Headlines

CDF-Tonzang က ဆက်လက်ချိတ်ပိတ်ထားတဲ့နေအိမ်တွေဟာ တွန်းဇံမြို့လုံခြုံရေး လိုအပ်ချက် ကြောင့် ဖြစ်တယ်လို့ဆို

CDF-Tonzang အနေဖြင့် ZRA-EC မှ တွန်းဇံမြို့ကို ပြန်လည်း ဝင်ရောက် တိုက်ခိုက်မည်ဟု မပြတ်ပြောဆို ရေးသားမှုတွေ တွေ့နေရတဲ့အတွက် မြို့လုံခြုံရေး နှင့်အုပ်ချုပ်ရေး ကောင်းမွန်စွာ ဖော်ဆောင်နိုင်ရေး အတွက် တွန်းဇံမြို့ရှိ ZRA-EC တပ်ဖွဲ့ဝင်များ နှင့် ထောက်ပံ့သူများ၏ နေအိမ်များကို ဆက်လက် ချိတ်ပိတ် ထိန်းသိမ်းခဲ့ရ ခြင်း ဖြစ်တယ်လို့ CDF-Tonzang စစ်ဦးစီးချုပ် ဦးထန်ဆွင်းမုန် မှ Chin World Media သို့ပြောပါတယ်။

“ကျွန်တော်တို့ CDF-Tonzang က စစ်ကောင်စီတွေကို တိုက်ဖို့ ဖွဲ့စည်းထားတာပါ။ ZRA ကို ဝင်တိုက်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က ကျွန်ုပ်တို့ စခန်းတွေ ဖြစ်တဲ့ Lunghu စခန်း၊ Zopinak စခန်းတွေကို လာတိုက်သွားတယ်။ ကျွန်ုပ်တို့ရဲ့ ဌာနချုပ် ဖြစ်တဲ့ Aktuisanlawn ကိုလည်း မီးရှို့ ဖျက်ဆီး ပစ်ခဲ့တယ်။ လက်နက်ကြီး လက်နက်ငယ် အပါအဝင် ကျပ် သိန်းပေါင်း ၂၀၀၀ ကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဖျက်ဆီး သိမ်းပိုက်ခဲ့တယ်။ ရိက္ခာပိုင်းမှာ ဆိုရင် ဆန်အိတ်ပေါင်း ၄၀ ကျော် သိမ်းသွားခဲ့တယ်။ သူတို့ အလစ်တိုက်လို့ ကျွန်ုပ်တို့ ရဲဘော် Pau Kap Thang ကျဆုံး သွားတော့ တွန်းဇံမြို့ နေအိမ် တစ်ခုမှာ အောင်ပွဲခံ ခဲ့ကြတယ် ၊ခင်ဗျာတို့ ဝ အောင် စားထားကြ။ အချိန်တန်ရင် ကျွန်တော်တို့ ဝင်တိုက်ပြီး လာသတ်မယ် ဆိုပြီး တောက်လျှောက် စာတွေ ရေးတာ၊ ပို့တာတွေ လုပ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်တို့ ဘက်ကလည်း သူတို့နဲ့ ပတ်သက်သူတွေကို မိမိတို့ လုံခြုံရေး အရ ချိတ်ပိတ်ပြီး ထိန်းသိမ်းရတာပါ” လို့ ဦးထန်ဆွင်းမုန်က ပြောပါတယ်။

“ချိတ်ပိတ်ပြီးသား နေအိမ် ၅ လုံးကို ကျွန်တော်တို့ ပြန်ပြီး ကင်းလွတ်ခွင့် ပြုထားတယ်။ ကျွန်တော်တို့ စိစစ်ချက်အရ သူတို့ရဲ့ ဆက်ဆံမှုက သိပ် မခိုင်မာဘူးလို့ တွေ့ရှိခဲ့ လို့ဖြစ်တယ်။ ချိတ်ပိတ်တဲ့ အနေအထား ကနေ ကင်းလွတ်ခွင့် ပြုထားပေမယ့် ခံဝန်ချက်တော့ လက်မှတ် ရေးထိုး ရလိမ့်မယ်။ ဖမ်းဆီးတာ၊ လျော်ကြေးငွေ တောင်းယူတာမျိုး ကနေလည်း ကင်းလွတ်ခွင့်ရတယ်။ အဲလိုမျိုး မလုပ်ချင်ဘူး၊ နေအိမ်ကို ပြန်မလာဘူး ဆိုရင်တော့ ပြန် ချိတ်ပိတ်ရလိမ့်မယ်” လို့လည်း လက်ရှိမှာ တွန်းဇံမြို့က နေအိမ် ၅ လုံးကို ချိတ်ပိတ်ခြင်း ကနေ ကင်းလွတ်ခွင့် ပြုထားတာနဲ့ပတ်သက်ပြီး ဦးထန်ဆွင်းမုန်က ဆက်လက် ရှင်းပြခဲ့ ပါတယ်။

CDF-Tonzang မှ ZRAတပ်ဖွဲ့ဝင် နှင့် ZRA ကိုကူညီ ထောက်ပံ့သူများလို့စွပ်စွဲကာ ချိတ်ပိတ်ခဲ့တဲ့ တွန်းဇံမြို့က နေအိမ်များထဲမှ သေချာမှု မရှိတဲ့ နေအိမ် ၅ လုံးကို ကင်းလွတ်ခွင့် ပြုခဲ့ပြီး ကျန် ၁၈ လုံးကို ဥပဒေ နဲ့အညီ ဆက်လက်ချိတ်ပိတ်မည်ဖြစ်ကြောင်း ဩဂုတ်လ ၁၈ ရက်မှာ CDF-Tonzang က သတင်းထုတ်ပြန်ထားပါတယ်။

တွန်းဇံမြို့ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ကျီခါးမြို့ကိုလည်း မေလ ၁၉ ရက်နေ့ကတည်းက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *