
ယူကေ(UK)နိုင်ငံတွင် ပညာလေ့လာရန် Chevening ပညာသင်ဆုလျှောက်လွှာများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲ၌ စတင် ဖွင့်လှစ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူများသည် မိမိတို့၏ လျှောက်လွှာများကို chevening.org/apply မှတစ်ဆင့် တင်သွင်းနိုင်ပါသည်။
Chevening ပညာသင်ဆုများကို မတူညီကွဲပြားသော နောက်ခံအခြေအနေအသီးသီးမှ အနာဂတ် ခေါင်းဆောင်များဖြစ်လာရန်အတွက် သံန္နိဋ္ဌာန်နှင့် အရည်အချင်းပြည့်ဝသူများအား ချီးမြှင့်ခြင်း ဖြစ်ပါသည်။ လျှောက်ထားသူများသည် မိမိတို့၏ နိုင်ငံအတွင်း အပြုသဘောဆောင်သော အပြောင်းအလဲများကို ဖန်တီးရန် လက်တွေ့ကျကျ အောင်မြင်နိုင်သည့် စိတ်ကူးစိတ်သန်းများရှိရမည်ဖြစ်သည်။ ထို့ပြင် မိမိတို့ ရွေးချယ်ထားသည့် ယူကေမဟာဘွဲ့သည် ၎င်းစိတ်ကူးများကို လက်တွေ့ဖန်တီးနိုင်အောင် မည်သို့ အထောက်အကူပြုမည်ကို ဖော်ပြနိုင်ရပါမည်။
Chevening ပညာသင်ဆုသည် ယူကေတက္ကသိုလ်ပေါင်း ၁၅၀ ကျော်တွင် အကျုံးဝင်သည့် မည်သည့်မဟာဘွဲ့ကိုမဆို တက်ရောက်လေ့လာရန် ငွေကြေးအပြည့်အဝ ပံ့ပိုးပေးမည့်အပြင် ပညာရေးဆိုင်ရာ၊ အတတ်ပညာဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အထူးသီးသန့်ဖြစ်သော အတွေ့အကြုံများစွာကို ကျယ်ကျယ်ပြန့်ပြန့်လက်လှမ်းမီ ရရှိစေမည်ဖြစ်သည်။
နှစ်စဥ် အဆိုပါ Chevening ပညာသင်ဆုများကို မြန်မာနိုင်ငံမှ ထူးချွန်ထက်မြက်သူများ ပျမ်းမျှ ၁၄ ယောက်အား ချီးမြှင့်ပါသည်။ မြန်မာနိုင်ငံမှ Chevening ပညာတော်သင်ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်သူဟောင်း စုစုပေါင်း ၂၀၀ ကျော်ရှိပြီဖြစ်ပြီး ၄င်းတို့သည် ယူကေ၌ ဆည်းပူးခဲ့သော ကျွမ်းကျင်မှုများနှင့် အတွေ့အကြုံများကို အသုံးပြုကာ မိမိတို့၏ လူမှုအသိုက်အဝန်းတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ဖော်ဆောင်လျက်ရှိကြပါသည်။
ဗြိတိသျှသံရုံး၊ ရန်ကုန်၏ သံရုံးအကြီးအကဲ Ken O’Flaherty က
“Chevening ပညာသင်ဆုအကြောင်း ဖတ်ရှုနေပြီး ယူကေမှာ ပညာသင်ယူဖို့ စိတ်ဝင်စားတဲ့သူဆိုရင် ဒီပညာသင်ဆုကို လျှောက်ဖြစ်အောင်လျှောက်ထားလိုက်ပါ။ Chevening ပညာတော်သင်ဆိုတာ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုတဲ့ ပုံသေကားချပ် သတ်မှတ်ချက်မရှိပါဘူး။ တက်ကြွမှု၊ ပွင့်လင်းမြင်သာမှု၊ စူးစမ်းလိုစိတ်၊ စာနာရိုင်းပင်းစိတ်၊ ပြတ်သားတဲ့အနာဂတ်အမြင်နဲ့ ပန်းတိုင်သို့ ရောက်အောင် သွားနိုင်တဲ့ စွမ်းရည် စတာတွေကို ကျွန်တော်တို့အနေနဲ့ တန်ဖိုးထားပါတယ်။
“Myanmar Chevening ကျောင်းသားဟောင်းများကွန်ရက်ဟာ အပြုသဘောဆောင်ပြီး ထက်မြက်တက်ကြွတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သင်တို့ ကြုံတွေ့ရမယ့် အတွေ့အကြုံတွေကို ဖြတ်သန်းကာ အကျိူးကျေးဇူးရရှိခံစားခဲ့ကြသူများလည်း ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ သင့်ကို အားပေးမှု၊ လမ်းညွှန်မှု၊ အကြံဉာဏ်၊ အဆက်အသွယ်များဖြင့် ပံ့ပို့ပေးနိုင်ကြသူများဖြစ်ပါတယ်။ ပညာသင်ဆုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားလိုက်ပါ။ သင့်အနေနဲ့ အခုလို ထူးချွန်ထက်မြက်တဲ့အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာနိုင်ပါတယ်။” ဟု ပြောကြားထားပါသည်။
Myanmar Chevening Alumni (MCA) ၏ ဥက္ကဋ္ဌ ဦးချမ်းအေးက
“ယူကေမှာ ပညာသင်ယူခဲ့ရတဲ့အချိန်တွေက ကျွန်တော့်ဘဝမှာ အထင်ကရ အမှတ်လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ထူးချွန်ထက်မြက်ပြီး ဘဝမှာ ရည်မှန်းချက်ကြီးတဲ့ မြန်မာလူငယ်တွေအားလုံး ဒီပညာသင်ဆုလို အလွန် ထူးခြားကောင်းမွန်တဲ့ အခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင်ရရှိအောင် ကြိုးစားပြီး တစ်သက်တာ ခင်မင်ရင်းနှီးမှုတွေ တည်ဆောက်ဖို့ ကျွန်တော်အပါအဝင် Myanmar Chevening Alumni အားလုံးက အလေးအနက် ဆန္ဒပြု တိုက်တွန်းပါတယ်။
အနာဂတ် Chevening ပညာတော်သင်တွေကို အားပေးမှု၊ လမ်းညွှန်မှု၊ အကြံဉာဏ်နဲ့ အဆက်အသွယ်ကောင်းများ ထောက်ပံ့ပေးဖို့ MCA အနေနဲ့ သံန္နိဋ္ဌာန်ချထားပါတယ်။ Chevening ပညာသင်ဆုအကြောင်း၊ လျှောက်လွှာတင်ခြင်းနဲ့ အင်တာဗျူး ဖြေဆိုမှုဆိုင်ရာ အကြုံပြုချက်များ လေ့လာနိုင်ရန်အတွက် ‘UK in Myanmar’ Facebook Page ကို follow လုပ်ထားဖို့ အကြံပြုပါတယ်။‘ ဟု ပြောကြားထားပါသည်။
အသေးစိတ် အချက်အလက်များ
အရည်အချင်းပြည့်မီမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ပညာသင်ဆုဆိုင်ရာ အသေးစိတ်အချက်အလက်များကို chevening.org ၌ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဆက်သွယ်ရန်
Lisa Gill
MyanmarCheveningEnquiries@fcdo.gov.uk
ENDS
တည်းဖြတ်သူများထံသို့ မှတ်စု
Chevening ပညာသင်ဆုများသည် နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့သော ယူကေအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ ပညာသင်ဆု အစီအစဉ်ဖြစ်သည်။ ပညာသင်ဆုများသည် အနာဂတ်ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချမှတ်သူများနှင့် သဘောထားအမြင် ဖော်ဆောင်သူများဖြစ်လာရန် အလားအလာရှိသော တစ်ဦးတစ်ယောက်ချင်းစီအား ယူကေတက္ကသိုလ်များတွင် မဟာဘွဲ့များကို (၁) နှစ်တာ သင်ကြားပို့ချပေးခြင်းဖြင့် ထောက်ပံ့ပေးပါသည်။
Chevening ပညာသင်ဆုဆွတ်ခူးရရှိသူများသည် ကျောင်းလခအပါအဝင် အသွားအပြန် လေယာဉ်လက်မှတ်နှင့် ဗီဇာလျှောက်ထားခြင်းအတွက် ထောက်ပံ့စရိတ်တို့ကိုပါရရှိမည်ဖြစ်ပါသည်။
ထို့ပြင် ယူကေနိုင်ငံ သို့/မှ ထွက်ခွာခြင်းနှင့် ဆိုက်ရောက်ခြင်းဆိုင်ရာ ခရီးသွားလာစရိတ်များနှင့် နေထိုင်မှုဆိုင်ရာကုန်ကျစရိတ်များအတွက် လစဉ်ထောက်ပံ့ကြေးကိုလည်း ပေးအပ် ချီးမြှင့်ခံရမည် ဖြစ်ပါသည်။
Chevening သည် ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့ပြီး ဂုဏ်သတင်းကြီးသော နိုင်ငံတကာပညာသင်ဆု အစီအစဉ်အဖြစ် တိုးတက်ပြောင်းလဲခဲ့သည်။ Chevening ပညာတော်သင်များသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၁၆၀ ကျော်မှ လာရောက်ပညာသင်ယူကြခြင်းဖြစ်သည်။ လွန်ခဲ့သည့် (၅) နှစ်အတွင်း Chevening သည် ပညာသင်ဆုပေါင်း ၈,၀၀၀ ကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ဩဇာကြီးမားပြီး အထင်ကြီးလေးစားခံရသော ကမ္ဘာလုံးဆိုင်ရာကွန်ရက်တစ်ခု အဖြစ်ဖွဲ့စည်းထားသည့် Chevening ပညာတော်သင် ကျောင်းသားကျောင်းသူဟောင်း စုစုပေါင်း ၅၇,၀၀၀ ကျော် ရှိပြီဖြစ်သည်။
ထပ်မံသိရှိလိုသော အသေးစိတ်အချက်အလက်များကို chevening.org တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။