Headlines

ချင်းပြည်နယ်အပါအဝင် တိုက်ပွဲကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာနေသူတွေကိုသွားရောက်ကူညီပံ့ပိုးနိုင်ရန် ဆုံးဖြတ်ထားကြောင်း ICRC ထုတ်ပြန်

ချင်းပြည်နယ်အပါအဝင် တိုက်ပွဲကြောင့် ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ နေသူတွေကိုသွားရောက်ကူညီပံ့ပိုးနိုင်ရန် သန္နိဋ္ဌာန်ချဆုံးဖြတ်ထားကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)အဖွဲ့က ဒီကနေ့စက်တင်ဘာလ ၁၀ ရက်နေ့ မှာသတင်းထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲ ပဋိပက္ခတွေကြောင့် စိန်ခေါ်မှုများစွာရှိနေပေမယ့် ICRC အနေနဲ့ ဘေးဖြစ်ဖို့ အလွယ်ကူဆုံး ရပ်ရွာလူထုတွေဖြစ်တဲ့ အထူးသဖြင့် ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ချင်း၊ ကယား နဲ့ ကရင်ပြည်နယ်က ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာနေသူတွေဆီကိုသွားရောက်ကူညီပံ့ပိုးကူညီနိုင်ရန် သန္နိဋ္ဌာန်ချထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပေးလိုတဲ့ ICRC ရဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေကို သွားရောက်ခွင့် ပိုမိုရရှိနိုင်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ICRC ဥက္ကဌ Ms.Mirjana Spolijaric တွေ့ဆုံစဉ် စစ်ခေါင်းဆောင်ကို ICRC ဥက္ကဌက တိုက်တွန်းခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝှမ်းက ဒေသခံပြည်သူအများစုဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများစွာ လိုအပ်နေကြပါတယ်။

လူသားချင်းစာနာထောက်ထားရေး အကူအညီတွေကို မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေဆီမရောက်ဖို့ စစ်ကောင်စီဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်ဟာ ဂျနီဗာကွန်ဗင်းရှင်းနဲ့ အညီလုပ်ဆောင်နေတယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စမဂျာနာစပိုဂျာရစ်နဲ့ စက်တင်ဘာလ ၉ ရက် နေပြည်တော်မှာ တွေ့ဆုံချိန်ပြောခဲ့တဲ့အကြောင်း စစ်ကောင်စီကစက်တင်ဘာလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *