Headlines

မြို့တွင်းတိုက်ပွဲများအပြီး တီးတိန်မြို့မှာဖောက်ထွင်း ခိုးယူမှု ပိုမိုများပြားလာရခြင်းမှာ မူးယစ်ဆေးဝါး သုံးစွဲသူများလာခြင်းကြောင့်လို့ဆို

မေလ ၂၆ ရက်နေ့မှစတင်ကာဖြစ်ပွါးခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲ အပြီးတွင် ဖောက်ထွင်းခိုးယူမှု ပိုမိုများပြားလာရတဲ့ အကြောင်းရင်းမှာ တီးတိန်မြို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ဦးရေ မြှင့်တက် လာမှုကြောင့် ဖြစ်တယ် လို့ ဒေသခံ လူငယ် ခေါင်းဆောင် တစ်ဦးက Chin World Media ကို ပြောပြပါတယ်။

“အာဏာသိမ်းပြီး နောက်ပိုင်း မြို့တွင်းမှာက လုံခြုံရေး လျော့ရဲ လာတယ်။ ရပ်ကွက် အလိုက် စုစည်းတဲ့ လုံခြုံရေး အဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကပဲ ပြည်သူ့ လုံခြုံရေး အပိုင်းကို ညှိနှိုင်းပြီး တာဝန်ယူရတယ်။ မြို့တွင်း တိုက်ပွဲ မဖြစ်ခင်ကတည်းက ဖမ်းမိတဲ့ သူခိုး အများစုက ဆေးသမား တွေ ဖြစ်တယ်။ စားဖို့ မရှိလို့၊ ဆင်းရဲလို့ ခိုးတာမျိုး မတွေ့ရဘူး။ ဆေးဖိုး မတတ်နိုင်လို့ ခိုးကြတာကို တွေ့ရတယ်။ မြို့တွင်း တိုက်ပွဲ အပြီးမှာတော့ မူးယစ်ဆေး သုံးစွဲသူ တရှိန်ထိုး တိုးလာခဲ့တယ်။ ခိုးယူ ဖောက်ထွင်းမှုတွေလည်း များလာခဲ့တယ်။ တချို့ အရက်သမားတွေ တောင် ခိုးလာတာ တွေ့ရတယ်” လို့ တီးတိန်မြို့မှာ ဖောက်ထွင်း ခိုးယူမှု များပြားလာပုံကို တီးတိန်ဒေသခံလူငယ်က ပြောပြပါတယ်။

စစ်မှုထမ်း ဥပဒေကြောင့် လည်းကောင်း၊ မြို့တွင်း တိုက်ပွဲကြောင့် စစ်ရှောင် ကြခြင်း ကြောင့် လည်းကောင်း၊ မြို့တွင်း၌ အုပ်စုဖွဲ့ပြီး သွားလာရန် အဆင်မပြေတော့တာ ကြောင့် လည်းကောင်း လူငယ်များ အနေဖြင့် ဒေသ လုံခြုံရေး ကို ဆက်လက် တာဝန်ယူဖို့ ခက်ခဲလာကြောင်း၊ ရပ်ကွက် အလိုက် လုံခြုံရေး အဖွဲ့များ ပြည်သူဘက်မှ ဖွဲ့စည်း သော်လည်း မထိရောက် နိုင်ကြောင်း၊ စစ်သားများ နှင့် ရဲများသည်လည်း တခါတလေ မြို့တွင်းသို့ လှည့်လည် တာက လွဲပြီး ပြည်သူ့ လုံခြုံရေးပိုင်းကို ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း လက်ရှိတီးတိန်မြို့အခြေအနေကို ဒေသခံတချို့ကပြောပြပါတယ်။

“လတ်တလောမှာ ဒေသအတွင်း သုံးစွဲမှု များလာတာ က နံပါတ်ဖိုး ခေါ်တဲ့ ဘိန်းဖြူ အမျိုးအစား ဖြစ်တယ်။ အရင်က ဆိုရင် ဆိုင်ကယ်တို့၊ ရွှေထည် တို့ကို ပဲ ခိုးကြတာ။ အခုတော့ တွေ့သမျှ အကုန်ခိုးကြတော့ တာပဲ။ ဘက်ထရီ သေးသေးလေးတွေတောင် အလွတ်မပေး ကြဘူး၊ရပ်ကွက် လုံခြုံရေး အဖွဲ့တွေ၊ လူငယ် အဖွဲ့အစည်းတွေ ဖမ်းမိတဲ့သူခိုးတွေက ဆေးသမားတွေပဲ ဖြစ်နေခဲ့တယ် ဆိုတာ တိုက်ဆိုင်မှု တစ်ခုလို့တော့ မထင်ဘူး” လို့ တီးတိန်မြို့ခံ ၁ ဦးက မှတ်ချက်ပြုပါတယ်။

တီးတိန်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့မှာ စာသင် ကျောင်းများ စတင် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်တာနက် နှင့် လျှပ်စစ်မီး များကိုလည်း ဇူလိုင် ၂၆ ရက်နေ့မှာ ပြန်လည် ရရှိခဲ့ကာ တီးတိန်ပြည်သူ့ဆေးရုံကို ဩဂုတ်လ ၁ ရက်နေ့မှာ ပြန်ဖွင့်နိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *