Headlines

မင်းတပ်မြို့နယ်က ကျေးရွာ ၁ ရွာကို စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ ဩဂုတ်လ ၃၁ ရက် မနက်အစောပိုင်း သုံးနာရီလောက်မှာ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူတွေရဲ့နေအိမ်တချို့ ထိခိုက်ပျက်စီးသွားတယ်လို့ မင်းတပ် ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတပ်မြို့ကိုတိုက်တော့မယ် ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင််စီတပ်ဖွဲ့ဘက်က ကြိုတင်ခုခံကြတဲ့ အနေနဲ့ နေ့စဉ် ဒရုန်းဗုံးကြဲတာ၊ ဂျက်ဖိုက်တာနဲ့ နေ့တိုင်းလာပစ်ခတ်နေတာဖြစ်တယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ရေးအခြေအနေ သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးက “မင်းတပ်မြို့ကို တိုက်မယ်လို့ သတင်းရလို့ ကြိုတင်ခုခံကြတဲ့ သဘောနေမှာပါ၊ ကျတော်တို့တပ်ဖွဲ့တွေက အရင်ကတည်းက မြို့အနီးအနားကို စိုးမိုးပြီးသားပါ အခုက မြို့အနီးအနားတွေမှာ စကစ ဘက်က အင်အားထပ်တိုးထားပြီး စုဖွဲ့လေ့ကျင့်မှုတွေ လုပ်လေ့ရှိတာကြောင့် အကြောက်လွန်ပြီး ရမ်းပစ်နေကြတာနေမှာပါ သူတို့နောက်ကျောက မတူပီဗျူဟာလည်း ကျသွားပြီဆိုတော့ တချို့စစ်သားတွေက ထွက်ပြေးချင်နေကြတယ်လို့ ကြားတယ်” လို့ပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၃၁ ရက် မနက် ကိုးနာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ကုန်တင်လေယာဉ် Y -12 လေယာဉ်ကနေ လေထီးနဲ့ မင်းတပ်မြို့ပေါ်က ၂၇၄ တပ်ရင်းကို ရိက္ခာတွေ ထပ်ချပေးတာတွေကို လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေ ဆီကနေ သိရပါတယ်။

မင်းတပ်မြို့မှာရှိတဲ့ စစ်ကောင်စီခံစစ်က မတူပီဗျူဟာထက် ခံစစ်ပိုကောင်းပြီး အင်အားပိုများတယ်လို့ စစ်ရေးအခြေအနေသိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးကပြောပါတယ်။

မင်းတပ်မြို့နယ်မှာ သြဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဒရုန်းတိုက််ခိုက်တာတွေ ဆက််တိုက်လုပ်နေတာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သြဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *