Headlines

စစ်ဘေးရှောင်၂၀၅ ဦး မီဇိုရမ်ပြည်နယ်ထဲထပ်မံခိုလှုံ၊မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးရှောင် ၃သောင်း ၄ ထောင်ခန့်ရှိပြီဖြစ်ကြောင်းမီဇိုရမ်ပြည်နယ်အစိုးရထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်။

မီဇိုရမ်ပြည်နယ်အစိုးရရဲ့မှတ်တမ်းအရ စက်တင်ဘာလ ဒုတိယအပတ်က မြန်မာစစ်ဘေးရှောင် ၂၀၅ ဦးဟာ ခေါဇောလ်ခရိုင်ထဲ ဝင်ရောက်လာခဲ့ကြပြီး လက်ရှိမီဇိုရမ်ပြည်နယ်တစ်ခုလုံးမှာ မြန်မာစစ်ဘေးရှောင် ၃၃၉၆၁ ဦးရှိပြီဖြစ်ကြောင်း All india Radio News Aizawl ကသတင်းဖော်ပြပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကဒုက္ခသည်တွေနဲ့ မကွေးတိုင်းဘက်က ဒုက္ခသည်အနည်းငယ် စုစုပေါင်း ၂၀၅ ဦးဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ခေါဇောလ်ခရိုင်ထဲ အခုလ စက်တင်ဘာလ ဒုတိယအပတ်လောက်မှာ ထပ်မံခိုလှုံလာတယ်လို့ သိရပါတယ်။

အသစ်ရောက်လာတဲ့သူတွေဟာ တိုက်ပွဲကို ကြိုရှောင်လာသူတွေလည်းရှိသလို တချို့က ဆေးဝါးကုသဖို့ ပြောင်းလာကြတာတွေဖြစ်ပြီး လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတာရှိသလို တချို့က အိမ်ဌားနေကြတာလည်း ရှိတယ်လို့လည်း သိရပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရမှတ်တမ်းအရမီဇိုရမ်ပြည်နယ်အတွင်း ခိုလုံနေကြသော မြန်မာစစ်ဘေးရှောင်များဟာ ဒေသတွင်းရှိ ခရိုင် ၁၁ ခုမှာ ဖြန့်ကျက်နေထိုင်ကြကြောင်း၊မြန်မာစစ်ဘေးရှောင်များအနက် ၁၀၂၂၈ ဦးမှာ အမျိုးသားများ ဖြစ်ကြပြီး ၁၀၈၅၆ ဦးမှာ အမျိုးသမီးများဖြစ်ကြပြီး ၁၂၈၇၇ ဦးမှာ ၁၈ နှစ်မပြည့်သေးသော ကလေးငယ်များဖြစ်ကြောင်း All india Radio News Aizawl ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။

မီဇိုရမ်ပြည်နယ် အစိုးရရဲ့ စာရင်းအရ မြန်မာဘက်က ခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည်ဟာ သုံးသောင်း လေးထောင်ခန့်ရှိတယ်လို့ ဖော်ပြထားပေမယ့် ချင်းအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စာရင်းအရတော့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၇ သောင်းဝန်းကျင်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *