Headlines

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့ နဲ့ မြန်မာနိုင်ငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေ ကို ကာကွယ်ပေးဖို့ အိန္ဒိယအစိုးရကို India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်း

အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားအားလုံးပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုငံက ဖိနှိပ်ခံနေရတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေကို ကာကွယ်ပေးဖို့အိန္ဒိယနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar နဲ့ Myanmar Hindu Union တို့က ပူးတွဲပြီး အကူညီတောင်းခံစာ သြဂုတ်လ ၂၂ ရက်နေ့က ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယ – မြန်မာအရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ India For Myanmar က ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ကျနော်တို့ တောင်းဆိုချက်က နှစ်မျိုးရှိတယ် ပထမတစ်မျိုးကတော့ ဟိန္ဒူအသိုင်းအဝိုင်းတွေ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ကြုံတွေ့နေရတဲ့ ဟာရယ် ခေတ်အဆက်ဆက်ဆိုတဲ့နေရာမှာ မင်းအောင်လှိုင်အာဏာရရှိလာပြီးနောက်ပိုင်း အခြေအနေပိုပိုဆိုးလာနေတဲ့ ဟိန္ဒူအသိုင်းအဝိုင်းတွေရဲ့ အခြေအနေကို ကာကွယ်ပေးဖို့ အဲဒီထဲမှာဆိုရင် အထူးသဖြင့် လွတ်လပ်စွာသွားလာခွင့် မရှိတာတို့ ဘာသာရေးအဆောက်အဦးတွေ ပြင်ဆင်ခွင့်အပါအဝင်နဲ့ပက်သက်လို့ ကန့်သက်ချက်ခံရတာတို့ နောက်ပြီးတော့ ပညာရေးအခွင့်အလမ်းမရှိတာတို့ နိုင်ငံသားဖြစ်ခွင့်တားမြစ်ပြီးတော့မှ နိုင်ငံသားဖြစ်ခွင့်ရဲ့ နောက်ဆက်တွဲအနေနဲ့ ပညာရေးကျန်းမာရေး အလုပ်အကိုင်အခွင့်အလမ်းတွေ အပါအဝင် ကဏ္ဍပေါင်းစုံမှာ အဖိနှိပ်ခံနေရတဲ့ အောက်ကျနောက်ကျဖြစ်စေတဲ့ အခြေအနေကို အကာကွယ်ပေးဖို့ တောင်းဆိုတဲ့ဟာ တစ်ခု၊နောက်ပြီးတော့မှ နိုင်ငံတစ်ခုလုံးစာအတွက် တောင်းဆိုချက်ကတော့ အခုလက်ရှိ အိန္ဒိယ နိုင်ငံမှာ အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေအားလုံး ပြန်လွှတ်ပေးဖို့အပါအဝင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးဖို့ နောက်ပြီးတော့မှ နိုင်ငံရေးအရ စစ်ကောင်စီကို အသိမှတ်ပြုတာ ရပ်တန့်ပေးဖို့ လက်နက်ကုန်သွယ်မှု မလုပ်တော့ဖို့ပြီးတော့ စစ်ကောင်စီကို စီးပွားရေးအရ အကူအညီပေးနေတာတွေ ရပ်တန့်ပေးဖို့” လို့ Chin World Media ကိုပြောပါတယ်။

မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေတာတွေ အပါအဝင် စစ်ကောင်စီကို ပံ့ပိုးကူညီပေးနေတာတွေ ရပ်တန့်ပေးဖို့အပြင် လူသားချင်းစာနာမှုဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့ကိုလည်း India For Myanmar က ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က တောင်းဆိုခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *