(တီးတိန်တိုက်ပွဲကြောင့် နေအိမ် မီးလောင်ပြာကျခဲ့သည့် အဝတ်တထည် ကိုယ်တထည်ဖြင့် စစ်ရှောင်ခဲ့ရသည့် ဂီတသမား သူငယ်ချင်း တစ်ယောက်၏ ဖြစ်ရပ်မှန် အပေါ် အခြေခံ ရေးသားထားခြင်း ဖြစ်သည်)
(5/6/2024)
ကိုဇံ (ချင်းတောင်)
နေ့ရက် နှင့် အချိန် အတိအကျ ပြောရရင် မေလ ၂၆ ရက်နေ့ည ညနေ ၉ နာရီ ကျော်ကျော် အချိန် ဖြစ်သည်။ သားဖြစ်သူ အိပ်ချင်လို့ ဂျီကျလာတာမို့ စပ်လက်စ သီချင်းကို အပြီး မသတ် ဖြစ်ဘဲ လက်ခတ်ကို ဘောင်းဘီ အိတ်ကပ်ထဲထည့်၊ လွန်ခဲ့တဲ့ နှစ်လ လောက်က ဝယ်ခဲ့သည့် ဂစ်တာ အသစ်ကြီးကို နံရံပေါ် ချိတ်တင်လိုက်သည်။ မိန်းမ ဖြစ်သူ ချီထားသည့် သားလေးကို လိုက်ချော့ဖို့ ဧည့်ခန်းဖက်ကို ထွက်လာခဲ့သည်။ သားလေးဆီ မရောက်သေး၊ လက်နက်ကြီးတွေ တရစပ် ပစ်ခတ် ကြတာကြောင့် အိပ်ချင်လို့ဂျီကျ နေသော သားလေး ခမျာ အိမ်ပါ တုန်ဟီးသွားစေသည့် လက်နက်ကြီးသံ ပြန်တိတ်ဆိတ်တာ နဲ့ ငိုသံလည်း တိတ်ဆိတ် သွားခဲ့သည်။ ထိတ်လန့်နေသော သူငယ်လေးကို အမေ့ ရင်ခွင်ကနေ အဖွား ဖြစ်သူက လက်လွှဲယူကာ ရင်ဝယ်ပိုက်ကာ ဖက်ပွေ့လိုက်သည်။ မြေးလေးကို သိပ်ချစ်ခဲ့သူ အဖွားခမျာ ချွေးမကို တောင် စိတ်မချ။ အိမ်သား အားလုံး တစက်မှ အိပ်မရ။ သန်းခေါင် ကျော်တော့ ပစ်ခတ်သံတွေက ခဏ ရပ်ခဲ့သည်။
သေနတ်သံတွေ တိတ်ဆိတ်သွားတော့၊ ဖုန်းပြောသံတွေ နေရာစုံ ကနေ သဲ့သဲ့ ကြားကြရသည်။ ကြိုတင် မျှော်လင့် မထားမိသော တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့ခံအားလုံး ဗျာများခဲ့ရသည်။ မြို့ထဲတွင် ဆက်နေမည်လား။ စစ်ရှောင်ဖို့ ထွက်သွားရမည်လား။ အချင်းချင်း မေးမြန်း ကြရင်း မနက် ပထမ ကြက်တွန်ချိန် ရောက်လာတော့ သေနတ်သံတွေ တရစပ် ထွက်လာခဲ့ ပြန်သည်။ ကလေးမြို့ ဘက်သွားသည့် မြို့အထွက်တွင် လူတွေ တန်းစီ ထွက်ပြေးကြသည်။ မနက်ရောင်နီ တက်လာတော့ မြို့ထက်တွင် တိုက်လေယာဉ်မျိုးစုံ ဝဲတက်လာပြီး ဗုံးသီးတွေ ကြဲချ လာခဲ့သည်။
အိပ်မရတာချင်း အတူတူ မို့ စစ်ရှောင်ဖို့ သူတို့မိသားစုလည်း စစ်ရှောင်ဖို့ အထုပ်အပိုးတွေ ပြင်ဆင်ရသည်။ အထုပ်အပိုးဟုသာ ပြောရသည်။ ကလေး အတွက် မရှိမဖြစ် အသုံးအဆောင်တွေက ခပ်များများ။ လူကြီးတွေ အတွက် ထည့်ဖြစ်တာက နည်းနည်း။ မနက်ပိုင်း ရောက်လေ သေနတ်သံက ပိုဆူညံလေ။ အိမ်မှာ ရှိတာက ဆိုင်ကယ် တစ်စီးတည်းမို့ မိသားစု လေးယောက်လုံး စီးလို့ မဖြစ်။ ကလေးမြို့ဘက် စစ်ရှောင်မည့် ကား လိုက်ရှာရ ပြန်သည်။ ကားလိုက်ရှာတယ်သာ ဆိုရသည်၊ အပြင် ထွက်ပြီး လိုက်ရှာတာမျိုး မဟုတ်။ သူတို့ နဲ့ နီးစပ်တဲ့ ကားကို ဖုန်းဖြင့် လိုက်မေး လိုက်ရသည်။
မိုးလင်းတော့ ဖုန်းတွေ တစ်ခုပြီး တစ်ခု ဝင်လာသည်။ တိုက်ပွဲ လွတ်သည့် ရပ်ကွက် ဘက်က အသိတွေရဲ့ ကားတွေ တစ်စီးပြီး တစ်စီး မြို့ထဲကနေ ထွက်သွားကြသည့် အကြောင်းချည်း သူ့ဆီလာပြောကြသည်။ စစ်တပ်ဘက်မှ စခန်း ချသည့် တောင်ကုန်း အောက်နား တောင်ကျောမှာ နေကြတာမို့ အပြင်ထွက်လို့ မရ ဖြစ်ခဲ့ရသည်။ လေယာဉ်သံ၊ ဗုံးပေါက်ကွဲသံ နှင့် လက်နက်ကြီးသံ တွေကလည်း မပြတ်ခဲ့ပေ။ တကယ်တော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့အိမ် အထက်နားရှိ တောင်ကုန်းပေါ်က စစ်တပ်၏ စစ်စခန်း တစ်ခုကို သိမ်းခဲ့ခြင်း ဖြစ်သည်။ သူတို့ အိမ်အောက်ဖက်၊ တောင်ကျောလေး အတိုင်း ဆင်းသွားသည့် လမ်းမ တဖက်တွင် ရဲစခန်း က ရှိသေးသည်မို့ အရှေ့အနောက် ထွက်ပေါက် အားလုံး ပိတ်သွားခဲ့သည်။
မနက် ၁၀ နာရီ လောက် ရောက်တော့ အပြန်အလှန် ပစ်ခတ်သံတွေ ခဏ ရပ်တန့်သွားခဲ့သည်။ ကလေးမြို့ဆင်းမည့် ကားစာရင်းထဲမှာမှ မထွက်နိုင်သေးသည့် ကားတွေကို ဖုန်း လိုက်ဆက်ကြည့်သည်။ ကား အားလုံးက စထွက် ဖို့ တာစူ နေပြီမို့ ဘာလုပ်ရမှန်း မသိ။ ထုပ်ပိုးထားသည့် အိတ်များထဲမှ သယ်နိုင် သလောက် ဆိုင်ကယ်ပေါ် တင်ကြည့်သည်။ လူစီးမည့် နေရာ မကျန်တော့၊ ဘာလုပ်ရမှန်း မသိ။ ကလေး နှင့် မိန်းမကို အိမ်မှာ ခဏထားခဲ့ပြီး အမေ့ကို လိုက်ပို့ဖို့ စဉ်းစားကြည့်သည်။ မတော်လို့ တိုက်ပွဲ ဆက်ဖြစ်ပြီး အိမ် ပြန်ဝင် မရလျှင် ပို ဒုက္ခရောက်မည်။ မဖြစ်။ သူငယ်ချင်း တစ်ယောက် ဆိုင်ကယ် နှင့် ရောက်ချ လာသည်။ “နင်တို့လည်း ပြေးကြမယ် မလား။ ဘယ်ထိ လိုက်ပို့ပေး ရမလဲ”တဲ့။
အထုပ်တွေ တင်နိုင် သလောက် တင်ပြီး သူငယ်ချင်း ဆိုင်ကယ် နှင့် အမေ့ကို သူလိုက်မည့် ကားဆီလိုက်ပို့ ခိုင်းလိုက်သည်။ ပြီးတာနှင့် သူ့ ဆိုင်ကယ်ပေါ် အထုတ်တွေ၊ လက်လှမ်းမှီရာ ပစ္စည်းတွေ အကုန်တင် လိုက်သည်။ လူစီးဖို့ နေရာချန် ထားခဲ့ပြီး အိမ် တံခါးကို ပိတ်ဖို့ လုပ်တော့ မိမိ မိခင် ဘာသာစကားသို့ ဘာသာပြန် ဖြစ်သည့် စာအုပ်လေး တင်ထားသည့် စာအုပ်စင် ဘေးက နံရံပေါ် ချိတ်ဆွဲ ထားသည့် ဂစ်တာကို တချက် လှည့်ကြည့် ဖြစ်သေးသည်။ အခြေအနေ ကောင်းလာရင် ပြန်ဆုံကြမှာပါ ဆိုပြီး၊ တံခါးကို ပိတ်၊ သော့ခတ် လိုက်ပြီး ဆိုင်ကယ် စက်နှိုးကာ မိန်းမ နှင့် သားလေးကို တင်၊ ကလေးမြို့ ဘက်ကို နှင်ပြီး သူထွက်သွားခဲ့သည်။
လမ်းမပေါ် ရောက်တော့ ကားရော၊ ဆိုင်ကယ်ပါ လမ်းမ အပြည့်၊ မိုင်ကုန်တင် ပြီး ပြေးလွှား နေကြသည်။ တီးတိန်မြို့ အထွက်ရှိ ဆဲဇန် ရွာကို အကျော်ရှိ ဆိုင်းမွာလ် ခေါ် တောင်ကုန်းကို ရောက်ခါနီးမှ အရှိန် လျော့မောင်း ခဲ့သည်။ ဆိုင်းမွာလ် တောင်ကုန်းလေးသည် ကားလမ်းကို တောင်ကျော၏ အရှေ့ဘက် မှ အနောက်ဘက် ဖောက်ထွက်သည့် နေရာလေး ဖြစ်သည်။ ကလေးမြို့ကနေ တီးတိန်ကို တက်သွားရင် မြို့ကို ပထမဆုံး လှမ်းမြင်ရသည့် တောင်ကုန်းလေး ဖြစ်သည်။ အဲနေရာ ရောက်တော့ လူတွေက ထောင် နဲ့ချီ ရောက် နှင့် နေပြီ။ ဖုန်းတွေ တဂွန်ဂွန် ဆက်ကြသည်။ ဟို ဆွေမျိုး၊ ဒီ မိတ်ဆွေ စုံသလား မေးမြန်း ကြသည်။ နီးစပ်ရာတွေ စုံရင် ကလေးမြို့ဘက်ကို စထွက် ကြသည်။
သူအမေ စီးသည့် ကားရောက်လာတော့ သူတို့လည်း စထွက် ဖြစ်ကြသည်။ တောင်ပေါ်လမ်း၏ ကွေ့ကောက်သော လမ်းကျော တစ်လျှောက်တွင် လူတွေ ပြည့်ကျပ်နေ ပြီး ယာဉ် အပေါင်းတို့သည် ကလေးမြို့ဘက်ဆီ ရွေ့လျား နေသည်။ တီးတိန်မြို့ဘက် ဦးတည်သည့် ခရီးသွားက မရှိ။ မိုင် နဲ့ချီသည့် ယာဉ်တန်းကြီးထဲ ကနေ ကိုယ်လွှတ်ရုန်း ပြီး အရှိန်တင် မောင်းလို့ မရသလို၊ သူများထား နှေးပြီး မောင်း လို့လည်း မရ။ တအိအိ ဖြင့် ရွေ့လျား နေသည်။ လပေါင်းများစွာ ပိတ်ထားသော သိုင်းငင်း လမ်းကို ဒေသ ပြည်သူ့ကာကွယ်ရေး အဖွဲ့က စစ်ရှောင်များ အတွက် ဖွင့်ပေးလိုက်တာမို့ ယာဉ်တန်းကြီး အနေဖြင့် သက်သာရာ ရသွားသည်။ လူပေါင်း ၅ ထောင်ကျော်သည် ယင်း လမ်းမ အပေါ် တနေရာတည်း ဦးတည် ရွေ့လျား ခရီးသွားခဲ့ကြ သည်မှာ ပထမဆုံး အကြိမ်ပင် ဖြစ်မည်ဟု သူတွေးမိသည်။
အိမ်ပြန်နိုင်မည့် နေ့ရက်တွေကို စိတ်ကူးယာဉ်ရင်း တောင်ခြေရှိ ခိုင်ကမ်းမြို့လေး ဆီ သူရောက်လာ ခဲ့သည်။ ကလေးမြို့ အဝင်နားရှိ ခိုင်ကမ်း ရဲစခန်း ကလည်း ဂိတ်ဖွင့်ပေးခဲ့သည်။ သို့သော် ကလေးမြို့ ရှစ်မိုင် ဂိတ်က အချက်အလက် နဲ့ ပစ္စည်းတွေကို စစ်ဆေးပြီးမှ မြို့ထဲ ဝင်ခွင့်ပေးခဲ့မို့ စစ်ဆေးရေး ကို စောင့်ဆိုင်းသည့် တစ်မိုင်ကျော် လူတန်းကြီးကို တိုးမိ ပြန်သည်။ တအိအိ ရွေ့ရင်း စစ်ဆေးရေး ဂိတ်ကိုရောက် ကြသည်။ စစ်ဆေးရေးဂိတ်က သွားခွင့် ပြုတော့ နောက်ကို ပြန်လှည့်ကြည့်မိပြန်တော့ လူတန်းကြီးရဲ့ အဆုံးကို မမြင်ရသေး။ နေညို နေပြီမို့၊ မိုးချုပ်ရင်တောင် လူတန်းကြီးက ကုန်ပါ့မလားဟု စဉ်းစားမိရင်း ကလေးမြို့ထဲကို ဦးတည် မောင်းနှင် လာခဲ့သည်။
ကလေးမြို့မှာ အခြေချသည့် ညီမလေးတို့ဇနီးမောင်နှံဆီ ရောက်တော့ နေဝင်ခါနီး နေပြီ။ မိန်းမ နှင့် ကလေးကို အရင်ချ ပြီးတော့ ပစ္စည်းတွေ ချပြီး အိမ်ထဲ သယ်သွားခဲ့သည်။ အမေ့ကို သွားကြိုသည့် ယောက်ဖ ဖြစ်သူ နှင့် အမေလည်း ရောက်လာခဲ့သည်။ အိမ်ထဲ ရောက်တော့ လမ်းတလျှောက် မကိုင်ဖြစ်သည့် ဖုန်းကို ဖွင့်ကြည့် ဖြစ်သည်။ Miss call တွေ အတော်များ သည်။ တချက် ပြန်ဆက်ဖို့ လုပ်လိုက်ကာမှ ဖုန်း ဝင်လာသည်။ သူငယ်ချင်း အရင်း တယောက်မို့ ကိုင်လိုက်သည်။ ညနေ သုံးနာရီ ဝန်းကျင် ကနေ တီးတိန်မြို့ မြို့မ ရပ်ကွက်ရှိ နာရီစင် တဝိုက်ရှိ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ လိုက်ပြီ တဲ့။ မီးလည်းကူး နေသလို ထပ်ပြီးတော့လည်း ရှို့နေသည် တဲ့။
မီးလောင်သည့် နေရာ နဲ့ သူတို့ရဲ့ နေအိမ် က တန်းနေသည်။ တောင် အောက်ခြေဘက် ဖြစ်သည်။ လေသင့် လျှင် သူတို့ အိမ်ပါ အန္တရာယ်များ သည်မို့ လူက လွှတ်လာခဲ့ပေမယ့် စိတ်က အတော်ပူ လာသည်။ ည မှောင်လာလေ၊ ရှို့မီးက တောင်ကျော၏ အပေါ် ဘက် တက်လာလေမို့ စားလို့လည်း မဝင်၊ အိပ် လို့လည်း မရကြ။ တောင်ပေါ် လေအေးကြား ကနေ ကလေးမြို့ လွင်ပြင် အိုက်စပ် ပူနွေးမှုကို ရုတ်တရက် ထိတွေ့လိုက်ရသည့် သားလေး ခမျာ လည်း အပူဒဏ်ကို မခံနိုင်။ ခရီးပန်းတာမို့ သားလေးခင်မျာ အကျယ်ကြီး အော်မငိုနိုင်ကာ တမြှေ့မြှေ့ ရှိုက်နေခဲ့သည်။ တီးတိန်မြို့ပေါ်မှာ ကျန်ခဲ့သည့် အသိတွေဆီ မီးလောင်မှု သတင်း ကို သူလိုက်မေး နေခဲ့သည်။
လေပင့် လာတာမို့ မီးက သူတို့ အိမ်ဘက် ဦးတည် နေသည် ဆိုသည့် သတင်းသာ ရခဲ့သည်။ သို့သော် သူတို့ အိမ်ပါသည်ဟု မကြားသေး။ ပါမပါ သိရဖို့ အရေး မြို့မှာ ကျန်ခဲ့သည့် အသိတွေကို လိုက်မေးကြသည်။ သန်းခေါင်နား ကပ်လာတော့ သူတို့ အိမ် လောင်သွားပြီး ဖြစ်ကြောင်း သတင်း လာပို့ကျသည်။ အမေ ဖြစ်သူ အင့်ခနဲ ငိုချ လာသည်။ မိန်းမ ဖြစ်သူ မျက်ရည် ကြီးငယ် ကျလာသည်။ ညီမ ဖြစ်သူက အမေ့ကို ဖက်ပြီး ဟစ်ငို လာခဲ့သည်။ ယောက်ဖ ဖြစ်သူ လည်း ဘယ်သူ့ကို နှစ်သိမ့်ရမှန်း မသိ ဗျာများ နေခဲ့သည်။ သူလည်း သားလေးကို မိန်းမဆီကနေ ချီယူပြီး ခေါင်းကို ဖွဖွလေး အကြိမ်ကြိမ် သပ် မိရင်း ဘယ်ချိန်က ကျမှန်း မသိသည့် မျက်ရည်ပေါက်တို့ သားလေး၏ ရင်ဘတ်ဆီ ကျလာခဲ့သည်။
“သားတို့ သမီးတို့ အဖေ နှစ်ပေါင်း လေးဆယ်ကျော် ကြိုးစား ချွေတာ စုဆောင်းပြီး ဆောက်ခဲ့တဲ့ အိမ်လေး …သူ့ အရိုးတွေတောင် မဆွေးသေးဘူး။ အိမ်ကြီးက ပြာကျ ပြီ”ဆိုတဲ့ အမေ့ရဲ့ငိုသံက သူ့နားထဲကမထွက်နိုင်တော့။
ဂီတကို သူ့အသွေးအသားလို မှတ်ယူခဲ့သူ၊ သူ၏ ဂစ်တာလေးသည် မီးနဲ့ လောင်ကျွမ်းပြီး ကြိုးတွေ ပြတ်ထွက် ချိန်တိုင်း နာကျည်းစွာ ငြီးတွားသံများ တချက်တချက် ထွက်နေလေ လိမ့်မည်။ သူသိပ် မြတ်နိုးခဲ့သည့် စာအုပ်စင်လေး ဝါးမြိုသွားမည့် ရှို့မီးကြီးကို မျက်စိထဲ မြင်ယောင်မိသည်။ နှစ်ပေါင်းများစွာ ပေးဆပ်ပြီးမှ ရခဲ့သည့် ဘွဲ့လက်မှတ်၊ အောင်လက်မှတ် တို့သည် မီးပင်လယ် အောက်တွင် တွန့်လိမ် ပြာကျ သွားလိမ့်မည်။
နံရံမှာ ချိတ်ဆွဲထားသော အဖေ အသက်ရှိစဉ် နောက်ဆုံးရိုက်ဖြစ်သည့် မိသားစု ဓာတ်ပုံလေးရော၊ အဖေ့ ကိုယ်ပွားလေး ဖြစ်သည့် သားလေး မွေးဖွားပြီးမှ ရိုက်ခဲ့သည့် ဓာတ်ပုံပါ ပြုတ်ကျပြီး မီးကျွမ်းကျ ခဲ့ပေမည်။ ယမန်ည ကတည်းက တစက်မှ အိပ်စက်ပြီး မနားခဲ့ရသည့် မျက်လုံး အစုံတို့သည် ကြိမ်းစပ်လာခဲ့သည်။ ခရီးရှည် ကြီးကို နှင်ရသည်မို့ ခန္ဓာကိုယ်ကြီးသည် ကိုက်ခဲလှသည်။ အိုက်စပ်သော မြေပြန့်၏ ရာသီဥတုသည် ခံရခဲ့လှသည်။ သို့တိုင်အောင် နှလုံးတုန်သံတို့သည် တစက်မှ မှေးမရ အောင် တုန်ဟည်း နေသည်။ မိသားစုဝင်တွေ အားလုံး ဘယ်သူမှ မအိပ်ကြ။ ငုတ်တုပ် ထိုင်နေမိကြသည်မှာ သန်းခေါင် ကျော်လာပြီး ဖုန်း ဝင်လာသည် အထိ။
ဝင်လာသည့် ဖုန်းကတော့ ထူးထူးထွေထွေ ပြောတာတော့ မဟုတ်။ သန်းခေါင်ချိန် လောက်မှာ မိုး သည်းကြီး မည်းကြီး ရွာချသွားတော့ မီးစ အားလုံး ငြိမ်းသွားပြီ ဆိုတဲ့ သတင်းသာ။ ပြာကျအုံးမည့် နေအိမ် များစွာ အတွက် အပူလုံးကျ သွားခဲ့ပေမယ့် ပြာကျ ပြီးသား သူတို့ အိမ် အတွက်တော့ အခါနှောင်းခဲ့သည်။ ည မထွက်ရ အမိန့်ချ ခံရသည့် ကလေးမြို့ မှာတော့ အသိ မိတ်ဆွေတွေ မလာနိုင်ကြပါ။ သို့တိုင် ဖုန်း ခေါ်ပြီး နှစ်သိမ့် ကြသည်။ သူတို့ ပြောသမျှ နားထောင်ပေး ကြသည်။ လင်းကြက်တွန်သံ ကြားရသည်။ အိပ်ချင် စိတ် မရှိတော့သလို မအိပ် ဖြစ်တော့ပါ။
အာရုဏ်တက်လာတော့ သားကို မိန်းမ လက်ထဲ ပြန်အပ် လိုက်သည်။ ရေစင်ဘက် သွားပြီး မျက်နှာသစ်၊ သွားတိုက် လိုက်သည်။ ပြီးတော့ တနေ့ည ကတည်းက မလဲဖြစ်သည့် ဘောင်းဘီကို သွားလဲ လိုက်ပြီး လျှော်ဖို့ တချက် ခါချ လိုက်တော့ ဂစ်တာ လက်ခတ်လေး ထွက်ကျ လာခဲ့သည်။သူ့မိသားစုတဘဝလုံးနေခဲ့တဲ့အိမ်လည်းမီးလောင်ပြာကျခဲ့ပြီဖြစ်သလို တီးလက်စ ဂစ်တာလေး မရှိတော့ပြီ။ ရေးစပ်ထားသမျှသော သီချင်း မှတ်စု စာအုပ်၊ လေ့လာဆဲ ဂီတ သင်ခန်းစာ တို့ ပြာကျခဲ့ပြီ။
စုဆောင်းသမျှ ဂီတ ကိရိယာ၊ တူရိယာ အားလုံး ပျောက်ဆုံး သွားခဲ့ပြီ။ သိမ်းထားခဲ့သော သီချင်း ဓာတ်ပြားပေါင်း များစွာတို့ ပြာမှုန်လေး အဖြစ် မိုးဦးရဲ့ မိုးရေ နှင့် မျောနေ လေမည်။ ကလေးဘဝ ကစပြီး နှစ်သက်ခဲ့သော၊ လူငယ် ဘဝမှာ ရူးမူးခဲ့သော၊ လူလတ်ပိုင်း ဘဝမှာ လိုက်စား နေဆဲ ဖြစ်သည့် ဂီတ အတွက် လွတ်မြောက်ခွင့် ရခဲ့သည့် တစ်ခုတည်းသော ဂီတ ပစ္စည်းသည် ယင်း ဂစ်တာ လက်ခတ် တစ်ခုတည်းသာ။