ချင်းပြည်နယ် မတူပီမြို့ပေါ်မှာ စစ်ဘေးရှောင်ရာကနေ ပြန်ရောက်လာတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူမနေအိမ်မှာ ရောဂါအခံနဲ့ ဒီကနေ့စက်တင်ဘာလ ၁၆ ရက်မနက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ သြဂုတ်လ ကုန်ပိုင်းလောက်မှာ စစ်ဘေးရှောင်ရာကနေ မတူပီမြို့က သူ့နေအိမ်ကို ပြန်လာနေထိုင်ခဲ့သူဖြစ်ပြီး သူ့မှာ သွေးတိုးရောဂါအခံ ရှိတယ်လို့လည်း မတူပီဒေသခံတွေဆီကနေ သိရပါတယ်။
မတူပီဒေသခံ ၁ ဦး က “ ဒီကနေ့ မနက်ပိုင်းမှာ သူနေအိမ်မှာ သေဆုံးတယ်လို့ သိရပါတယ် သူ့မှာ သွေးတိုးရောဂါခံလည်း ရှိတာကြောင့် အဲဒီရောဂါကြောင့် ဆုံးတာဖြစ်နိုင်တယ်လို့ နီးစပ်သူတွေက ပြောတယ်” လို့ပြောပါတယ်။
သေဆုံးသူ ဒေါ်တလန်ဒိန်းဟာ မတူပီမြို့ အ.ထ.က (၁) ကျောင်းမှာ အလယ်တန်းပြကျောင်းဆရာမဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်သူလည်းဖြစ်တယ်လို့ သိရပါတယ်။
မတူပီမြို့ကို CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ အသစ်ပြန်ဖွဲ့စည်းထားတဲ့မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ထားပြီး ပြည်သူတွေ ပြန်လည်နေထိုင်ခွင့်ပြုတော့မယ်လို့ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ပြီးတဲ့နောက် မတူပီမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူတချို့ မြို့ကို ပြန်ရောက်လာသူတွေ ရှိခဲ့ပါတယ်။