Headlines

ချင်းပြည်မှာ “မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိခဲ့တဲ့ မစ္စစ်နီခွဲ” အင်္ဂလန်မှာ ကွယ်လွန်

ချင်းပြည်နယ်၊ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်အဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာနီခွဲရဲ့ဇနီး အင်္ဂလန်မှာ နေထိုင်နေတဲ့မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ဟာစက်တင်ဘာလ ၁၂ ရက်မှာ သူမအသက် ၉၀ မှာကွယ်လွန်သွားကြောင်းသိရပါတယ်။

……………………………………………

မိတ္ထီလာက မိတ်ဆွေ ဖြစ်တဲ့ မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ( ခရိုင်ဆရာဝန်ကြီး ဦး အာနီနီခွဲ ရဲ့ ဇနီး ) မနေ့က အင်္ဂလန်မှာ ကွယ်လွန်သွားပြီလို့ တွေ့လိုက်ရလို့ မိသားစုနဲ့ ထပ်တူဝမ်းနည်းမိပါတယ် ။ အလွန်ခင်တဲ့ သဘောကောင်းလှတဲ့ မိတ်ဆွေတွေမို့ အထူးကြေကွဲ မိပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ်က ကျနော်အင်္ဂလန်ရောက်တုန်း သူနေတဲ့ အိမ်ကိုသွားပြီး တွေဖြစ်ခဲ့တယ် ။ အဲဒီတုန်းက အမှတ်တရလေး ရေးထားတဲ့ စာစုကလေး ကို အခုပြန်တင်လိုက်ပါတယ် ။

မစ္စစ်နီခွဲ ကောင်းရာသုဂတိ ရောက်ပါစေ ။

* * * * * * * * * * * * *

Hla Bu

***********************

လွန်ခဲ့တဲ့ ၂ နှစ်က ဆရာလှဘူးရေးသားခဲ့တဲ့ဒေါက်တာနီခွါတို့ဇနီးမောင်နှံအကြောင်း”မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိရင်” အမှတ်တရစာကိုပြန်လည်ဖော်ပြလိုက်ပါတယ်။

“မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိရင်”

( ၅/၁/၂၂ )

ပြီးခဲ့တဲ့ နွေတုန်းက အင်္ဂလန်ကသားငယ်ဆီ သွားရင်း သမီးဆီကိုလည်း ၃ ရက်လောက် အလည်သွားခဲ့တယ် ။ သူတို့နေတာက အင်္ဂလန် နိုင်ငံရဲ့ အရှေ့တောင် ပိုင်းမှာရှိတဲ့ (East Sussex) နယ်မှာပါ ။ သူတို့နေတဲ့ (Forest Row) ဆိုတဲ့ ရွာကလေးက တောပိုင်းမှာ ရှိပြီး သဘာ၀အလှအပတွေနဲ့လည်း နီးတယ် ။

ကျွန်တော်က ၀ါသနာအရ ကိုယ်ရောက်နေတဲ့နေရာ ဒေသကို (Google map) မှာ ကြည့်မိတယ် ။ ကြည့်ရင်း (Forest Row) ရဲ့ အရှေ့ဖက် (Kent) နယ်ထဲမှာ (Tonbridge) မြိူ့ကလေးကိုသွားတွေ့တယ် ။ အဲဒီမြို့မှာ ကျွန်တော်နဲ့ အင်မတန်ခင်တဲ့ မိသားစုတစု ရှိပါတယ် ။ ကျနော့်ဇာတိ မိတ္ထီလာမှာ နေသွားကြတဲ့ ချင်းလူမျိုး ခွဲစိတ်ဆရာ၀န်ကြီး ဒေါက်တာ ရောဘတ်နီခွဲ နဲ့ သူ့ဇနီး အင်္ဂလိပ် အမျိုးသမီးကြီး (Jasmine Nikhwai) တို့ မိသားစုပါ ။ ဆရာကြီးကတော့ ဆုံးတာကြာပါပြီ ။ သူ့ဇနီးကတော့ သားသမီးတွေနဲ့ အဲဒီအိမ်မှာ ဆက်နေသေးတယ် ။ သူတို့နဲ့ နောက်ဆုံးတွေ့တာ ၂၀၁၂ ကပါ ။ ကျွန်တော် အမေရိကကိုလာခါနီးက မစ္စစ်နီခွဲဆီ ဖုန်းဆက်ပြီး နှုတ်ဆက်ခဲ့သေးတယ် ။

သူတို့အိမ်လိပ်စာ နဲ့ ဖုန်းနံပတ်က ပျောက်သွားတဲ့ လိပ်စာစာအုပ်ထဲမှာ မှတ်ထားမိတာမို့ တိတိကျကျ မမှတ်မိတော့ဘူး ။ ဒါပေမယ့် (47 Burns Crescent) ဆိုတာလေးတော့ ခေါင်းထဲမှာ မှတ်မိနေတယ် ။ သူတို့အဲဒီအိမ်မှာ နေသေးသလားလည်း မသိဘူး ။ ဒါပေမယ့် ဖုန်းနဲ့လည်း ဆက်မေးလို့ မရလို့ (Tonbridge) ကိုကားနဲ့ မောင်းသွားပြီး (47 Burns Crescent) ကိုရှာကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ် ။ နောက်ဆုံး သူတို့နဲ့ မတွေ့လည်း အင်မတန်သာယာလှတဲ့ အင်္ဂလန် တောပိုင်းကို ကားနဲ့ လျှောက်ကြည့်ရလည်း မနည်းဘူးလို့ အောက်မေ့ပြီး သမီးတို့ရွာကနေ ကားနဲ့ ထွက်လာခဲ့တယ် ။ နေ့လည်ကျတော့ (Tenterden) ဆိုတဲ့ မြို့မှာနေတဲ့ သမီးရဲ့ ယောက္ခမ အိမ်မှာ လက်ဖက်ရည်သောက် ဖိတ်ထားလို့ သူတို့နဲ့ လက်ဖက်ရည်ချိန်အမီ တွေ့ဖို့ချိန်းပြီး စောစောထွက်လာခဲ့တယ် ။

နွေရာသီလည်း ဖြစ် နေလည်းသာတာမို့ ကားနဲ့မောင်းသွားရတဲ့ လမ်းတလျှောက်က ရွာကလေးတွေ က အေးချမ်းလှပပြီး သာယာလိုက်တာ ။ အနှစ် နှစ်ရာ သုံးရာက သက်ကယ်မိုးအိမ်ကလေးတွေ ၊ အနှစ် ၁၀၀ ပတ်၀န်းကျင်က အုတ်တိုက်ကလေးတွေ ၊ လယ်တောလေးတွေ နဲ့ ဘုရားကျောင်းလေးတွေဟာ ရှေးဆန်ဆန် အိန္ဒြေရရ လှလိုက်ကြတာ ။ အင်္ဂလိပ်က ပန်းစိုက်လည်း ၀ါသနာပါတာမို့ ဘယ်အိမ်ကြည့်လိုက်ကြည့်လိုက် ရောင်စုံပန်းကလေးတွေ နဲ့ပါ ။ ဘီစကွတ်မုန့်ပုံး တို့ လက်ဖက်ရည် ကရားတို့မှာ ရေးထားတဲ့ အရုပ်ကလေးတွေ အတိုင်းပဲ ။ (Kent) နယ်က သာယာလွန်းလို့ (Garden of England) လို့လည်း တင်စား​ခေါ်ကြပါတယ် ။

တနာရီလောက် မောင်းပြီးတဲ့အခါမှာတော့ (Tonbridge) မြို့ဆင်ခြေဖုံးကို ရောက်လာပါတယ် ။ မကြာခင်ပဲ (Burns Crescent) ကို လွယ်လွယ်နဲ့ ရှာတွေ့ပါတယ် ။ ခုခေတ်က (google map) ပါရင် သွားရတာ လွယ်တယ်လေ ။ (google map) နဲ့ ရှာရင် တာ၀တိံသာတောင် တွေ့နိုင်မလား မဆိုနိုင်ဘူး ။

နံပတ် ၄၇ ကိုအိမ်တံခါးခေါက်လိုက်တော့ အသက် ၅၀ ပတ်၀န်းကျင် ပိန်ပိန်ပါးပါး ဆံပင်ဖြူဖြူနဲ့ လူတယောက်ထွက်လာတယ် ။ အဲဒီလူဟာ တခြားမဟုတ်ပဲ မစ္စစ်နီခွဲရဲ့ သား အင်ဒရူး ဖြစ်နေတယ် ။ ကျွန်တော်တို့ ၂ ဦးလုံး မ​​တွေ့ကြတာကြာလို့ ခဏလေး အန်းနေကြပြီးမှ အချင်းချင်း မှတ်မိသွားကြတယ် ။ အင်ဒရူးက ကြီးလာပြီး ဆံပင်ဖြူနဲ့ဆို​တော့ သူ့အ​ဖေနဲ့ အ​တော်ကိုတူတာပဲ။ ဆရာကြီးအဖြူစား​လေးပါ ။

အိမ်ဧည့်ခန်းမှာ မစ္စစ်နီခွဲက ထိုင်နေပါတယ် ။ ကျွန်တော် မတွေ့ရတဲ့ နှစ်တွေ အတွင်းမှာ သူ့ကျန်းမာရေးက ချွတ်ယွင်းခဲ့ပြီမို့ လူကလည်း ၀လာပြီး မှတ်ဥာဏ်တွေလည်း အားနည်းလာတယ် ။ အင်ဒရူးက ပြောလို့ ‘မာမီ လေဖြတ်ထားတယ်’ ဆိုတာ သိရတယ် ။ သူ့က ကျွန်တော့်ကို ရုတ်တရက် မမှတ်မိဘူး ။ နောက်မှ စကားပြောရင်းသတိရလာတယ် ။ မစ္စစ်နီခွဲက ရှေးကလိုပဲ ပြုံးပြုံးရွှင်ရွှင် နဲ့ စကားပြောတယ် ။ ရှေးအကြောင်းတွေ အကုန်မှတ်မိပေမဲ့ လက်ငင်းအကြောင်းတွေကို မေ့မေ့သွားလို့ ခဏခဏပြန်မေးတယ် ။

ကျွန်​တော်က သူတို့ ဒီအိမ်မှာရှိမရှိမ​သေချာလို့ ဘာလက်ဆောင်မှ မဝယ်ခဲ့ရဘူး ။ ဒါနဲ့ Sainsbury ဆူပါမားကက်ကို ကမန်းကတန်း​ပြေးပြီး သူတို့အတွက် ပန်း ၊ သစ်သီး ၊ ကိတ်မုန့် စတာ​တွေ ဝယ်လိုက်တယ် ။.ကျွန်​တော်ပြန်လာ​တော့ အင်ဒရူးက ဂျက်စမင်းကို အဝတ်လဲ​ပေးထားပြီ။ ဒါ​ကြောင့် တမနက်ထဲ ရိုက်ထားတဲ့ပုံ​တွေဖြစ်​ပေမဲ့ အဝတ်​တွေမတူတာပါ ။ အင်္ဂလိပ်တွေက ဧည့်သည်လာရင် ညဝတ်တဲ့အဝတ်နဲ့​တွေ့​လေ့မရှိဘူး ။ ခုဟာက အ​ကြောင်းမကြားပဲ သွားလိုက်ရတာကိုး ။ သူ့ခမျာ ဒုက္ခ များသွားရှာတယ် ။အားနာလိုက်တာ ။

အင်ဒရူးက သူ့ညီတွေကို ဖုန်းဆက်ခေါ်လိုက်လို့ မကြာခင်မှာပဲ တင်မီ နဲ့ ဂျော်နီတို့ ရောက်လာကြတယ် ။ တင်မီက အရင်အတိုင်းပဲ နုပျိုသေးသွယ်လျက်ပဲ ။ ဂစ်တာလည်း တီးတုန်းပဲတဲ့ ။ ဂျွန်နီကတော့ ငယ်ရုပ်လုံး၀မရှိတော့တဲ့ တုတ်တုတ်ခိုင်ခိုင် အင်္ဂလိပ်ကြီး ဖြစ်နေပြီ ။ အင်ဒရူးက လူလွတ်မို့ အမေနဲ့အတူတူနေတယ် ။ ကျန်တဲ့သူတွေက အိမ်ထောင်သည်တွေပါ ။ ဂျီနီ က အလုပ်မအားလို့ မလာနိုင်ဘူး ။ သူတို့ညီအကိုတတွေဟာ ဟို ရှေးကလိုပဲ အင်မတန် ဖော်ရွေခင်မင်ကြပြီး ကျွန်တော် သူတို့အမေကို လာတွေ့တာကို ၀မ်းသာနေကြတယ် ။ သူ့အ​ကြောင်း ကိုယ့်အ​ကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြသတင်းဖလှယ်ကြ ၊ မိတ္ထီလာ အ​ကြောင်း​တွေ အားရပါးရ စကားပြောကြပြီး မိသားစုနဲ့ အိမ်ရှေ့ကခြံထဲမှာ လည်း အမှတ်တရ ဓာတ်ပုံရိုက်ခဲ့သေးတယ် ။

မစ္စစ်နီခွဲတို့ မိသားစုနဲ့ ကျွန်တော်တို့က မိတ္ထီလာမှာကတည်းက ခင်လာခဲ့ကြတာပါ ။ ဆရာကြီးက ခရိုင်ဆရာ၀န်ကြီး အဖြစ် မိတ္ထီလာကို ရွှေ့လာပြီး မိတ္ထီလာမှာပဲ ပင်စင်ယူ ဆေးခန်းဖွင့်ပြီး နေကြတယ် ။ သူတို့နေတာက မိတ္ထီလာမှာ အသာယာဆုံး နေရာတခုဖြစ်တဲ့ ပေါက်ချောင်းကွက်သစ်က မိတ္ထီလာကန်ကြီး နဘေးမှာပါ ။ ဆရာကြီးရဲ့အမည်က [Robert Nikhwai ( R. Nikhwai )] မို့ မြို့လူထု က ဆရာကြီးဦးအာနီခွဲ လို့ ခေါ်ကြတယ် ။ မစ္စစ်နီခွဲကိုတော့ အားလုံးက ချစ်စနိုးနဲ့ မာမီလို့ ခေါ်ကြတယ် ။

ဆရာကြီး က ၁၉၅၄ မှာ အင်္ဂလန်ကို ပညာတော်သင်သွားရင်း မစ္စစ်နီခွဲ ဖြစ်မဲ့ (Jasmine Edwards) နဲ့ တွေ့ပြီး ဖူးစာဆုံကြတာပါ ။ ဂျက်စမင်းက သူနာပြုဆရာမပါ ။ ဂျက်စမင်းက ဆရာကြီးအပေါ်မှာ ထားတဲ့ မေတ္တာထုက ဘယ်လောက်ကြီးမားလဲဆိုတော့ ဆရာကြီး ၁၉၅၆ ခု ပညာတော်သင်ပြီးလို့ ဗမာပြည် ပြန်တော့မယ်ဆိုတော့ သူဟာ မိဘဆွေမျိုး အင်္ဂလိပ်အသိုင်းအ၀ိုင်းကို စွန့်လွှတ်ပြီး ဆရာကြီးနဲ့ လက်ထပ်ပြီး ဗမာပြည်ကို လိုက်သွားခဲ့ပါတယ် ။ “မောင့်မျက်နှာ တရွာမကပေါင်၊ တကမ္ဘာမျှတောင် ထင်ယောင်မိတယ်လေ” ဆိုတဲ့ မာမာအေး သီချင်းထဲက အတိုင်းပါပဲ ။

ဗမာပြည်ရောက်တဲ့အခါ ဆရာကြီးက ချင်းပြည်နယ်ကမို့ ချင်းတောင်မှာ တာ၀န်ထမ်းဆောင်တဲ့အခါ ဂျက်စမင်းဟာ ချင်းတောင်အထိ လိုက်သွားပြီး ဖလမ်းမှာ နှစ်ပေါင်းများစွာ နေသွားပါတယ် ။ ၁၉၅၆ လောက်က ချင်းပြည်နယ်ဆိုတာ ခုလောက် လမ်းပန်းဆက်သွယ်ရေး ကောင်းတာ မဟုတ်ဘူး ။ ဖလမ်းဟာ ချင်းပြည်နယ်မြို့တော် ဆိုပေမဲ့ ဟိုတုန်းကတော့ အလွန်ခေါင်တဲ့နေရာပါ ။ အဲဒီနေရာမှာ လိုက်နေပြီး သားသမီးတွေမွေး ၊ အိမ်ထောင်တာ၀န်ယူ တဖက်ကလည်း သူနာပြုလုပ်ငန်း လူမှု၀န်ထမ်း အလုပ်တွေ လုပ်ရင်းနေလာခဲ့ပါတယ် ။

ဆရာကြီးတို့က ဗမာစကားသိပ်မပြောပဲ ချင်းစကားပဲပြောလို့ မစ္စစ်နီခွဲက ချင်းဘာသာကို မွှတ်နေအောင်တတ်လာပါတယ် ။ သူတို့ မိသားစုထဲမှာ ချင်းလိုပဲ ပြောကြတယ် ။ သူက ဗမာလိုတော့ တလုံးစ နှစ်လုံးစ လောက်ပဲ တတ်ပါတယ် ။ နောက်တော့ ပြည်မမှာ တာ၀န်ကျပြီး ရန်ကုန်၊ မန္တလေး ၊ ရမည်းသင်း မိတ္ထီလာ မြို့တွေမှာ ခရိုင်ဆရာ၀န်ကြီး အနေနဲ့ တာ၀န်ကျပါတယ် ။ ပင်စင်ယူတော့ နောက်ဆုံး မိတ္ထီလာမှာပဲ အခြေချပါတယ် ။

မိတ္ထီလာမှာ ဆရာကြီးတို့ ဇနီးမောင်နှံဟာ မြို့လူထုရဲ့ ချစ်ခင်လေးစားခြင်းကို ခံရပါတယ် ။ ဂျက်စမင်းက မိခင်နှင့်ကလေး စောင့်ရှောက်ရေးတို့ ကျောင်းကျန်းမာရေးတို့မှာ ၀င်ပြီး စေတနာ့၀န်ထမ်း အလုပ်လုပ်ပါတယ် ။ မြို့ထဲမှာ လွတ်လပ်ရေးနေ့ ကလေးပြိုင်ပွဲတို့လို အခမ်းအနားတွေ မှာ ဖဲကြိုးဖြတ်တာတို့ ဖွင့်ပွဲတို့ဆို ဆရာကြီးတို့ ဇနီးမောင်နှံကပဲ အမြဲလုပ်ပေးရပါတယ် ။

ပင်စင်ယူပြီး သူတို့ အပြင်ဆေးခန်းထိုင်တော့လည်း ဆက်ဆံရေးကောင်းလို့ အောင်မြင်တယ် ။

သူတို့ ၂ယောက် ဂျစ်ကားလေးနဲ့ ညနေတိုင်းဆေးခန်းအသွား ကျွန်တော်တို့ အိမ်ရှေ့က ဖြတ်ဖြတ် မောင်းသွားတာ ခုပဲမျက်စိထဲမှာ မြင်နေမိပါသေးတယ် ။ ဂျက်စမင်းက ဂါဝန်တွေ ဘောင်းဘီတွေ မဝတ်ဘူး . ရင်ဖုံးအင်္ကျီ ဗမာထမီ ပဲ အမြဲ၀တ်တယ် ။

ကျွန်တော် ၁၉၈၈ မှာ အင်္ဂလန်ကို သွားဖို့ ပြင်ဆင်တဲ့အချိန် မိတ္ထီလာမှာ စာကျက်မယ်ဆိုပြီး အလုပ်နားလိုက်ပါတယ် ။ အင်္ဂလိပ်စာကိုလည်း လေ့လာဖို့လိုလို့ ဆရာရှာရင်း ကျွန်တော် အကြံတခုရလိုက်တယ် ။ ကိုယ့်မြို့မှာ အင်္ဂလိပ်လူမျိုးအစစ်တယောက်ရှိနေတာပဲ ၊ သူ့ကို ချဥ်းကပ်အကူအညီ​တောင်းရင်ရင် ကောင်းမယ်လို့ အကြံရတာနဲ့ မစ္စစ်နီခွဲကို ချဥ်းကပ်ပြီး အင်္ဂလိပ်စာ နဲ့ စကား သင်ပေးဖို့ မေးကြည့်တယ် ။ ဂျက်စမင်းက လိုလိုချင်ချင်ပဲ သင်ပေးမယ်ပြောလို့ ကျွန်တော်တို့ သူ့အိမ်သွားပြီး အင်္ဂလိပ်စကားသင်ကြပါတယ် ။ သူက အင်္ဂလိပ်စာဆရာမဟုတ်လို့ စာတော့ မသင်ဘူး ၊ စကားကို အဓိက ထားသင်ပေးပါတယ် ။ သူနဲ့ သင်တဲ့အခါ သူက ဗမာလို မတတ်လေတော့ ကိုယ်က အင်္ဂလိပ်လို မဖြစ်မနေ ပြောကိုပြောရတာမို့ ရေထဲတွန်းချပြီး ရေကူးသင်သလို တတ်လာပါတယ် ။ ကျွန်တော်နဲ့ တအတူ မြို့ပေါ်က တခြား ဆရာဝန်မိတ်ဆွေ​တွေလည်းလာသင်ကြလို့ သူ့သင်တန်းကလေးက တဖြည်းဖြည်း အရှိန်ရလာတယ် ။

အဲဒီမှာ အင်္ဂလိပ်စကားသင်ကြရင်း အင်္ဂလန်သွားဖို့အကြောင်းတွေ ပြောဖြစ်ကြတယ် ။ ကျွန်တော်တို့က သူ့ကို အင်္ဂလန်မပြန်ချင်ဘူးလားမေးတယ် ။ မေးပါများတဲ့အခါ သူလည်း စိတ်၀င်စားလာပြီး အင်္ဂလန်ကို ပြန်ဖို့စပြီး သူစုံစမ်းတယ် ။ လန်ဒန်က သူ့အကို နဲ့လည်း ပြန်ပြီးဆက်သွယ်တယ် ။ ရန်ကုန် ဗြိတိသျှ သံရုံးက အရာရှိအတွင်း၀န်တယောက်က (Tonbridge) မြို့သားမို့ သူနဲ့သိနေတော့ သူကလည်း ဗီဇာနဲ့ ပတ်သက်ပြီး ကူညီနိုင်တယ် ပြောလာတယ် ။ ဒါနဲ့ ဂျက်စမင်းဟာ ကျွန်တော်နဲ့အတူ ရန်ကုန်ဆင်းလာပြီး ပတ်စပို့တွေ ဗီဇာတွေ လျှောက်တယ် ။ အငယ်ဆုံး ကလေး ၂ ယောက်ဖြစ်တဲ့ ဂျီနီ နဲ့ ဂျော်နီ ကို လည်း ခေါ်သွားမယ်လို့ စီစဥ်ကြတယ် ။

ဒီလိုနဲ့ပဲ သူတို့နဲ့ ကျွန်တော်တို့ အင်္ဂလန်ကို ၁၉၈၉ မှာ မရှေးမနှောင်း ရောက်လာကြတာပဲ ။ သူတို့က လန်ဒန်ရဲ့ အရှေ့တောင်ဖက်မှာရှိတဲ့ (Orpington) မြို့က သူ့အကို (Uncle Gordon နဲ့ Aunty Rita) တို့အိမ်မှာ နေကြတယ် ။ စာတွေ ပြန်ဖတ်ပြီး သူနာပြုစာမေးပွဲ ပြန်ဖြေပြီး အလုပ်စလုပ်တယ် ။ နောက်တော့ အိမ်တွေဘာတွေ ငှားပြီးဆရာကြီးကို အင်္ဂလန်ကို ခေါ်တယ် ။ နောက်ထပ် အင်ဒရူးနဲ့ တင်မီ တို့ကိုလည်း ခေါ်တယ် ။ ပြီးတော့ အခုနေတဲ့ (47 Burns Crescent , Tonbridge) မှာ အခြေချတယ် ။ ဂျက်စမင်းဟာ အသက် ၇၀ လောက်အထိ သူနာပြု အလုပ်လုပ်နေတာ နှလုံးသွေးကြောပိတ်ရောဂါရပြီးမှ အလုပ်နားလိုက်တာပါ ။

ဆရာကြီး ဦးအာနီခွဲ ဟာ ကျွန်တော်တွေ့ဘူးသမျှဆရာ၀န်ကြီးတွေထဲမှာ မျက်နှာ အချိုဆုံး စိတ်အရှည်ဆုံး အသိမ်မွေ့ဆုံး သဘောအကောင်းဆုံး လူတယောက်ပါ ။ သူစိတ်ဆိုးနေတာ ဘယ်တော့မှ မတွေ့ဘူးဘူး ။ စကားပြောရင် အမြဲပြုံးပြီး အေးအေးသာသာ ပြောတတ်တယ် ။ ကျွန်တော်တို့နဲ့ စကား ​ပြောရင် အင်္ဂလိပ်လိုပဲ ပြောတာများပါတယ် ။ သူမိတ္ထီလာမှာ ခရိုင်ဆရာဝန်ကြီး လုပ်သွားတာ ဆေးရုံကရော မြို့ကရော သိပ်ချစ်ကြတယ် ။

ဂျက်စမင်းကလည်း ဆရာကြီး နဲ့ နတ်ဖက်တယ်ပြောရမယ် ။ အင်မတန် စိတ်ရင်းဖြူစင် မျက်နှာထားချိုပြီး သဘောကောင်း ဖော်ရွေသူတဦးပါ ။ သားသမီးတွေ မြေးတွေကို ဆက်ဆံရာမှာလည်း အင်မတန် ချိုသာသိမ်မွေ့တယ် ။ သူတို့ဇနီးမောင်နှံကိုကြည့်လိုက်ရရင် မြင်ရသူမှာ သိပ်စိတ်ချမ်းသာတယ် ။ သူတို့ရဲ့ အေးချမ်းတည်ငြိမ်မှု မေတ္တာတရား ဟာ သူတို့နဲ့ ဆက်ဆံသမျှ လူတွေကို ဖြန့်ကျက်ပြီး အေးချမ်းစေတယ် ။ အင်မတန် သိမ်မွေ့ဖြူစင်တဲ့ ခရစ်ယန်ဘာသာ၀င်တွေပါ ။ သူတို့မှာ ကျွန်တော် လေ့လာရသလောက် သူများကို မနာလို မရှုစိမ့်တဲ့ ဣဿာ မစ္ဆရိယ တွေ မတွေ့ရဘူး ။ သူတပါးကို ကူညီဖို့ ပေးကမ်းကျွေးမွေးဖို့ ဆိုတာသာ တွေ့ရတယ် ။ အမှန်တရားကိုလည်း သိပ်တန်ဖိုးထားတတ်ကြတယ် ။

မစ္စစ်နီခွဲကို ကျွန်တော်တခါက ​ပြောဖူးတယ် ။ အင်္ဂလိပ် ဓလေ့ထုံးစံတွေကို အားလုံးမေ့ဖျောက်ပြီး ဘ၀ကို ဗမာလို ၊ ချင်းလို နေနိုင်တာ သိပ်တော်တာပဲလို့ ပြောတော့ သူကပြန်ပြောတယ် ။ အင်္ဂလိပ် ဓလေ့ထုံးစံ ယဥ်ကျေးမှုတွေ အားလုံးကို စွန့်လွှတ်နိုင်ပေမဲ့ မစွန့်လွှတ်နိုင်တဲ့ ဓလေ့လေးတခုတော့ ရှိ​နေပါသေးတယ်တဲ့ ။ အဲဒါကတော့ ညနေ ၄ နာရီလောက်ကျရင် လက်ဖက်ရည်လေး တခွက်သောက်ချင်တဲ့ ဓလေ့ပါတဲ့ ။ အင်္ဂလိပ်လူမျိုးတွေအတွက် (a cup of tea in the afternoon) ဆိုတာ သူတို့ရဲ့ ဘ၀မှာ အင်မတန်အရေးပါလှတဲ့ အစိတ်အပိုင်းတခုပါ ။

ဆရာကြီးနဲ့ ဂျက်စမင်းတိူ့မှာ သားသမီး ၉ ယောက်ထွန်းကားပါတယ် ။ တယ်ရီ ၊ စတီဗင် ၊ ဂျက်ကီ ၊ တင်မီ ၊ အင်ဒရူး ၊ ဂျက်စီ ၊ မေရီအန် ၊ ဂျီနီ နဲ့ ဂျော်နီ တို့ပါ ။ တယ်ရီ ၊ စတီဗင် နဲ့ ဂျက်စီ တို့ကတော့ ဆုံးသွားကြပါပြီ ။ သားသမီးများကလည်း မိဘတွေအတိုင်းပဲ အလွန် စိတ်ရင်းသဘောကောင်းကြပြီး လူမှုဆက်ဆံရေးသိပ်တော်ကြသူတွေချည်းပါပဲ ။

ဂျက်စမင်းက သူထိုင်နေတဲ့ ဆိုဖာနဲ့ မျက်နှာချင်းဆိုင်မှာထောင်ထားတဲ့ ဓာတ်ပုံလေးကို တစိမ့်စိမ့်ကြည့်ရင်း ပြုံးပြီး ပြောတယ် ။ အဲဒီပုံက ဆရာကြီး နဲ့ သူနဲ့ အင်္ဂလန်မှာ ချစ်ခါစက ပထမဆုံး အပြင်မှာ ချိန်း​တွေ့တဲ့​နေ့က ဆရာကြီးက အပြင်မသွားခင် ဆရာဝန် သူနာပြုအဝတ်​လေးတွေနဲ့ ဓာတ်ပုံလေးရိုက်ထားချင်တယ်ဆိုလို့ ရိုက်ထားတဲ့ ပုံလေးပါ တဲ့။ လွန်ခဲ့တဲ့ ၆၅ နှစ်က အဲဒီ (First Date) ပုံ​လေးက အင်္ဂလန်က​နေ ဗမာပြည် ၊ ဗမာပြည်က​နေ အင်္ဂလန် ကမ္ဘာတခြမ်း ပတ်ပြီး​နေပြီ။ အဲဒီပုံထဲမှာ ဆရာကြီးနဲ့ ဂျက်စမင်းတို့ ၂​ ယောက်ဟာ တ​ယောက်ကိုတ​ယောက် ရွှန်းရွှန်းစားစား ကြည့်​နေကြတယ် ။ ဒီပုံကိုကြည့်လိုက်ရင် ချစ်ခြင်း ခင်ခြင်း မြတ်နိုးခြင်း ကြည်နူးခြင်း ​ဆိုတာတွေကို သူတို့ရဲ့ အကြည့်နဲ့ အပြုံးများက သက်​သေပြ​နေတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ် ။ သူက ဒီပုံကို အမှတ်တရ ကျကျနန ​​ဘောင်သွင်းပြီး သူထိုင်တဲ့ခုံရှေ့မှာ အမြတ်တနိုး အမြဲထား ထားတယ် ။ ( see photo ) ဂျက်စမင်း အဲဒီပုံကို ကြည်ကြည်နူးနူး ပြုံးပြီးကြည့်​နေချိန်မှာ သူ့စိတ်ထဲမှာ ဆရာကြီးနဲ့ ချိန်းတဲ့ညကို ပြန်​ရောက်သွားလို့လားမသိ မျက်နှာ​လေး ကို ဝင်းလာတာပဲ ။ ​ဘေးကကြည့်​နေတဲ့ကျွန်​တော်က​တော့ ရင်ထဲ ဆို့ချင်သလို ဖြစ်လာတယ် ။ ဆရာကြီးကိုလည်းသတိရမိတယ် ။

ကျွန်တော် ပြန်ဖို့ကားပေါ်အတက်မှာ မစ္စစ်နီခွဲနဲ့ သား ၃ ယောက် သူ့အိမ်ရှေ့ခြံအဝ အထိ လိုက်ပို့နှုတ်ဆက်ကြတယ် ။ သူတို့ သားအမိ​တွေ ခြံအဝကနေ လက်ပြနှုတ်ဆက်နေတဲ့ ပုံလေး အခုထိ ကျွန်​တော့်မျက်စိထဲက မထွက်ပါဘူး ( see my photo ) ။ ကျွန်တော်သူနဲ့ ဘယ်အခါမှပြန်ဆုံနိုင်မယ် ဆိုတာလည်း မ​ပြောနိုင်ပါဘူး။ သူက အသက် ၈၀ ၊ ကိုယ်က ၆၀ ​ကျော်မို့ ​နောက်တ​ခေါက် ပြန်ဆုံနိုင်ဖို့ဆိုတာ မ​သေချာလှပါဘူး ။ အင်မတန် ချစ်စရာကောင်းလှတဲ့ မိတ်ဆွေကြီး မစ္စစ်နီခွဲ ( ဂျက်စမင်း ) ကျန်းမာ အသက်ရှည်ပါစေလို့သာ ဆု​တောင်းနေမိပါတယ် ။

သူ့အိမ်ကထွက်ပြီး ခရီးဆက်ဖို့ ကားမောင်းပြီး ပြန်အလာလမ်းမှာတော့ ဆရာကြီး ဦးနီခွဲ နဲ့ ဂျက်စမင်းတို့ရဲ့ မေတ္တာဖွဲ့ ဇာတ်လမ်းလေးကို စဥ်းစားနေမိပါတယ် ။ မစ္စစ်နီခွဲဟာ ဟာ ကြီးမား ဖြူစင်လှတဲ့ ချစ်ခြင်းမေတ္တာ တရားရဲ့ အစွမ်းကြောင့် မိဘဘိုးဘွားများရှိရာ မိမိဇာတိမြေ အင်္ဂလန်ကို စွန့်ပြီး တခါမှ မရောက်ဘူးတဲ့ ဝေးလှတဲ့ ကမ္ဘာ တနေရာကို လိုက်သွားနိုင်ခဲ့တယ် ။ လိုက်သွားပြီးတဲ့နောက်လည်း မတူညီတဲ့ ဘဝတွေကို ကြိုးစားပေါင်းစပ်ပြီး အင်မတန်သာယာလှတဲ့ အိမ်ထောင်တခုကို တသက်တာ ထူထောင်နိုင်ခဲ့တာ ​လေးစားအားကျစရာပါ။ ချစ်ခြင်း​မေတ္တာတရားရဲ့ စွမ်းအားဟာဖြင့် အံ့မခန်း ကြီးမားလှပါတယ် ။ ခုလို သိင်္ဂါရ ရသ မြောက်လှတဲ့ သူတို့ဇာတ်လမ်းလေးကို တစိမ့်စိမ့်စဥ်းစားပြီး ကျွန်တော့်ရင်မှာ ဖော်ပြရခက်တဲ့ ကြည်နူးမှုလေးကို တသိမ့်သိမ့် ခံစားရပါတယ် ။

“တကယ်သေချာယုံကြည် မယ်ဟေမာပုံညီ

ခင်မင်ကာလည်းစွဲနေပြီ

သမုဒ္ဒရာဆီးတဲ့ သူ့ရည်းစားရှိရာကို ကူးသန်းရပေသည်၊

သေချင်သေပေစီ ရေယဥ်ဗွေနဒီ

တကယ်ပင်စွန့်စားရရှာသည်

နတ်ဗြဟ္မာများနဲ့ သိကြားမင်းဆင်းလာကာ တားဆီးမရတော့ပြီ”

( ချစ်ရောင်ခြည် – ရွှေတိုင်ညွန့် )

Leave a Reply

Your email address will not be published. Required fields are marked *