Headlines

လောက်တူဒေသမှာဖြစ်တဲ့ ဘာသာရေးကိစ္စကို လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ သိရ

ချင်းပြည်နယ် လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ရွာမှာဖြစ်ခဲ့တဲ့ ဘာသာရေးဆိုင်ရာ ကိစ္စရပ်နဲ့ပတ်သက်လို့ လောက်တူပြည်သူ့ရေးရာကောင်စီမှာ ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိတဲ့ကြောင်း နဲ့ အမုန်းပွားလှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ ကိစ္စတွေ အထူးသတိထားရှောင်ကြဉ်ပေးကြဖို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးက သြဂုတ်လ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လောင်ထန်တလန်ကျေးရွာမှာ ခရစ်ယာန်ဘာသာထဲက အသင်းတော် တစ်ခုဖြစ်တဲ့ AG (ဧဝံဂေလိ) အသင်းသားဖြစ်လို့ ရွာကနေ နှင်ထုတ်ခံရတယ်ဆိုတဲ့ ဗီဒီိယိုရုပ်သံဖိုင် လူမှုကွန်ယက်စာမျက်နှာတွေမှာ ဩဂုတ်လ ၁၈ ရက်နေ့မှာ ပျံ့နှံ့ခဲ့ပြီး ချင်းလူမျိုးအသိုင်းအဝိုင်းအကြားမှာ ဝေဖန်မှုတွေလည်း များပြားခဲ့ပါတယ်။

လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာမှာ ဧပြီလကုန်ပို်င်းလောက်စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ ၊အသင်းတော်ဆိုင်ရာပြဿနာတွေကို သြဂုတ်လ ၁၈ ရက်နေ့ကစတင်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ ဖြစ်စဉ်မှာပါဝင်တဲ့ နှစ်ဖွဲ့က ဒေသတရားရေးအဖွဲ့ကို အပြန်အလှန် တိုင်တန်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒေသပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ၅ လပိုင်း ၁၆ ရက်နေ့မှာတစ်ကြိမ်၊ ၂၅ ရက်နေ့မှာတစ်ကြိမ် မြေပြင်သို့ ကွင်းဆင်းဖြန်ဖြေမှုတွေ ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်တင်းမာမှု အလွန်မြင့်မားနေချိန်ဖြစ်လို့ ပြေလည်မှုရရှိအောင် ဆောင်ရွက်ခဲ့နိုင်ခြင်း မရှိခဲ့ဘူးလို့လည်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးကထုတ်ပြန်ပါတယ်။

လိုအပ်တဲ့ အကြံအညဏ်တွေရယူပြီး ညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်ပြီးနောက် လောက်တူပြည်သူ့ရေးရာကောင်စီ အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးဆုံးဖြတ်ဖို့ အာဂျင်ဒါထည့်သွင်းဖြန့်ဝေပြီဖြစ်ပြီး ဒီကိစ္စအခွင့်ကောင်းယူပြီး ပြည်သူလူထုအတွင်း နိုင်ငံရေး၊ လူမှုရေးပြဿနာတွေဖြင့် တော်လှန်ရေးလုပ်ငန်းထိပါးစေသူတွေကိုလည်း အရေးယူမယ်လို့ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးကထုတ်ပြန်ပါတယ်။

ပြည်တွင်းပြည်ပရှိ လောက်တူ ပြည်သူတွေအနေနဲ့လည်း မလိုလားအပ်တဲ့ အမုန်းပွားလှုံဆော်မှုဖြစ်စေနိုင်တဲ့ ကိစ္စရပ်တွေ အထူးသတိထားရှောင်ကြဉ်ပေးကြရန်နဲ့ ပြင်ပ ပယောဂတွေဖြင့် မိမိတို့ အချင်းချင်းအကြား စည်းလုံးညီညွတ်မှု ယိမ်းယိုင်မသွားမိစေရေး တော်လှန်ရေးအသိတရားနဲ့ ခိုင်မာစွာ ရပ်တည်သွားကြဖို့ကိုလည်း လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဒေသန္တရ အုပ်ချုပ်ရေးရုံးကမေတ္တာရပ်ခံနိူးဆော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *