Headlines

CNF နှင့် ZRO တို့ ပထမအကြိမ်တွေ့ဆုံမှုမှာအချက် ၃ ချက်ကို ကနဦးသဘောတူ

မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Zo Reunification Organization (ZORO) အဖွဲ့ရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ချင်းအမျိုးသားတပ်ဦး (CNF/CNA ) နှင့် ဇိုမီးပြန်လည်ပေါင်းစည်း ညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ရဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်မှာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများ လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုလုပ်သွားရန်သဘောတူညီကြောင်း စသည့်အချက်အပါအဝင်အချက် ၃ ချက်ကို ကနဦးသဘောတူလက်မှတ်ရေးထိုးခဲ့ ကြကြောင်း CNF နဲ့ ZRO ၂ ဖွဲ့ရဲ့ပူးပေါင်းထုတ်ပြန်ချက်စာအရသိရပါတယ်။

CNF နှင့် ZRO တို့အကြား ဇူလိုင်လ ၂၇ မှာ တွေ့ဆုံဆွေးနွေးပြီးရရှိလာတဲ့ သဘောတူညီချက်များမှာ ချင်း-ကူကီး-ဇိုမီး/မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသော ညီအကိုများဖြစ်ကြကြောင်း၊ အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် ယခုကဲ့သို့ ညီအကိုအချင်းချင်းကြား သဘော ထားကွဲလွဲမှုဖြစ်ပေါ်သည့်အပေါ်စိတ်မကောင်းကြောင်း၊ နောက်နောင်တွင် ဤကဲ့သို့ထပ်မဖြစ်စေရန်လိုလားကြောင်း၊ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများသည် လိုအပ် သလို ထပ်မံတွေ့ဆုံမှုများပြုသွားရန်သဘောတူညီခဲ့ကြကြောင်း CNF နဲ့ ZRO ၂ ဖွဲ့ရဲ့ပူးပေါင်းထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၁ ခုနှစ် မြန််မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှာ ချင်းပြည်နယ် တီးတိန်မြိုနယ်နဲ့ တွန်းဇံမြို့နယ်တို့တွေမှာ ZRO/ZRA နဲ့ CNF/CNA တို့အကြား ၂ ဖက်ထိ‌တွေ့ ပစ်ခတ်မှု တစ်ချို့ဖြစ်ပွားခဲ့ပါတယ်။

ZORO အဖွဲ့က အိုက်ဇောလ်မြို့မှာ စီစဉ်ပေးတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံပွဲမှာ CNF/CNA ဘက်မှ ဒုဥက္ကဌ Pu Thang Ning Kee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ၈ ဦးနှင့် ZRO/ZRA ဘက်မှ KC SMACK ဦးဆောင်သော ကိုယ်စားလှယ် ၆ ဦးနှင့် ZORO အဖွဲ့မှ ကိုယ်စားလှယ် ၁၀ ဦး ပါဝင်တက်ရောက်ခဲ့ကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *