Headlines

နေပြည်တော်က အရှိုချင်းလူမျိုးအမျိုးသား ၇၀ ကျော်ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ပြင်ဆင်ထားဖို့ ပြောကာ ပြန်လွှတ်ပေးတယ်လို့ သိရ

စက်တင်ဘာလ ၂၁ ရက်။

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ကျောက်အိုးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ အရှိုချင်းလူမျိုး အမျိုးသားအယောက် ၇၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာလ ၁၉ ရက်နေ့မှာ နေပြည်တော်ခေါ်ဆောင်သွားပြီး စစ်မှုထမ်းရမယ့်အကြောင်းကိစ္စတွေပြောကာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒေသခံတစ်ဦးက “လွတ်တာက အကုန်လုံးပြန်လွှတ်လာတယ် ဒါပေမယ့် စစ်ကောင်စီက အပေါ်ကနေ ယူနီဖောင်းတွေပြန်ချပေးတဲ့အခါကြရင် ၂ ပတ်လောက် စစ်ပညာ တက်ရမယ်တဲ့ နေရာနဲ့ အချိန်ကိုတော့ အတိအကျမသိရသေးဘူး ပြီးတော့ ၇၀ ကျော်ထဲကနေ အယောက် ၂၀ ကိုတော့ အရံ ကျန်တဲ့ အယောက် ၅၀ ကိုတော့ အမာခံလူဆိုပြီး စစ်ကောင်စီကခွဲပေးတယ် စစ်သင်တန်းကိုတော့ အယောက် ၇၀ လုံးတက်ရမယ် သင်တန်းဆင်းပြီးတဲ့အခါကြရင် အရံလူကိုကြတော့ လစာငါးသောင်းပေးမယ် စစ်တော့မတိုက်ခိုင်းသေးဘူး ကိုယ့်ရွာမှာ လွတ်လွတ်လပ်လပ်နေ သူတို့ခေါ်လာတဲ့ချိန် အချိန်မရွေးပေါ့ ချက်ခြင်းလာရမယ် အမာခံလူကိုကြတော့ လစာ ၂ သိန်းပေးမယ်ပေါ့ စစ်ကောင်စီခေါ်ရင် အချိန်မရွေးတာဝန်ထမ်းဆောင်ရမယ် သူတို့တွေကြတော့စစ်သင်တန်းကို ဘယ်မှာပေးမလဲဆိုတာမပြောသေးဘူး အခုလောလောဆယ်တော့ အဲလိုပြောပြီးမှ ပြန်လွှတ်ပေးတယ် ” လို့ပြောပါတယ်။

စစ်မှုထမ်းဖို့ အသက်ရွယ် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို အုပ်ချုပ်ရေးမှူးတွေက မတ်လ ပထမ အပတ်ကတည်းက စာရင်းကောက်ခဲ့တာကြောင့် ဒေသခံလူငယ်အများစု စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ ဧပြီလမှာ ထပ်မံပြီး အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ထိ စစ်မှုထမ်းဖို့ စာရင်းထပ်မံကောက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်မှုထမ်းဖို့ ခေါ်ခံရတဲ့ ကျောက်အိုးရွာဟာ ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာလည်းဖြစ်ပြီး ရေဘေးကြောင့် အကူအညီတွေ များစွာလိုအပ်နေတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *