ကိုဇံ(ချင်းတောင်)
ဆောက်လက်စ မံဆောင်တံတားသစ် အပေါ် ပျဉ်ခင်းပြီး ဆိုင်ကယ်များ အဆင်ပြေ ချောမွေ့စွာ မြစ်ကို ဖြတ်သန်း နိုင်အောင် လိုင်တွီး ရွာသားများမှ ကိုယ်ထူကိုယ်ထပြုပြင် ဆောင်ရွက်ခဲ့မှု ဇူလိုင် ၂၁ ရက်နေ့မှာ ပြီးစီးသွားပါတယ်။
အိန္ဒိယနယ်စပ် ကုန်သွယ်ရေး နှင့် လမ်းပန်း ဆက်သွယ်ရေး အတွက် အဓိက အသုံးပြုတဲ့ တီးတိန် မြို့နယ် မံဆောင်း တံတားကို စစ်ကောင်စီ စစ်တပ်မှ ဇွန်လ ၈ ရက်နေ့မှာ မိုင်းခွဲ ဖျက်ဆီး လိုက်တာကြောင့် မဏိပူရမြစ် တဖက်ကမ်းရှိ ဒေသခံများ အနေဖြင့် တီးတိန်မြို့ နဲ့ လည်းကောင်း၊ ကလေးမြို့နဲ့ တခြား ပြည်မ ဘက် နဲ့ လည်းကောင်း ခရီးသွားလာ ဆက်သွယ် ဖို့ အခက်အခဲများစွာ ကြုံတွေ့ခဲ့ ရပါတယ်။
“မံဆောင်းတံတား ဖောက်ခွဲ ဖျက်ဆီး လိုက်တော့ ကျနော် တို့ လိုင်တွီး ရွာသားတွေ က အတော် အခက်တွေ့တယ်။ ကပ်တဲလ်ရွာရဲ့ မြစ်ကူး တံတား ကနေ တကွေ့တပတ် နဲ့ ရွာကို ပြန်ခဲ့ရတယ်။ ခရီး အားဖြင့် ဆယ့်ငါးမိုင် လောက် ကွေ့ပတ် ရတယ်။ လမ်းလည်း မကောင်းတော့ နာရီ ပေါင်းများစွာ နှောင့်နှေး ခဲ့ရတယ်” လို့ လိုင်တွီး ရွာသား တစ်ဦးက ပြောကြား ခဲ့ပါတယ်။
ကပ်တဲလ် ရွာခံ လူကြီး တစ်ဦး ကလည်း “ မံဆောင်းတံတား ဖောက်ခွဲ ခံရပြီး နောက်ပိုင်း ကပ်တဲလ် တံတားကို အဓိက အသုံးပြုလာ ကြတယ်။ စကပ် နှင့် ဖော်လင် ကုန်တင်ကားတွေဆို အခင်းမကောင်းတော့တဲ့ ကပ်တဲလ် မဏိပူရ မြစ်ကူး တံတား ပေါ် ဖြတ်ကူး ကြတယ်။ တရက် တရက်ကို ကား အစီး ၂၀ နှင့် ၃၀ ကြားရှိ ကားတန်းကြီး တွေက ရွာကို ဖြတ်ပြီး နယ်စပ် နဲ့ အသွားအပြန် လုပ်ကြတယ်။ အသွားအပြန် အနည်းဆုံး ကား အစီး ၅၀ လောက် က လာ ဖြတ်သန်းတယ်။ တီးတိန်မြို့ပေါ် ရှိ စားသောက်ဆိုင် တချို့က ကပ်တဲလ်ရွာမှာ လာပြောင်းပြီး ဆိုင်လာ ဖွင့်ခဲ့တယ်။ ကျွန်ုပ်တို့ ရွာမှာ ထမင်းဆိုင် ဖွင့်ဖူးတာ ဆိုလို့ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်လောက်က တခြား နယ်စပ် ကုန်သွယ် လမ်းတွေ ပြတ်တောက် တော့ တခါ လာ ဖွင့်ခဲ့ဖူးတယ်” လို့ ဆိုခဲ့ ပါတယ်။
၃ တန်သာ ဖြတ်သန်းခွင့် ပြုထားတဲ့ ကပ်တဲလ် တံတားကို ၆ ဘီးကား မျိုးစုံက ဖြတ်သန်း နေခဲ့ရကြောင်း၊ COVID-19 ကပ်ဘေး ကာလ၂၀၂၁ ခုနှစ်က ကပ်တဲလ် တံတား မှာ ခင်းထားတဲ့ ပျဉ်များကို ဘယ်ကမှန်း မသိရသော လူများမှ မီးရှို့ခဲ့ပြီး ရွာသားများမှ ငြိမ်းသတ် ခဲ့ရကြောင်း၊ ယင်း နောက်ပိုင်းတွင် တံတား အခင်း အတော် အားနည်း ခဲ့ကြောင်း၊ ယခုမှ နယ်စပ် ခရီးသွား သူများမှ အဓိက အသုံးပြုသည့် တံတား ဖြစ်လာသည့် အတွက် ကပ်တဲလ် ရွာသားများမှ မြစ်ဝှမ်းရှိ သစ်မာများ ပျဉ်ခွဲပြီး တံတား အခင်းကို ပြုပြင် ခဲ့ရကြောင်း ဆက်လက် ပြောကြား ခဲ့ပါတယ်။
“ကပ်တဲလ်-လဲန်တန်-ရိဒ် လမ်းက ကျောက်ခင်းလမ်း မဖြစ်သေးဘူး။ မြေသားလမ်း ဖြစ်နေတော့ အခုလို မိုးတွင်းမှာ တော်တော်လေး ခက်ခဲတယ်။ ကားတွေက အချင်းချင်း ကူညီ နိုင်အောင် အစုလိုက် ခရီးသွားခဲ့ကြတယ်။ ကပ်တဲလ် ရွာ အလွန် ဟိန်အွန် (Hiangawn)ရွာ အနီးမှာ မတ်စောက်ပြီး လမ်းကျဉ်းတဲ့ ကျောက်ကမ်းပါး တနေရာ ရှိတယ်။ အဲနေရာက သွားလာရ အခက်ခဲ ဆုံးပဲ” လို့ လမ်း အခြေအနေကို လည်း ဆက်လက် ရှင်းပြ ပေးခဲ့ ပါတယ်။
တီးတိန်-မံဆောင်းတံတား-လိုင်တွီး – လဲန်တန်-ရိဒ် လမ်းမ နဲ့ ပတ်သက်ပြီး လိုင်တွီး ရွာခံ တစ်ဦးက “အခု စကစ ဖောက်ခွဲတဲ့ တံတားက အဟောင်းပါ။ တံတားဟောင်းရဲ့ မြောက်ဘက်မှာ တံတား အသစ် တစင်း ဆောက်ထားတယ်။ တိုင်တွေ၊ တန်းတွေ ပြီးသွားပြီ။ ချဉ်းကပ်လမ်း အတွက် ဘာမှ မလုပ်ရသေးဘူး။ တန်း အပေါ်မှာလည်း ဘာမှ မခင်းရသေးဘူး။ မြေပြင် ကနေ တံတားသစ်ရဲ့ တန်းက ပေ ၂၀ ကျော် မြင့်တယ်။ တံတား ပျက်သွားတော့ မြစ်နားမှာ ရှိတဲ့ လူတွေက ဆိုင်ကယ်ကို တန်းပေါ် ရောက်အောင် တင်ပေးခဲ့ရတယ်။ ချ ပေးခဲ့ရတယ်။ ဆိုင်ကယ် တစ်စီး တင်ဖို့ ကျပ်၁၅၀၀၀၊ ချဖို့ဆိုလည်း ကျပ် ၁၅၀၀၀ ပေး ရတယ်။ တံတားတန်း၊ သံဘောင် ပေါ်မှာ တော့ ကိုယ့်ဟာကိုယ် တွန်းရတယ်” လို့ တံတား ဖောက်ခွဲ ခဲ့ အပြီး လမ်းပန်း ဆက်သွယ်ရေး အခြေအနေကို ရှင်းပြခဲ့ ပါတယ်။
ယင်း ကဲ့သို့ အတင် အချ လုပ်ရတာ မလွယ်ကူတော့သည့် အတွက် တံတား ပတ်ဝန်းကျင်တွင် နေထိုင်ကြသူများ အနေဖြင့် ချဉ်းကပ်လမ်း ပြုလုပ်မည့် နေရာမှာ ဆောက်လုပ်ရေး ဌာန၏ လက်ကျန် သစ်သားများကို အသုံးပြုပြီး မြောက်ဘက်ပိုင်း တန်းပေါ်တွင် ဆိုင်ကယ် တွန်းနိုင်အောင် ပြုလုပ်ခဲ့ကြောင်း၊ ယင်း တံတား ဖြတ်ကူးခ အနေဖြင့် ဆိုင်ကယ် တစ်စီးကို ကျပ် ၅၀၀၀ ကောက်ခံ သွားခဲ့ကြောင်း၊ အသွားအလာများသော လိုင်တွီး ရွာသားများ အနေဖြင့် အခက်အခဲ ဖြစ်လာတဲ့ အတွက် တံတားသစ်၏ တောင်ဘက် တန်းပေါ် အခင်း ထပ်ခင်းရန် ပြင်ဆင် လာခဲ့ရကြောင်း ယင်းမှ ဆက်လက် ပြောကြား ခဲ့ပါတယ်။
“ကျွန်ုပ်တို့ လိုင်တွီးရွာသားတွေ အနေနဲ့ ဒေသ အသီးသီးမှာ ရှိတဲ့ ရွာသားတွေဆီ အလှူခံခဲ့ရတယ်။ တီးတိန် ကနေ ပျဉ်တွေ၊ တိုင်တွေ ဝယ်ခဲ့ရတယ်။ ဇူလိုင် ၁၈ ရက်နေ့မှာ ရွာသားတွေက လူအား နဲ့ လုပ်အား သွားပေးခဲ့ရတယ်။ ငွေသား တော့ ကျပ် သိန်း ၂၀၀ ကျော် ကုန်သွားတယ်။ လုပ်အားတော့ ၅၀၀ ကျော် အသုံးပြုလိုက် ရတယ်။ အဲလို လုပ်ရင် ဇူလိုင် ၂၁ ရက်နေ့မှာ ပြီးသွားခဲ့တယ်” လို့ တံတားသစ်၏ တောင်ဘက် အတန်းပေါ်မှာ အခင်း လုပ်ဖြစ်ပုံ နှင့် ချဉ်းကပ်လမ်း အတွက် တည်ဆောက်ခဲ့ရပုံကို ရှင်းပြခဲ့ ပါတယ်။
တံတား တန်း နှစ်ခု စလုံး အခင်း ခင်း ခဲ့ပြီး နောက်ပိုင်းတွင် ခရီးသွား ဆိုင်ကယ်များ အပေါ် ငွေကြေး ကောက်ခံမှုကို ရပ်တန့်ခဲ့ကြပြီး ဈေးရောင်းသည့် ဆိုင်ကယ်များအား တစ် စီး တစ်ထောင် ကောက်ခဲ့ ရကြောင်း၊ မံဆောင်း တံတားကို ဖြတ်ပြီး ခရီးသွား ဆိုင်ကယ် အနည်းဆုံး အစီး ၁၀၀ ခန့် နေ့စဉ် ဖြတ်သန်း ခဲ့ကြောင်း ယင်း လိုင်တွီး ရွာသားထံမှ ဆက်လက် သိရှိခဲ့ရ ပါတယ်။
“တံတားက ဆိုင်ကယ် နဲ့ တွန်းလှည်းတွေ ဖြတ် လို့ရအောင်ပဲ လုပ်ရတာ။ ကားတွေက ဖြတ်လို့ မရဘူး။ ခရီးသည်တင် ကားတွေဆို ကပ်တဲလ် တံတားဘက် ကနေ သွားတာများတယ်။ ကုန်တင် ကားကြီးတွေက တီးတိန်ဘက်ကမ်း ရှိ တံတားခြေရင်းထိသာ သွားခဲ့ရတယ်။ ကုန်တွေကို တွန်းလှည်းတွေ အပေါ် တင်ပြီး တဖက်ကမ်းကို တွန်းပို့ရတယ်။ အပို့များတဲ့ ကုန်ပစ္စည်းထဲမှာ ကွမ်းသီးလည်း တစ်ခု ဖြစ်တယ်။ ပစ္စည်းကို သယ်ရတော့ အလုပ်သမား လိုအပ်ချက် အတော် များ လာတယ်။ တံတား ပတ်ဝန်းကျင်က လူငယ် တော်တော်များ က အဲမှာ အလုပ် လာလုပ်ကြတယ်” လို့ တံတား ပြုပြင်ရေးတွင် ဦးဆောင်ခဲ့သူ လူငယ် တစ်ဦး က လက်ရှိ အသုံးပြုပုံ ကို ရှင်းပြပါတယ်။
ကုန်သယ်ပြီး တံတား တဖက် သယ်ဆောင်ခဲ့ရသည့် ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ၁၂ ဘီးကား တစ်စီး အတွက် ကျပ် ၁၈ သိန်း၊ ၁၀ ဘီးကား နှင့် ကုန်တင်ကားကြီးများ အတွက် ကျပ် ၁၂ သိန်း သတ်မှတ် ထားကြောင်း၊ လိုင်တွီး၊ လမ်ဇန်၊ ငေါင်၊ မွေဇောလ် စသည့် ရွာများမှ လူငယ်များ အလုပ်သမား အဖြစ် အလှည့်ကျ လုပ်ကိုင်နေရ ကြောင်း၊ တစ်နေ့လျှင် ကား ၈ စီး စာလောက်သာသယ်ပြီး မြစ် တဖက်ကမ်းကို သယ်ယူ နိုင်ကြကြောင်း၊ ၂၂ မိုင်ခန့်သာ ရှိသော လိုင်တွီး နဲ့ ရိဒ်ကြား လမ်းဟာလည်း ပြုပြင်မှု မရှိတော့တဲ့ အတွက် ကုန်တင်ကားများ နေ့ချင်းပြန် မသွားနိုင်တော့ကြောင်း ယင်း နေရာတွင် လုပ်ကိုင်ခဲ့သည့် ရွာသားများ ထံမှ သိရှိခဲ့ရပါတယ်။
“အဖွဲ့လိုက် အလှည့်ကျ ဆိုပေမယ့်၊ ကုန်က များနေတော့ အဲမှာ စောင့် နေလိုက်ရင် အလုပ် ရကို ရတယ်ဗျ။ တချို့ အလုပ်သမားတွေက ကုန်ချဖို့၊ သယ်ဖို့၊ တင်ဖို့ အရမ်းများတော့ မနိုင်တော့ဘူး။ သူတို့နေရာမှာ ကိုယ်က လိုက်ဝင် လိုက်ရင် နေ့စရိတ်တော့ ရကို ရတယ်။ ပင်ပန်းပေမယ့် လုပ်အားခတော့ တွက်ချေ ကိုက်ပါတယ်။ ကိုယ် လုပ်နိုင်တဲ့ အပေါ် မူတည်ပြီး ရတာလေ” လို့ ကုန်သယ် အလုပ်သမား တစ်ဦးက ပြောကြားခဲ့ ပါတယ်။
လိုင်တွီးရွာသား လူငယ် တစ်ဦးကတော့ “ ကျွန်တော်တို့ ရွာက စားသောက်ဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေ နဲ့ အတော် စည်ကားခဲ့ဖူးတယ်။ ခေတ်ကောင်းတုန်းကဆို ရိဒ်ရေကန် သွားမယ့် လေ့လာရေး ခရီးသွားတွေနဲ့တင် သူတို့ တွက် ခြေကိုက်တယ်။ အခုတော့ ရွာမှာ စားသောက်ဆိုင်လည်း မဖွင့်နိုင်တော့ဘူး။ စွဲမက် စားသောက်ဆိုင်ဆို တီအိုချောင်းဘက်မှာ ပြောင်း ဖွင့်နေပြီ။ ဒေသ ထွက်ကုန်တွေလည်း ဈေးကွက် မရှိတော့ဘူး။ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်ထိ ပြန်ကျသွားခဲ့တယ်” လို့ ညည်းတွားခဲ့ပါတယ်။
လက်ရှိမှာတော့ ကုန်တင်ကားငယ်များ နှင့် ခရီးသည်တင် ကားများက ကပ်တဲလ် တံတား ဘက်ကနေ နယ်စပ်ကို သွားနေကြပြီး၊ ကုန်တင်ကားကြီးတွေ အနေနဲ့ မံဆောင်းတံတားထိ ကုန်များကို သယ်ယူခဲ့ပြီး ယင်းမှ တဆင့် တံတားပေါ် တွန်းလှည်းများဖြင့် သယ်ယူကာ တဖက်ကမ်းရှိ ကားများဖြင့် နယ်စပ်ကို ပို့ဆောင် နေကြတယ် လို့ သိရပါတယ်။