ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွား လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်(CDF-Mindat) က ဒီကနေ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မိဘပြည်သူတွေအနေနဲ့ တိုက်ပွဲဖြစ်ပွားလာပါက တိုက်ပွဲသတင်းတွေ အထိအခိုက်ကျဆုံးမှုများ တိကျခိုင်လုံမှုမရှိတဲ့ သတင်းတွေကို မိမိ လူမှုကွန်ယက်ပေါ်မှာ ဖြန့်ဝေခြင်း လုံးဝ မပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က အသိပေးထားပါတယ်။
မင်းတပ်မြို့နယ်အတွင်း ဒီလအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်လို့ လူသေဆုံး၊ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေအနေနဲ့ ပုန်းခိုစရာနေရာတွေ သေချာတူးထားဖို့နဲ့ လူစုလူဝေး မလုပ်ကြဖို့ကိုလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်က က သြဂုတ်လ ၁၉ရက်နေ့က အသိပေးထားပါတယ်။