Headlines

ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခြင်း ခံရသော်လည်း ZCD ပါတီအနေဖြင့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရေး အတွက် ဆက်လက် လုပ်ဆောင်မယ်လို့ထုတ်ပြန်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့် ငြင်းပယ်ခြင်း ခံရတဲ့ ချင်းပြည်နယ်အခြေစိုက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်Zomi Congress for Democracy (ZCD)ပါတီ အနေဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက် People’s Representative Committee for Federal (PRCF) အတွင်းရှိ မဟာမိတ် အဖွဲ့များ နှင့်အတူ ဆက်လက် လက်တွဲလုပ်ဆောင်သွားမယ် လို့  ဩဂုတ်လ ၉ ရက်မှာ ZCD ပါတီက ဇိုမီးချင်းဘာသာ စကားဖြင့် ကြေညာချက်ထုတ်ပြန်သွားပါတယ်။

ZCD ပါတီ ဥက္ကဌ ပူဂင့်ကမ်းလျန်း မှ ဒီနေ့ဩဂုတ်လ ၉ ရက်မှာ ရုပ်သံမိန့်ခွန်း ပြောကြားရာမှာ “၁၉၉၂ တုန်းကလည်း ၁၉၉၃ မှာ ကျင်းပမယ့် အမျိုးသား ညီလာခံမှာ မပါစေချင်လို့ ၁၉၉၂ ခုနှစ်၊ ZNC ပါတီ ဖျက်သိမ်းတုန်းကလည်း ငွေစာရင်းကို အကြောင်းပြခဲ့တယ်။ ဒါပေမယ့် ခရိုင်ကနေ ငွေစာရင်း နှင့် ပတ်သက်ပြီး စစ်ဆေးစရာ အားလုံး စစ်ဆေးပြီးမှ အာမခံ သွင်းထားတဲ့ Deposit ငွေကိုတောင် ပြန် ထုတ်ပေးခဲ့ပြီး ဖြစ်တယ်။ အခုလည်း UEC က ပါတီကို မှတ်ပုံတင်ခွင့် ငြင်းပယ်ခဲ့တာ ဖြစ်တယ်။ မှတ်ပုံတင်ခွင့် ငြင်းပယ် ခံရတယ် ဆိုတာက ပါတီက ပျောက်ကွယ် သွားတာ မဟုတ်ပါဘူး။ ကိုယ့် လူမျိုးတစ်ဦး ရှင်သန် နေသရွေ့ ပါတီက ဆက်လက် ရပ်တည် နေမှာပါ” လို့ ပြောကြား သွားပါတယ်။

ZCD ပါတီရဲ့ ဇိုမီးချင်းဘာသာနဲ့ထုတ်ပြန်ချက်ထဲမှာ ZCD ပါတီ အနေဖြင့် လက်ရှိ မြန်မာ နိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာ နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် UEC ထံ မှတ်ပုံတင် လျှောက်ထားခြင်း ဖြစ်ကြောင်း၊ UEC မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် စာအမှတ် ၃/နငရ-မပတ (၁၉)/ကမရ ဖြင့် ငြင်းပယ်ခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ်တွင် United Nationalities League for Democracy (UNLD) အဖွဲ့ ဝင်၂၃ ပါတီ နှင့်အတူ ဖျက်သိမ်း ခံခဲ့ရဖူးကြောင်း၊ ပါတီခေါင်းဆောင်များကို ရန်ကုန်မြို့တွင် အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ပါတီ၏ အနိုင်ရ ကိုယ်စားလှယ် နှစ်ဦးနှင့် ရွေးကောက်ပွဲ မန်နေဂျာ နှစ်ဦးကို နိုင်ငံရေး ဆောင်ရွက်ခွင့်ပိတ်ပင်ရန် မတရား စီရင်ချက် ချ ခဲ့ကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ZNC (ယခု ZCD) ကို ဖျက်သိမ်းခဲ့သော်လည်း လုပ်ငန်း ဆောင်ရွက်မှုများ မရပ်တန့်ဘဲ တိုင်းရင်းသား ပါတီများ နှင့် အတူ လက်တွဲပြီး Committee Representing the People’s Parliament (CRPP) ဖြင့် တပြားမှ မလျော့မဘဲ နိုင်ငံရေး ဆက်လက် လုပ်ဆောင် သကဲ့သို့ ယခုတွင်လည်း မဟာမိတ် ပါတီများ နှင့် လက်တွဲပြီး CRPF ဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ရရှိသည် အထိ ဆက်လက် ရပ်တည် လုပ်ဆောင် သွား မည် ဖြစ်ကြောင်း၊ အတိတ် ကာလတွင် လူထု နှင့်အတူ အခက်အခဲ ပေါင်းများစွာကို လက်တွဲ ဖြတ်သန်း လာသည့် နည်းတူ ယခုလည်း ပြည်သူလူထု များ အနေဖြင့် မိမိတို့ နိုင်ရာ ဝန် အသီးသီး ကို ထမ်းဆောင်ပြီး မိမိ တို့ ရည်မှန်းချက် ပြီးမြောက်သည် အထိ ဆက်လက် ကြိုးပမ်းကြရန် ဖိတ်ခေါ်လို ကြောင်း စသည့် အချက်များ ပါဝင်ပါတယ်။

ZCD ပါတီဟာ ZNC ပါတီအမည်နဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ချင်းပြည်နယ်၊တီးတိန်နဲ့တွန်းဇံမြို့နယ်မှာ ၂ နေရာယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၊၂၀၁၅ ရွေးကောက်ပွဲမှာ တီးတိန်နဲ့တွန်းဇံမြို့နယ်ကလွှတ်တော်နေရာ ၆ နေရာမှာအနိုင်ရခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲမှာလည်း တီးတိန်နဲ့တွန်းဇံမြို့နယ်မှာ ၂ နေရာအနိုင်ရခဲ့တဲ့ ပါတီဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *