မှာရပ်နားထားသော အတက်ကုန်တင်ကားအစီးရေတစ်ရာနီးပါးရှိပါလိမ့်မယ်လို့ ခန့်မှန်းမိပါသည်။
မိုးတွင်းကာလဖြစ်နေသည့်အတွက်လမ်းခရီးကလည်း အဖက်ဖက်ကနေခန့်မှန်းလို့မရသည့်ကာလ ဖြစ်နေသည့်အလျောက်ထင်း/မီးသွေးမီးဖို ဂက်စ်မီးဖိုတွေမှအစ စားအိုးစားခွက်ဆန် ဆီ ဆား ပဲ ငါးပိ ငါးခြောက်အစရှိသော အထားခံ စားဖွယ်များအသင့်သင့် ကားတိုင်းလိုလိုမှာ ဆောင်ထားကြရပါသည်။
လေးငါးရက်လောက်နေတော့အချို့သောကားများသည် (၈)မိုင်အထိတိုးပြီးကားသွားတန်းနေကြပါပြီ။အောင်ချမ်းသာကွင်းလမ်းထဲမှာ တစ်လနီးပါးကြာခဲ့ပြီးကြသော အသိသူငယ်ချင်းကားသမားတစ်ချို့လည်း ပျဉ်းကိုင်းကို စားနပ်ရိက္ခာအတွက် တကူးတက ဒုက္ခခံပြီးအငှါးဆိုင်ကယ်နဲ့ ပြန်လာတာတွေရှိကြပါတယ်
သူတို့တွေဆီက ပြန်လည်ပြောပြတာတွေကလဲခွန်အားရစရာတွေချည်းပါပဲ ဗျာကွင်းလမ်းထဲမှာ ရေရှားပါးတယ် သောက်ရေချိုးရေအတွက် ကားမိုးကာနဲ့ မိုးရေခံသုံးနေရတယ် ပေါ့အပေါ့အလေးစွန့်တာမှအစ ဒုက္ခများလွန်းတယ်ပတ်ဝန်းကျင် အနံ့အသက်ကလည်းဆိုးဝါးလွန်းတယ်ငရဲပြည်ကတောင် အရှူံးပေးရလောက်တယ်ဆိုပြီး ခိုင်းနှိုင်းပြောနေကြတာဆိုတော့လေကျွန်တော်တို့မှာတော့ဖြင့် ရှေ့ကိုမတိုးရသေးပါဘူးရှိထမင်း ရှိဟင်းနဲ့ ကိုယ်စီကိုယ်စီချက်ကြပြုတ်ကြ စားကြသောက်ကြရင်းတောထဲမှာ မှိုရှာ မျှစ်ရှာသွားသည့်လူနဲ့နေ့လည်နေပူကြီးထဲမှာ ခြင်းလုံးခတ်သည့်လူနဲ့အိမ်ကမိသားစု/သမီးရည်းစားကို လွမ်းနေကြသည့်လူနဲ့ဖဲကလည်းရှူံး ညတုန်းကသောက်ထားသည့် ဒဏ်လည်းခံရဆိုတော့ မှိုင်တိုင်တိုင်ဖြစ်နေကြသည့်လူနဲ့ အစုံပါပဲ
ဒီလိုနဲ့ လမ်းကြောင်းအခြေအနေကို စောင့်မျှော်ရင်းရက်တွေလည်းကြာလာတော့ တစ်ယောက်တစ်မျိုးဂေါက်တောက်တောက် ဖြစ်နေကြတော့တာပေါ့ ဗျာတစ်ချက်လေးတော့ ဝါကြွားပြီး ပြောပါရစေ ဗျာကားသမားဆိုတာ အပျင်းကြီးနေလို့မဖြစ်ပါကားသမားအများစုသည် ထမင်းချက် ဟင်းချက်ဖို့ဆိုတာမပျင်းရိသည့်အပြင် အခြေအနေအရ ကိုယ့်ပတ်ဝန်းကျင်မှာရှိသည့် အသီးအရွက်တွေမှအစ အကောင်းဆုံး အချိုမြိန်ဆုံးသော ဟင်းခွက်တမယ်အဖြစ် ချက်ပြုနိုင်ကြသည့်စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်ထားကြသည့်ဘဝသမားတွေ ဖြစ်ကြပါသည်။
နှစ်ပါတ်ကျော်ကြာခဲ့ပြီး (17.8.2024)ရက်နေ့ညသန်းခေါင်ယံအချိန်မှာ မိုးများလွန်းပါသဖြင့်ရေဦးကလေးဝမဟာမြိုင်လမ်း 67မိုင်မောက္ကတော်ချောင်းမှာ ရေကျော်ပြီးကွန်ကရက်လမ်းအစပ်ကချောင်း (တုတ်)ကမ်းပါးပြိုကျသွားပါတော့သည်။
နောက်ကြောင်းပြန်လှည့်ဖို့ဆိုတာကလည်းပျဉ်းကိုင်းနဲ့တောဂျင်ကြား တောင်ပေါ်မှာလည်း မိုးရွာသွန်းမှုကြောင့် လမ်းချော်နေပါသဖြင့်ကားလမ်းပိတ်ထားပါသည်။
ကျွန်တော်တို့နဲ့တစ်ဖွဲ့တည်းဖြစ်သည့်ဦးဖက်တီးရဲ့လက်သုံးစကားကိုတောင်သတိရမိပါရဲ့
(မှတ်ပြီလားဟေ့ မှတ်ပြီလား)
ဒီလိုနဲ့ ရှေ့လဲမတိုးသာ နောက်လဲမဆုတ်သာ မျှော်လင့်ချက်မဲ့နေသည့်အခြေအနေနဲ့ တစ်ရက်သာကုန်လွန်ဖို့ဆိုတာ အရမ်းစောင့်စားရတာပဲ ဗျာတစ်ရက်ပြီးတစ်ရက် ခရီးလမ်းကြောင်းအခြေအနေကဘာမှထူးခြားပြောင်းလဲမှုမရှိပဲ ကြာလာတော့စိတ်အနေအထိုင် ကျဥ်းကြပ်လာတယ်အရာရာကို ငြီးငွေ့စိတ်ပျက်မိလာတယ်လှောင်ပိတ်ခံမိသလို ခံစားလာတယ်လူ့စိတ်ဆိုသည်မှာလည်း စိတ်ထွက်ပေါက်တစ်ခုခုကိုအလိုလိုနဲ့ တောင့်တလာတယ်လေဒီလိုနဲ့ စိတ်ဖိစီးမှုတွေ စိတ်မွန်းကြပ်မှုတွေလျှော့ချနိုင်ဖို့အတွက် စိတ်ကူးလေးတစ်ခုရလာခဲ့ပါတယ်
ကိုယ့်ကိုယ်ကိုလည်း အကျိုးပြုပြီး အကျိုးဖြစ်စေမယ့်စိတ်ထွက်ပေါက်တစ်ခုတော့ ရှာလို့တွေ့သွားပါပြီမနက်ရော ညနေ ရော အနည်းဆုံးခြေလှမ်း(၂၀၀၀)ထိပြည့်အောင် လမ်းလျှောက်ရင်းနဲ့ စိတ်ဖြေလျှော့ကြည့်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်တကယ်လည်း လက်တွေ့အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်ခြေလှမ်း(၂၀၀၀)မကပဲနဲ့ (၅၀၀၀)(၇၀၀၀)ကျော်အထိ လျှောက်ခဲ့သည့် နေ့ရက်တွေလည်း ရှိခဲ့ဖူးပါတယ်လမ်းလျှောက်သည့်အချိန် အခိုက်အတန့်လေးဟာစိတ်အကြည်လင်ဆုံးနဲ့ အအေးချမ်းဆုံး အချိန်ပါပဲလမ်းတွေလျှောက်ရင်းနဲ့ ကားလမ်းဘေးအပင်ပေါ်ကစာဗူးတောင်းအသိုက်တွေကို သဘောကျလိုချင်နေမိပါတယ်ငှက်ကလေးတွေဆီကို စကားပြောပြီး တောင်းဆိုနေမိတယ်ဗိသုကာလက်ရာမြောက်လွန်းလှသည့် ခင်ဗျားတို့ရဲ့အသိုက်အမြုံလေးတစ်ခုလောက်ကို အမှတ်တရ သိမ်းဆည်းထားချင်လို့ စွန့်ကြဲပေးကြပါလား ပေါ့လေ
နောက်တစ်နေ့နံနက်မှာ လမ်းလျှောက်ထွက်လာတော့မယုံကြည်ရလောက်အောင် စာဗူးတောင်းငှက်သိုက်တစ်ခု အပင်အောက်မှာ အခန့်သားတွေ့နေရပါတယ်ပါးစပ်ကနေ အားနာစွာနဲ့ ငှက်ကလေးတွေကို ကျေးဇူးတင်စကားတွေ တဖွဖွနဲ့ပြောရင်း ကောက်နေမိပါတယ်ဗျာ ဒီနေ့မှာ အောင်ချမ်းသာကွင်းလမ်းထဲကနေ အဆင်းကား အစီးရေပေါင်း(100)ကျော်ကို မောက္ကတော်ရေကျော်(တုတ်)ကမ်းပါးပြိုသည့်ဟိုဖက်ကမ်းကိုစရောက်လာကြပါသည်။
(တုတ်)ကမ်းပါးပြိုသည့်နေရာ ပြုပြင်မှုမစတင်နိုင်သေးပါသဖြင့်နောက်ရက်တွေကစပြီး ယာခင်းထဲကဖြတ်သည့် သဲသောင်ပြင်ကွင်းလမ်းကနေပြီးအတက်အဆင်းအချို့ကားများကို လယ်ထွန်စက်နဲ့ဆွဲပေးနေကြပါသည်။
ကျွန်တော်တို့ကားအဖွဲ့သည် လယ်ထွန်စက်ဆွဲခ ချွေတာချင်နေတာရောတစ်ကြောင်း သဲသောင်ပြင်ကွင်းလမ်းကနေ မဆွဲနိုင်ကြပါဘူး။(တုတ်)ကမ်းပါးပြုပြင်သည့်အထိ ဆက်လက်ပြီးစောင့်နေကြဖို့ ဆုံးဖြတ်ထားကြပါသည်။ယနေ့ရက်တွေမှာ (တုတ်)ကမ်းပါးပြိုသည့်နေရာကိုအင်ပင်မျှောတိုင်လုံးကြီးတွေအထပ်ထပ်စီကာအပေါ်ကမြေဖို့ပြီး လမ်းပြုပြင်မှု စတင်နေကြပါပြီ။
ညနေပိုင်း (3:00pm) အချိန်ကနေစပြီး (တုတ်)ကမ်းပါးပြိုသည့်နေရာကို ပြုပြင်မှုပြီးစီးသွားပြီမို့လို့ အတက်ကားအစီး(50)ကျော် စတင်ပြီး တန်းနေကြပါပြီ ဗျကျွန်တော်တို့ကားလည်း သွားတန်းလိုက်တာအစီးရေ(16)စီးမြောက်မှာ နေရာရပါတယ်ကျွန်တော်တို့ထဲက ကျန်သည့်ကားတွေကတော့လာမတန်းသေးပါဘူး ခွေလို့ကောင်းနေကြတုန်းထင်ပါတယ်နောက်မှာတော့ အားလုံးလိုက်လာကြပါတယ်
ဝူး !!! ဝေါ !!! ဝူး !!! ဝေါ !!!
နင်းထား နင်းထား ပါတယ် ပါတယ် တော့နင်း တော့နင်း စယာတိုင်မခေါက်နဲ့ကားကြီးကားလေးတွေ ဗွက်ရုန်းနေသည့် အသံကားသမားအချင်းချင်း အားပေးအားမြောက်သည့်အသံအချို့ကားတွေက လေပေါင်ဖြည့်နေသည့် အသံအင်ဂျင်သံ တာဖိုသံတွေနဲ့ ဆူညံပွတ်နေတာပါပဲတစ်စီးပြီးတစ်စီး ဆွဲရင်းရုန်းရင်းနဲ့အောင်မြင်စွာနဲ့ ဟိုဖက်ကမ်းရောက်နေကြပါတယ်
ကျွန်တော့်ရှေ့မှာ(12)ဘီး တန်းသေးနှစ်စီးပြီးရင် (10)ဘီးဆီဘောက်ဆာ လေအိတ်နဲ့တစ်စီးပဲကျန်ပါတော့တယ်မကြာခင် ကိုယ့်အလှည့်ရောက်လာနိုင်ပါစေပေါ့စိတ်ထဲက ဆုတောင်းနေမိတာအချိန်က ညနေစောင်းနေပြီမကြာခင် နေဝင်မိုးချုပ်လာတော့မှာထင်သည့်အတိုင်းပါပဲလေ
ဟို တကောင့်သား ဆီဘောက်ဆာကားကြီးကလေအိတ်နဲ့ ကျွတ်ပလက်တာယာနဲ့ တန်းသေးနဲ့ဆိုတော့ အောက်ပိုင်းတွေတိုက်နေပြီး ရွှံ့ဗွက်ထဲမှာမဆွဲနိုင်မရုန်းနိုင်ဖြစ်ပြီး ပြားပြားဝပ်နေတော့တာပေါ့
လမ်းလျှောက်ရင် ထမင်းဆိုင်ကနေခြေလှမ်း (2000) တောင်မပြည့်သည့် ဒီမောက္ကတော်ချောင်းစပ်မှာ တစ်ညအိပ်နေရပါလိမ့်မယ်လို့ တစ်ခါမှမတွေးခဲ့မိတာငါ့အမှားပါပဲလေအိပ်ကြပေဦးဟေ့ မောက္ကတော်ချောင်းစပ်မှာ တစ်ညတာ
မနက်မိုးလင်းတော့ (ဆွေသဟာ)အန်တီပြုံးထမင်းဆိုင်မှာ မျက်နှာသစ်ရင်း မေ့ကျန်ခဲ့သည့် အင်္ကျီ ပုဆိုး ဓါး တွေသွားယူရင်းနဲ့ အဆာပြေတစ်ခုခုသွားစားရအောင် ဆိုပြီးခြေကျင်လျှောက်သွားကြပါတယ်
မကြာပါဘူး ဖုန်းဝင်လာပါတယ်
“အမြန်ပြန်လာကြပါဦး ခင်ဗျားတို့ရှေ့က ဗွက်နစ်နေသည့် ဆီဘောက်ဆာကားကို ထွန်စက်နဲ့ ဆွဲဖယ်ပြီး (12) နှစ်စီးလည်းဟိုဖက်ကမ်းရောက်နေကြပြီဒီမှာ ခင်ဗျားတို့ကားကို စောင့်နေတာကြာလာရင် ဟိုဖက်က အဆင်းကားတွေ ဆင်းလာတော့မှာ”
ဆိုကြလို့ ဆိုင်ထဲကနေ ကမန်းကတန်းထပြေးလာကြပြီးကားဘေး ကားရှေ့မှာလှမ်းထားသည့် အဝတ်အစားတွေတောင် မရုတ်အားတော့ပါဘူးစက်နှိုး ဂီယာထိုးပြီးကောက်ထွက်လိုက်တာတော်ပါသေးတယ် အောင်မြင်စွာနဲ့ တစ်ဖက်ကမ်းကိုရောက်သွားပါလေရဲ့ဆက်မောင်းလာခဲ့ပြီး (မြိုင်မဟာ)ထမင်းဆိုင်မှာ နောက်ကသူငယ်ချင်းကားတွေစုံအောင် စောင့်နေရပါတယ်
အားလုံးစုံကြပြီဆိုမှဆက်မောင်းလာကြရာ(8)မိုင်အလွန် မဟာမြိုင်တောကြီးထဲကလေးကျွန်းရန်အောင်စေတီတော်ဘုရားတည်ရှိရာ(ချက်မကြီး) ရွာမရောက်ခင် တောင်နှစ်လုံးအလိုလောက်မှာ အဆက်မပြတ်မိုးရွာပြီး လမ်းတအားချော်လွန်းပါသဖြင့် ညအိပ်ခဲ့ရပါသည်။
နေ့လည် (1:30pm) လောက်မှ ရာသီဥတုကောင်းလာပါသဖြင့် ခက်ခက်ခဲခဲ တောင်နှစ်လုံးကို ထပ်ဆင်းလိုက်တာနဲ့ ချောမောစွာ သက္ကယ်ကျင်း – ဖောင်းပြင်လမ်းပေါ်က ဘုရားကြီးရှေ့ကို ရောက်လာနိုင်ကြပါပြီ။
ကျန်သည့် ကင်တာကားတွေက နောက်ရက် ထွန်စက်နဲ့ဆွဲပြီးရောက်လာကြပါသည်။ဒီလမ်းဒီခရီးမှာ ကင်တာကားတွေလိုကားအောက်ပိုင်းနိမ့်သည့်ကားတွေက အရမ်းသနားဖို့ကောင်းပါသည်။ကားဝန်ရိုးတန်းနဲ့ ရွှံ့ဗွက်နွံအိုင်နဲ့ တစ်လမ်းလုံးတိုက်လာပြီးဒုက္ခများလွန်းပါသည်။
နာမည်ကြီးပြီး ကြက်သီးထနေရသည့်အောင်ချမ်းသာကွင်းလမ်းထဲကို မရောက်နိုင်ကြသေးပါရွာထဲမှာ လ္ဘက်ရည်ဆိုင်ရှိပါသည်။
အီကြာကွေး ပလာတာတွေလည်းရပါသည်။နောက်ဘေးအိမ်သာသွားလို့လည်း အဆင်ပြေပါသည်ဒါပေမယ့် စည်းမျဥ်းစည်းကမ်းထုတ်ပြန်ထားကြပါသည်
(ရေ ရှားသည် လူလိုသိပါ ) တဲ့မီးသွေးခဲနဲ့ ရေးထားကြတာပါတွင်းရေရှားပါသည်။ မိုးတွင်းကာလ ချိုင့်ဝှမ်းထဲမှာအိုင်နေသည့် ရေကိုချိုးရေအဖြစ် အများပြည်သူအသုံးပြုနေကြရပါသည်။
ဘုန်းကြီးကျောင်းထဲက အဝီစိရေကို အများပြည်သူသောက်သုံးဖို့ ရေကုသိုလ်လုပ်ပေးကြပါသည်။မှတ်မှတ်ရရ အားလုံးစုပေါင်းပြီးဝယ်ယူချက်ပြုတ်ထားသည့် တောဝက်သား (2)ပိဿ ရွာထဲကခွေးတွေညတုန်းက စားသွားကြလို့ မနက်မိုးလင်းတော့ အိုးတွေမှောက်လျက်နဲ့အကုန် ပြောင်သွားရောလားအခုထိနှမြောလို့ကိုမဆုံးဘူး ဗျာ
အောင်ချမ်းသာကွင်းလမ်းထဲမှာ အဆင်းကားတစ်စီးလှဲနေလို့ ကားတွေ ပိတ်နေတာ (4)ရက်စောင့်ပြီးအဆင်းကားကြီးကားလေးတွေ ရောက်လာပြီးမှအတက်ကားအစီး (30) လွတ်သည့်ထဲမှာ ကျွန်တော်တို့ကားလည်း ပါတယ်ဗျာဒီနေရာကနေ ကျွန်တော်တို့(6)စီးအဖွဲ့မှကင်တာကားအုပ်စုကို လမ်းခရီးခက်ခံမှုကြောင့်ကားအနိမ့်အမြင့် မတူညီတာကြောင့်မထားခဲ့ချင်ပဲ ထားခဲ့လိုက်ရပါတော့သည်။
မောင်းပေတော့လေ အောင်ချမ်းသာကွင်းလမ်း ကားတိုင်းလိုလို ကွင်းလမ်းထဲ စစပြီးဝင်တာနဲ့တာဝါတိုင်နား ဗွက်တန်းထဲကိုထွန်စက်နဲ့ စတင်မိတ်ဆက်ဆွဲရတော့တာပဲ (3) မိုင်သာသာလောက်ပဲ မောင်းရပါသေးတယ်အရှေ့ကမောင်းသည့်ကားတွေ ဗွက်နစ်နေလို့ဆိုပြီးညအိပ်ဖို့ ဖြစ်လာပြန်တယ်
မနက်(9:00am)ကနေ ရှေ့တိုးပြီး ရုန်းလိုက်ကြရတာတစ်နေကုန်ပဲ ည(8:30pm) မှာ (မီးလောင်တဲ) ဆိုသည့်နေရာမှာ တစ်ခါညအိပ်ရပြန်တယ်
(9.9.2024)
မနက်ကတည်းက ထွန်စက် လေးငါးစီးနဲ့ တစ်စီးပြီးတစ်စီး ဆွဲနေကြတာ (12)ဘီးတစ်စီးက ကရောင်းကြွေသွားတာဝမ်းကရောင်းနဲ့ ဘယ်လိုမှ မရုန်းနိုင်လို့ထွန်စက်သမားတွေလည်း ဒီကားတစ်စီးနဲ့ကို တစ်နေကုန်နီးပါးပါပဲကားသမားတစ်ယောက်အနေနဲ့ သိတတ်မယ်ဆိုရင်ကိုယ်မောင်းသည့်ကား ကြံ့ခိုင်မှုအားနည်းနေမှန်းသိနေရင်လမ်းဘေးဖယ်ပေးပြီး ကိုယ့်နောက်က ကားတွေပေးကျော်လိုက်တာဟာ ကိုယ့်ရဲ့လူသားဆန်မှုပါပဲလေ ညနေပိုင်း (2:30pm)အချိန်လောက်မှာ ကရောင်းကြွေနေသည့်ကားကြီးကို လမ်းဘေးချပြီး သူ့နောက်ကကျန်နေသည့် ကျွန်တော်တို့ကား (16)စီးလည်း ရှေ့ခရီးဆက်လို့ရသွားတာပေါ့ ဗျာ
ရွှံ့ဗွက်ရေအိုင်တွေထဲမှာ ပတ္တလားလို သစ်လုံးမျှောတုံးတွေ ခင်းထားသည့် လမ်းကြမ်းကြီးတွေ
ချွေးတဒီးဒီးနဲ့ အံကြိတ်ကာ ရုန်းရင်း မောင်းရင်း ညနေ (6:30pm) အချိန်ရောက်လာတော့ (ဘဲကြီးတဲ)ဆိုသည့်နေရာ မရောက်ခင် (4)ဖာလုံလောက်အလိုမှာညအိပ်ဖို့ နားခဲ့ရပြန်တယ် နီးနားက လ္ဘက်ရည်အရောင်နဲ့ ခပ်ဆင်ဆင်ရေကန်အိုင်ကြီးမှာ မနေနိုင်လို့ ရေသွားချိုးခဲ့ပါသေးတယ်လမ်းတစ်လျှောက်လုံး မပါမဖြစ် စားနေကျစပယ်ရှယ်ဟင်းမီနိုကတော့ ရာသီချိန် (ဝါးပိုးမျှစ်ဟင်း)ပါပဲ ဗျာ
မနက်မိုးလင်းပြီး ရှေ့ (4)ဖာလုံလောက် ဆက်မောင်းလိုက်တော့ ကွင်းလမ်းထဲကို အတူတူလွတ်လိုက်သည့် ကိုယ့ရှေ့ကကားတွေ အကုန်လုံး ဒီနေရာရောက်မှ ပြန်မှီလာတာဖြစ်ပါတယ်ဆင်းလာသည့် fuso fighter မှန်လုံကားတစ်စီးကဗွက်နစ်နေတာပါ ကားနဲ့ပတ်သက်သည့်ဘယ်သူတစ်ယောက်မှလည်း ကားနားမှာရှိမနေကြတော့ပါဘူးအဲဒါနဲ့ မှန်လုံကားဘေးကနေ ထွန်စက်သမားတွေကကွင်းလမ်းအသစ်ဖောက်နေကြတာ ဖြစ်ပါတယ်
လမ်းသစ်ဖောက်ပြီးတာနဲ့ အဆင်းကားကြီး လေးငါးစီးဖြတ်ပြီးခါမှ ထွန်စက် သုံးလေးစီးတန်းပြီး အတက်ကားတွေ တစ်စီးပြီးတစ်စီးဆွဲပေးနေပါတယ်အစီးရေ (16)စီးလောက်ဆွဲအပြီး ညနေစောင်းမိုးချုပ်လာတော့ ဒီနေရာမှာ ညအိပ်ဖို့ဖြစ်လာပြန်ပါတယ်
မနက် (9:00am) အချိန်လောက်မှာ လက်ကျန်ကားတွေ တစ်စီးပြီးတစ်စီးဆွဲရင်း ကျွန်တော်တို့ကားအလှည့်ရောက်တော့ ကားဆွဲသည့်ချိန်းကြိုးကြီးပျက်ထွက်သွားပြီး ထွန်စက်ပေါ်က စပယ်ယာလေးပြုတ်ကျသွားတာ တစ်ထွာစာလောက်ထွန်စက်ဘီးသာ ဆက်လိမ့်လိုက်ရင်ဖြင့် မတွေးရဲစရာပါပဲ ဗျာမိုးကလည်း အဆက်မပြတ်ရွာနေတုန်းပဲ
ညနေစောင်းတော့ ကွင်းလမ်းထဲမှာ ကလေးဝဖက်နဲ့ အနီးဆုံး နောက်ဆုံး(တဲ)ရှိသည့်နေရာကို ရောက်နိုင်ကြပါပြီ။ညအိပ်အနားယူဖို့တဖန် ဖြစ်လာပြန်ပြီ။မနက်ပိုင်း (10:00am)အချိန် ထွန်စက်သမားတွေရောက်လာကြတော့ လက်ကျန်ဗွက်တောနွံအိုင်ထဲကနေ ထုံးစံအတိုင်း တစ်စီးပြီးတစ်စီးဆွဲပေးကာကွင်းလမ်းထိပ် ခရီးဆုံးအထိ တာဝန်ကျေကျေနဲ့ ပို့ဆောင်ပေးကြပါတယ် ဗျာကွင်းလမ်းထဲကို ကျော်ပြီး ကွန်ကရစ်လမ်းပေါ်ပြန်မောင်းလိုက်တာနဲ့ လေထိုးကျွတ်ဖာဆိုင်နဲ့တွဲသည့်ကော်ဖီဆိုင်လေးမှာ ကော်ဖီ/အအေးသောက်ရင်းခဏအနားယူကြပါတယ်
အဲဒီမှာဆိုင်ရှင်အစ်မကြီးပြောလိုက်သည့်စကားက အရမ်းမှန်ပါတယ်ကွင်းလမ်းထဲကလွတ်လာပြီဆိုပြီး အရမ်းမပျော်ကြပါနဲ့ဦး ရှေ့မှာ အခန့်မသင့်ရင် လှဲနိုင်ပြုနိုင်သည့် နေရာတွေ ကျန်သေးတယ် နော်ကိုယ့်ဟာကိုယ်ရုန်းပြီးမောင်းနှင်ရမယ့် ဗွက်တန်းတွေ အများကြီးကျန်ပါသေးတယ် တဲ့မိုးဖွဲဖွဲလေးကျလာတော့ မိုးမများခင် ခရီးဆက်ကြရအောင် ဆိုပြီး ခရီးပြန်ဆက်လာကြရာ
ချောင်ဆုံရွာမရောက်ခင်(မီးလောင်တံတား)ဆိုသည့် အဆင်းနေရာဟာကွန်ကရစ်က အပြတ်ကြီးပါမြွေလိမ်မြွေကောက် ဆင်းရမည်တံတားက အောက်ထဲမှာပါမိုးလေးရွာထားတော့ လမ်းချော်နေသည်အက်ဇောဘရိတ်နဲ့တွဲပြီး တလှိမ့်ချင်းဆင်းပါသည်မရပါ ညာဖက်နောက်ဘီးချော်ကျပြီး ကားကြီးကတစောင်းကြီး ဖြစ်နေပါပြီ
မိုးကလည်း အားကောင်းလာပါသည်ဘယ်ဖက်ဘီးကို အတတ်နိုင်ဆုံးလိုဏ်ကျင်းလေးတူးပြီးနင်းချပစ်လိုက်တာ တော်ပါသေးတယ်တံတားဆီကို ဦးတည်ပြီးတည့်မတ်လာပါသည်။ကိုယ်နောက်က ကိုဖိုးသီးတို့ L6 (10)ဘီးကားအိုကြီးအလှည့်ရောက်လာတော့ မြေဖို့ ဘာညာလုပ်ကြပြီး ဆင်းလာခိုင်းပါသည်
အရှေ့ကနေပြီး ဘယ်ယူညာယူ ပြပေးကြပါသည်မရပါ ကျွန်တော့်တုန်းကလိုပဲ ညာဖက်ဘီးချော်ဘယ်ဘက်ဘီးထောင်တက်လာပြီး မျက်စိတမှိတ်အတွင်းမှာကမ်းပါးယံကိုမှီပြီး စိတ်မကောင်းစရာ စလူးမိုးရှင်းလေးနဲ့ လှဲချသွားတော့တာပဲ ဗျာ
(အိုးစားဖက်)
တစ်လမ်းလုံးအတူတူချက်စားပြီးအတူတူခရီးနှင်လာခဲ့ကြတာ ဒီလိုအရေးကြုံမှတော့ တစ်ကိုယ်ကောင်းစံစိတ်နဲ့ ထားခဲ့ဖို့ဆိုတာဘယ်လိုစိတ်ထားနဲ့မှ မဖြစ်နိုင်ပါဘူး ဗျာအရင်ဦးဆုံး ကားဘထ္ထရီတွေဖြုတ်ကြညကြီးမိုးလည်းချုပ်နေပြီဆိုတော့ကျွန်တော့်ကားနဲ့ ရှေ့ကချောင်းဆုံရွာထမင်းဆိုင်ထိအရောက်သွားကြမယ်ရွာသူရွာသားတွေအကူအညီတောင်းပြီး ကုန်ချပြီးဝိတ်လျှော့မှသာ ကားကြီးပြန်ထောင်လို့ အဆင်ပြေနိုင်မှာဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။
ထမင်းဆိုင်ရောက်တော့ ဆိုင်ရှင်အမေကြီးကအစစအရာရာ ကူညီပေးလို့ ညတွင်းချင်း ကုန်ချလို့ပြီးစီးနိုင်ပါသည်။တစ်ညလုံးမိုးရွာသွန်းနေပါသည်။မနက်မိုးလင်းတော့ မိုးရွာနေတုန်းပါပဲချောင်းဆုံက ထွန်စက်တစ်စီးရယ်မဟာမြိုင်တောထဲကို ကားအင်ဂျင်လာပို့ပေးသည့် ကလေးမြို USTက ကရိန်းနဲ့ ဝိုင်းဝန်းပူးပေါင်းပြီး ညနေပိုင်း (4:30pm) အချိန်လောက်မှာ ကားကြီး ပြန်ထောင်နိုင်ကြပါသည်။ထမင်းဆိုင်ရှေ့ ကားပေါ်မှာပဲ တစ်ညတာအနားယူခဲ့ရပါ
မနက်မိုးလင်းတော့ ကျွန်တော်တို့ကားက ဘထ္ထရီအိုးနှစ်လုံးဖြုတ်ပေးကာ ကိုဖိုးသီးတို့ L6 ကားအိုကြီးကို စက်နှိုးပြီး ထမင်းဆိုင်ထိမောင်းလာခဲ့ကြပါသည်။
ကျွန်တော်တို့မှာလည်း လမ်းကြောင်းပေါ်မှာနှစ်လနီးပါး ကြန့်ကြာသွားခဲ့ပြီဖြစ်သည့်အတွက်ဂိတ်ကနေလည်း ခဏခဏဖုန်းဆက်နေကြပြီဖြစ်သောကြောင့် နားလည်ပေးကြပါရန် အချင်းချင်းပြောပြကြပြီး သူတို့ကို ထားခဲ့ကာ ချောင်းဆုံရွာကနေကျွန်တော်တို့တစ်စီးတည်းသာ ယုဇလယ် ဘင်္ဂလား အစရှိသော ဗွက်တန်းများစွာကို ရင်တမမနဲ့ ဖြတ်ကျော်မောင်းနှင်လာရင်းကိုယ့်ရဲ့ဌါနီ မိသားစုရှိရာ ကလေးမြို့ဆီကိုညနေ(6:00pm) ကျော်အချိန်လောက်မှာ ချောမောစွာနဲ့ ရောက်ရှိနိုင်ကြပါသည်။