Headlines

တီးတိန်မြို့နယ် လိုင်ဘုံရွာမှာ တောင်ယာတဲ ပြိုကျပြီး အမျိုးသမီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိ

စက်တင်ဘာလ ၁၉ ရက်။

စက်တင်ဘာ ၁၈ ရက်နေ့ မနက် အစောပိုင်းမှာ တီးတိန်မြို့နယ် လိုင်ဘုံကျေးရွာမှာ တောင်ယာတဲ ပြိုကျပြီး ညအိပ် ပြောင်းဖူး သိမ်းနေသူ အမျိုးသမီး ၂ ဦးအပေါ် ပိသွားတာကြောင့် တစ်ဦး သေဆုံးသွားကာ ၊တစ်ဦးပြင်းထန်ဒဏ်ရာရရှိလို့ တီးတိန် ပြည်သူ့ဆေးရုံ ပို့လိုက် ရကြောင်း ရွာသားများထံမှ သိရှိရပါတယ်။

သေဆုံးသူဟာ အသက် ၅၆ နှစ်အရွယ်ရှိ Pi Ciang Sian Cing ဖြစ်ကြောင်းသိရပြီး၊ ဒဏ်ရာရလို့ တီးတိန်ပြည်သူ့ ဆေးရုံမှာတက်ရောက် ကုသနေသူ အသက် ၆၀ အရွယ် Pi Cing Sian Huai ဟာ ကလေး-တီးတိန် ကားလမ်းဘေးရှိ အာလွယ်ရွာမှ ၂၀၂၁ ခုနှစ် က စပြီး လိုင်ဘုံရွာတွင် စစ်ရှောင်နေသူ တစ်ဦး ဖြစ်ကြောင်း ဆက်လက် သိရှိခဲ့ရ ပါတယ်။

“အရင်ပတ်တွေက မိုးတအား ရွာတော့ မြေသားက နူးနေတာ။ တဲရဲ့ တိုင်တွေအောက်ခြေ မြေသား ပျော့နေတော့ အလေးကို မထိန်းနိုင်ဘဲ ည ၁၂ နာရီ ကျော်ကျော် လောက်မှာ ပြိုကျ သွားတာ လို့ သိရတယ်။ တဲထဲမှာလည်း ပြောင်းစေ့ တင်းပေါင်း ၆၀ ခန့် ရှိမယ့် ပြောင်းဖူးတွေ ချိတ်ထားတော့ အလေးချိန်က မနည်းဘူး။ အနည်းဆုံး နှစ်တန် လောက် လေး လိမ့်မယ်” လို့ လိုင်ဘုံရွာဒေသခံ တစ်ဦးက ဖြစ်စဉ်ကို ပြောပြပါတယ်။

“၁၀ နာရီ ကျော်ကျော် လောက်မှာ အပေါ့ သွားဖို့ အပြင် တချက် ထွက်ခဲ့တော့ ပြောင်းစေ့တွေ အပေါ်ကနေ ကျနေတယ်။ မိုးချုန်းလို့ မြေတုန်ခါပြီး ကျတာနေမယ် ဆိုပြီး ဒီတိုင်း အိပ်နေခဲ့တယ်။ ခဏနေတော့ တဲ့ ပြိုကျ လာတယ်။ Pi Sian က U Huai ဆိုပြီး တချက် ခေါ်လိုက်သေးတယ်။ ကျွန်မလည်း လှုပ်လို့ မရတော့ ဘာမှ မလုပ်နိုင်ဘူး။ သူ့ကို ငါးခါ လောက် ခေါ်ဖြစ်သေးတယ်။ သူ ပြန်မထူး တော့ဘူး။ ည က အရမ်းမှောင်တော့ ဘာမှ လည်း မမြင်ရဘူး” လို့ လက်ရှိ တီးတိန် ဆေးရုံမှာ ကုသမှု ခံယူ နေသူ Pi Cing Sian Huai မှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ရွာမှ လူငယ် တစ်ယောက် ပြောင်းသိမ်းဖို့ တောင်ယာ သွားခဲ့ရာမှ အဆိုပါ အမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ပြီး ရွာသို့ ချက်ချင်း လှည့်ပြန်ကာ အကူအညီ တောင်းခဲ့ကြောင်း၊ ရွာသားများမှ သေဆုံးသူကို ရွာသို့ သယ်ဆောင်လာခဲ့ကြောင်း၊ ဒဏ်ရာ ရသူ ကမူ ခါးအောက်ပိုင်း လှုပ်ရှားလို့ မရကြောင်း၊ ကားလမ်းထိ သယ်ဆောင် ကြပြီး ကားပေါ်တင်ကာ တီးတိန်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း ဒေသခံတွေဆီကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *