Headlines

ငါးမျိုးတွေ သားပေါက်တဲ့ကာလအတွင်း ငါးဖမ်းတာမလုပ်ဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၂၃ ရက်။

ငါးမျိုးတွေ သားပေါက်တဲ့ကာလဖြစ်လို့ ချင်းပြည်နယ် လောက်တူနယ်ဒေသမှာ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ မြစ်ချောင်းတွေမှာ ငါးဖမ်းတာ မလုပ်ဖို့ တားမြစ်ပိတ်ပင်ထားကြောင်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ငါးရစ်တက်ကာလအတွင်း ငါးရစ်တက်ငါးတွေကို မည်သူကမှ နည်းလမ်းအမျိုးမျိုးနဲ့ သိမ်းကျုံးခြင်းနဲ့ ဖမ်းယူခြင်း လုံးဝ မလုပ်ကြဖို့ နဲ့ငါးမျိုးသားပေါက်ကာလ ဖြစ်တဲ့အတွက် ဒီအမိန့်ကို ထုတ်ပြန်တာဖြစ်တဲ့ကြောင်းနဲ့ တားမြစ်တာကို ကျူးလွန်တဲ့ မည်သူကိုမဆို ကျပ်တစ်သိန်းထက်မနည်း ကျပ်သုံးသိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ပြစ်ဒဏ်တစ်ရပ်ရပ်နဲ့ ပြစ်ဒဏ်နှစ်ရပ်လုံးပေါင်းပြီး အရေးယူခံစေရမယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြက်ချက်ပါလုပ်ငန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့အတွက် လောက်တူအက်ဥပဒေ ပုဒ်မ ၃၈ (ဃ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဒီအမိန့်ကို ထုတ်ပြန်တာလို့ လည်း ဖော်ပြထားပါတယ်။

လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ပတ်သက်လို့ ပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းမပြုသမျှ သတ်မှတ်ကာလအတွင်း အတည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *