စက်တင်ဘာလ ၂၆ ရက်။
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်၊မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းမှမိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေရုတ်တရက်စီးဆင်းလာတာကြောင့် စက်တင်ဘာ ၂၆ ရက်မှာ မင်းတပ်မြို့နယ်နဲ့မကွေးတိုင်းအစပ်ကျောက်ထုမြို့က ချင်းစစ်ဘေးရှောင်တွေနေထိုင်တဲ့တောင်ဇလပ်စစ်ဘေးရှောင်စခန်းတွေအားလုံးရေလွှမ်းမိုးကာ အသက် ၃ နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ ရေထဲမျောပါ သေဆုံးသွားကြောင်း မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။
လက်ရှိအချိန်အထိ ရေထဲမျောပါသေဆုံးသွားတဲ့ ကလေးငယ်ရဲ့ရုပ်အလောင်းကိုသာတွေ့ပြီးမိခင်ဖြစ်သူရဲ့ရုပ်အလောင်းကိုမတွေ့သေးကြောင်းသိရပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး ချင်းပြည်နယ် မင်းတပ်၊ကန်ပက်လက်မြို့နယ်မှာ ဖြစ်ပေါ်လာတဲ့တိုက်ပွဲ ပဋိပက္ခများကြောင့် မကွေးတိုင်းကျောက်ထုမြို့နဲ့ဆောမြို့မှာ ချင်းပြည်နယ် မင်းတပ်က စစ်ဘေးရှောင်လူဦးရေထောင်ချီ လာရောက်ခိုလှုံနေထိုင်ကြတာဖြစ်ပြီး လတ်တလောမှာ အခုရက်ပိုင်းမှာမိုးများပြီးရေကြီးလို့ ကျောက်ထုနယ်၊ဆောနယ်က ချင်းစစ်ဘေးရှောင်စခန်းတွေအားလုံးရေနစ်မြုပ်နေကြောင်းသိရပါတယ်။