Headlines

ဟားခါးတက္ကသိုလ်ဖွင့်လှစ်ဖို့ စစ်ကောင်စီကြိုးစားတာ လက်တွေ့မဖြစ်နိုင်ဘူးလို့ ဒေသခံတွေပြော

ချင်းပြည်နယ် ဟားခါးမြို့က ဟားခါးတက္ကသိုလ်ကို ဖွင့်လှစ်ဖို့ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေတဲ့အပေါ် လက်တွေ့ မဖြစ်နိုင်တဲ့အကြောင်း ဟားခါးမြို့ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို သြဂုတ်လ (၂၆ ) ရက်နေ့ကနေ စက်တင်ဘာလ (၁၂) ရက်နေ့အထိ ရုံးပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီ ဖြစ်တဲ့ကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “မနှစ်က အခြေအနေလိုမှာတောင် ကျောင်းသားဦးရေက မရှိသလောက်ဖြစ်တဲ့ဟာကို ဒီနှစ်လို တိုက်ပွဲတွေ ကျောင်းနားဝန်းကျင်ထိ ဖြစ်လာတဲ့အချိန် ဘယ်သူက သွားလျှောက်ကြမလဲ မဖြစ်နိုင်ပါဘူး” လို့်ပြောပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်တဲ့ သူတွေ တက္ကသိုလ်ဝင်ခွင့် လျှောက်လို့ရတဲ့ တက္ကသိုလ်စာရင်း ၂၃ ခု ရှိတဲ့အထဲ ချင်းပြည်နယ်က ဟားခါး တက္ကသိုလ်လည်း ပါဝင်တာဖြစ်ပါတယ်။

ဟားခါးတက္ကသိုလ်ကနေ ထန်တလန်ဖက်သွားတဲ့ လမ်းမကြီးကိုလည်း သြဂုတ်လ (၂၀) ရက်နေ့ကစလို့ ဖြတ်သန်းသွားလာခွင့် မရှိဘူးလို့ CDF -–Hakha က ထုတ်ပြန်ထားပါတယ်။

CNF/A ဦးဆောင်ပြီး CDF – Hakha ပါဝင်တဲ့ Chinland Council ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၂၂ ရက်ကနေ ဒီကနေ့အချိန်အထိ ဟားခါးနဲ့ ထန်တလန်လမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်တာတွေရှိခဲ့သလို လက်ရှိ အချိန်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေသေးတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ဖြေဆိုသူ ၄၀၀ ကျော်ထဲကနေ ကျောင်းသား/သူ ၃၃၈ ဦး က အောင်မြင် ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *