ချင်းပြည်နယ် မတူပီမြို့မှာ နေရပ်ပြန်လာပြီး ပစ္စည်းခိုးတာမျိုးတွေရှိခဲ့တာကြောင့် မြို့တွင်း ပြန်လာမယ့် သူတွေကို လက်ရှိအခြေအနေအရ မြို့ပေါ် အိမ်ကပစ္စည်းတွေကိုရွာဖက် သယ်တာမျိုးကိုကန့်သတ်ထားကြောင်း၊အိမ်စောင့်နိုင်တဲ့သူတွေကိုသာ ဦးစားပေးလက်ခံနေရကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ကပြောရေးဆိုခွင့်ရှိသူ Ko Boi Uk ကပြောပါတယ်။
မတူပီမြို့ထဲခဏဝင်ပြီး အိမ်ရှင်းသလိုလိုနဲ့ ရပ်ကွက်ထဲမှာ ဘယ်သူ့ပစ္စည်းမှန်းမသိ ယူပြီး ရွာဖက်ကို အလုံးအရင်းသယ်သွားတာမျိုးတွေ ရှိခဲ့ပြီး ဒါမျိုး ထပ်မဖြစ်ရလေအောင် အတည်နေပြီးအိမ်စောင့်နိုင်တဲ့ သူတွေကို ဦးစားပေးဝင်ရောက်ခွင့်ပေးနေတယ်လို့ သိရပါတယ်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၁) ကပြောရေးဆိုခွင့်ရှိသူKo Boi Uk က“မြို့ထဲက ရပ်ကွက်တွေထဲသွားပြီး ပစ္စည်းယူတာမျိုး အစကရှိလို့ ကိုယ့်အိမ်မဟုတ်ရင် ဝင်ခွင့်မပေးဘူး၊ အိမ်မှာအတည်နေမယ်၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်ထဲ လူရှိရင် မြို့တွင်းလုံခြုံရေးတပ်ဖွဲ့တွေ လက်လှမ်းမမီတဲ့နေ နေအိမ်တွေ ရပ်ကွက်တွေမှာ လူရှိနေရင် စတာတွေကြောင့် တရားဥပဒေစိုးမိုးရေး ပိုအားကောင်းအောင် အကန့်အသတ်နဲ့သာ လက်ခံရတဲ့ အနေထားလို့” လို့ပြောပါတယ်။
ရွာဘက်ကနေလာပြီး အိမ်ရှင်မရှိတဲ့ နေအိမ်က ပစ္စည်းတွေကို ရွာဘက်ကို ပြန်သယ်ဆောင်တာမျိုးတွေ ရှိခဲ့တာကြောင့် အလည်လာ ပစ္စည်းတင်ပြီး ရွာဘက်ပြန်သွားတာတွေကို ခဏလေး ကန့်သတ်တဲ့ သဘောဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဒေသခံအနည်းငယ်သာ မတူပီမြို့ကို ပြန်လာနိုင်သေးတာဖြစ်ပြီး အများစုကတော့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ၊ ခရီးစရိတ်တွေ စျေးကြီးတာတွေအပါအဝင် လုံခြုံရေးအရ စိုးရိမ်တာ၊ စတာတွေကြောင့် ပြည်တွင်းပြည်ပမှာ စစ်ဘေးရှောင်နေတဲ့ မတူပီဒေသခံ အများစုကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။
CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတူပီမြို့တွင်းက စစ်ကောင်စီတပ်စခန်းတွေ အားလုံးကို ဇွန်လ ၂၉ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ထားပြီး ပြည်သူတွေ ပြန်လည်နေထိုင်ခွင့်ပြုတော့မယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ပြီးတဲ့နောက် မတူပီမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတချို့ မြို့ကို ပြန်ရောက်လာသူတွေ ရှိခဲ့ပါတယ်။