ခွန်ဘီလီ
ခရီးသွားဧည့်သည်၊ နယူးဒေလီ
အချိန်က မနက် မိုးမလင်း တလင်းချိန်၊ ဇန်န၀ါရီလကုန်ဆိုပေမဲ့ ချင်းတောင်ပေါ်မှာတော့ မနက်ခင်း နှင်းဖုံးလွှမ်း နေတုန်းပေ့ါ။ အပြင်ကိုထွက်ကြည့်လိုက်တော့ မိုးကောင်းကင်က ကြည်လင်နေပြီး ကြယ်ကလေးတွေ လင်းလက်နေတုန်းပဲ။ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြီးသွားပေမဲ့ ခုချိန်ထိ နိုင်ငံရေး စကားလုံးတွေ၊ ငြင်းခုန်သံတွေက မရပ်သေးဘူး။ မနက်စောစော ထပြီး ရှစ်လမ်းဆုံက လက်ဖက်ရည်သောက်၊ ပလာတာလေးစားပြီး အသိမိတ်ဆွေတွေနဲ့ စကားပြောကြမယ်။ လူတွေငြင်းခုန်နေတဲ့ နိုင်ငံရေး ဗဟုသုတတွေလည်း နားထောင်မယ်ဆိုပြီး မျက်နှာသစ်၊ သွားတိုက်လိုက်တယ်။ အိမ်ပေါ်တက်လာတော့ ဖုန်းတုန်ခါသံလေးမြည်နေတယ်။ ချက်ခြင်းဖွင့်ကြည့်လိုက်တော့ စစ်တပ်က အာဏာသိမ်းပြီ ဆိုတဲ့Facebook က noticeစာလေးကို တွေ့လိုက်တော့ ဆွံ့အသွားတယ်။ လက်ဖက်ရည်ဆိုင်သွားမည့် ခြေလှမ်းတွေ လည်း တွန့်ဆုတ်သွားတယ်။
ဒီလိုနဲ့ ကိုယ့်လိုပဲ ဖေဖေါ်၀ါရီလ ၁ ရက်နေ့ မနက်ခင်းမှာ ကိုယ့်မြို့ကလေးက လူတွေဟာ နှိုးစက်မပါပဲ အကုန်နိုးကြပြီး သတင်းနားထောင်သူကထောင်၊ စောင့်ကြည့်သူက စောင့်ကြည့်ရင်း တမြို့လုံး ငြိမ်သက်သွားတယ်။ အာဏာသိမ်းပြီး သုံးရက်မြောက် ကြတော့ တနိုင်ငံလုံး စစ်တပ်ကို ဆန္ဒပြတော့တာပါပဲ။ ဒီလိုနဲ့ ကိုယ့်မြို့လေးဆီ မှာလည်း လူငယ်တွေ ဦးဆောင်မှုနှင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလာကြ တော့တယ်။ ပထမလပိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ကြပေမယ့် နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက ပိုကြမ်းလာပြီး၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်လာတယ်။ နောက်ပိုင်း လူငယ်တွေက လက်နက်ကိုင်တဲ့ လမ်းစဥ်နဲ့ အာဏာရှင်ကို တော်လှန်တဲ့ အထိ ဖြစ်လာတော့တာပါပဲ။ ကိုယ့်မြို့ကလေးက သေးတော့ စစ်တပ်က ညညဆိုရင် တံခါးတွေ ဖျက်၊ ဧည့်စာရင်းတွေစစ်ပြီး ပြည်သူတွေကို နှိပ်စက်တာတွေလုပ်လာတယ်။ ကိုယ်လဲ သူတို့ရဲ့ ညှင်းပန်းနှိပ်စက်တာခံခဲ့ရပြီး နောက်ဆုံး အသက် အန္တရယ်အထိခြိမ်းခြောက် လာတဲ့အတွက် မနေနိုင်တော့လို့ မီဇိုရမ်ကို ပြေးခဲ့ရတယ်။ ငယ်ငယ်လေးကတည်းက ချစ်တဲ့ မြို့ကလေးက အိမ်ကလေးနဲ့ မိဘမိသားစုတွေကို ထားခဲ့ပြီး လင်မယားနှစ်ယောက် ကိုယ့်မှာရှိတဲ့ အထုပ်လေးတွေဆွဲပြီး မနက်ခင်း အချိန်မှာ ဇာတိမြို့ လေးကို စွန့်ခွာခဲ့ရတယ်။ ဘ၀မှာ ကိုယ်ချစ်ရတဲ့ ဇာတိကို ထားခဲ့ရမှာ ရင်ထဲတကယ် စိတ်မကောင်းခဲ့ဘူး။
ဒီလိုနဲ့ ၂၀၂၁ နှစ်လည်ပိုင်းမှာ မီဇိုရမ်ကိုရောက်ခဲ့တယ်။ မီဇိုရမ်မှာရှိတဲ့ ဆွေမျိုးတွေ၊ ဒေသခံ YMA တွေရဲ့အကူအညီနဲ့ကျောင်းဆောင်ဟောင်းတွေမှာ
ခေတ္တ ခိုလှုံခွင့်ပြုခဲ့လို့ အိပ်စရာ နေရာလေးတစ်ခုရခဲ့တယ်။ တခါတလေမှာတော့ အသင်းတော်တွေအနေနဲ့ စောင်၊ခြင်ထောင်၊ ဆန်တွေ ေ၀လို့ ရခဲ့တယ်။ ဒါပေမဲ့ တခါတလေမှာတော့ မနက်ဖြန် ချက်ရမည့် ထမင်းအိုးလေးဟာ အထီးကျန်တဲ့ အချိန်များစွာရှိခဲ့ပါတယ်။ ညအချိန်မှာဆို နဖူးပေါ်လက်တင်ရင်းနဲ့ ကျောင်းဆောင်ဟောင်းရဲ့ ခေါင်မိုးပေါ်က အပေါက်လေးကနေ ကြယ်လေးတွေကြည့်ရင် ကြမ်းတမ်းတဲ့ ဒုက္ခသည်ဘ၀ကို တွေးရင်း မျက်ရည်ကျရုံ ကလွဲပြီး ဘယ်သူ့ကိုမှ မ ေပြာပြ ဖြစ်ဘူး။ ဆွေမျိုးမိဘမဲ့လို နေထိုင်ရတဲ့ အိမ်ခြေရာမဲ့ တစ်ယောက်လို မီဇိုရမ်မှာ အသက်ရှင်ခဲ့ရတယ်။ ဒါကို ဘယ်သူမှလည်း သိလိမ့်မယ် မထင်သလို ကိုယ့်ရဲ့အခက်အခဲကိုလည်မိသားစု၀င်တွေကို ပြောပြဖို့ အားနာမိတယ်။
မီဇိုရမ်ရောက်တော့ ပြည်ပရောက် ချင်းအသင်းတော်တွေရဲ့အကူအညီတချို့ရခဲ့တယ်။ အထူးသဖြင့် စားစရာတွေတော့ရခဲ့တယ်။ ဒါပေမဲ့ နေမကောင်း၊ မကျန်းမာတဲ့ အခါမှာ ဆေးခန်းပြဖို့ဖြစ်လာတော့ အသိတွေဆီကနေ ချေးငှားပြီး ဆေးခန်းပြရတာပေါ့။ မီဇိုလိုလည်း စကားမတတ်တော့ စကားနားလည်တဲ့သူကိုအကူအညီတောင်းပြီး ဆေးရုံ၊ ဆေးခန်းပြရပြန်တယ်။ တကယ်တော့ ဒုက္ခသည် စခန်းတော်တော်
များများဟာ မြို့နဲ့ အရမ်း ေ၀းပြန်တော့ ဆေးခန်းခအပြင်၊ ခရီးစရိတ်အရမ်းထောင်းပါတယ်။ ဒီလိုနဲ့ မတတ်နိုင်တဲ့အဆုံး၊ ဇာတိမြို့လေးမှာကျန်ခဲ့တဲ့ မိဘတွေဆီမှာ အပူကပ်ပြီး ရှိတာလေး တွေရောင်းပြီးပို့ပေးဖို့ တောင်းဆိုရတာ အားနာဖို့လည်း ကောင်းပါတယ်။ မိဘဖြစ်လို့သာ ကိုယ့်မှာရှိတဲ့ ပါးစပ်ထဲက တ၀က်ကို ပို့ပေးရှာတယ်။ မိဘတွေကို ကျေးဇူး မဆပ်နိုင်တဲ့အပြင် အသက်ကြီးတဲ့ အထိ ဒုက္ခပေးမိလို့ တောင်းပန်မိတာ အမှန်ပါ။ တကယ်တော့ မီဇိုရမ်မှာ ဆေးရုံ၊ ဆေးခန်းရောက်တဲ့အခါ ကြုံတွေ့ရတဲ့ ဘာသာ စကားနည်းမလည်တဲ့ ဒုက္ခ၊ ဆေး၀ါးဖိုးမတတ်နိုင်တဲ့ ဒုက္ခတွေကို ခါးစည်းခံပြီး အသက်ရှင်ခဲ့ရတာကိုတနေ့ကျရင် ငါအိမ်ပြန်ရတော့မှာပါလေလို့ ဖြေသိမ့်ရင်း အားတင်း ထားရတာပေါ့။
တကယ်ပါ မီဇိုရမ်မှာနေရတော့ လုပ်စရာဆိုလို့ မည်မည်ရရ မရှိခဲ့ဘူး။ အလုပ်အကိုင် ကလည်းရှားတော့ နေ့စားဘ၀နဲ့ ပင်ပင်ပန်းပန်းရုန်းကန်ရတာပါပဲ။ တခါတလေမှာ တောင်ယာရှင်းလိုက်၊ အိမ်လုပ်တဲ့ကျောက်ထုလိုက်၊ လမ်းခင်းတဲ့ ကျောက်ထုလိုက်နဲ့ ဘ၀မှာ ရုန်းကန်ခဲ့ရတယ်။ တနေကုန်လုပ်အားခကတော့ မများပါဘူး။ ပင်ပင် ပန်းပန်းလုပ်မှ တနေ့ ရူပီး ၃၀၀ လောက်ပါပဲ။ အမေရိကန်ဒေါ်လာနဲ့ဆို လေးဒေါ်လာ ပဲရတယ်။ အဲဒါလေးနဲ့ လင်မယား နှစ်ယောက် ကြိုးစားရုန်းကန်ရင်း အသက်ဆက် လာခဲ့ရတာ နှစ်နှစ်နီးပါးကျော်လာခဲ့ပြီ။
နောက်ပိုင်းကျတော့ ကိုယ့်အခြေအနေကို နားလည်ပေးတဲ့ ပြည်ပကမိသားစုတွေက UNHCR လျောက်ဖို့တိုက်တွန်းလို့ နယူးဒေလီကို ပြောင်းဖို့ အကြောင်းဖန်လာခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သူတို့အကူအညီနဲ့ ဒေလီမြို့ကို လာခဲ့ကြတယ်။ ဒေလီမှာလည်း အလုပ်အကိုင်လေးတော့ ရနိုင်တယ်ဆိုတဲ့ မြော်လင့်ချက်နဲ့ပေါ့။ ဒေလီရောက်ရောက်ခြင်း ဒီမှာရှိတဲ့ ဇာတိရွာ၊ မြို့တွေက အမျိုးတွေရဲ့ အကူအညီနဲ့ အိမ်ရှာကြပြန်တာပေါ့။ ဒေလီမှာ ပထမဆုံးကြုံရတာကတော့ ပတ်၀န်းကျင်က ဒုက္ခသည်တွေကို အိမ်မငှားချင်တဲ့ ပြသနာပေါ့။ ကိုယ်တွေလို ဒုက္ခသည်လျောက်တဲ့လူတွေနေတဲ့နေရာက မြို့စွန်ဆိုပေမဲ့ အိမ်ငှားခက စျေးကြီးလွန်းတယ်။ အခန်းခက ရူပီး ၆၀၀၀ ကနေ ၁၀၀၀၀ ထိစျေးရှိပြန်တယ်။ စျေးကမတတ်နိုင်တော့ နှစ်အိမ်ထောင်ပေါင်း အိမ်တလုံးငှားပြီး နေရတဲ့ အခြေအနေတွေ ရောက်ရကြတယ်။ တစ်ဆယ့်ငါးပေပတ်လည် အခန်းကျဥ်းထဲမှာ မိသားစုနှစ်ခု နေရတော့ ချင်းတောင်ပေါ်က အမေ့အိမ်လေးကို အရမ်း သတိရတယ်။ အိမ်မှာဆို မိသားစုခန်း သုံးခန်းလောက်နဲ့ ဧည့်သည်တွေလာရင်လည်း လွတ်လပ်တဲ့ အခန်းတွေနဲ့ နေလို့ရတယ်။ ဒီမှာကတော့ ပြတင်းပေါက်မပါတဲ့ အခန်းတွေ၊ နေရောင်ခြည်မရတဲ့ အခန်းကျဥ်းတွေထဲ နေထိုင်ရင်း ဘ၀ကို ရုန်းကန်ရတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်၀င်ငွေကလည်း မရှိသေးတော့ အဆင်ပြေသလို ဒုက္ခသည် လုပ်ရ ပြန်တာပေါ့။
ပတ်၀န်းကျင်က တော့ နေထိုင်တဲ့စနစ်ကကြမ်းတယ်။ အနံအသက်မခံနိုင်တဲ့အထိ မွန်းကြပ်လွန်းတယ်။ နေရာတိုင်းတွင် ယင်ကောင်တွေ၊ အမှိုက်တွေနှင့် နွားတွေနဲ့ ပြည့်နှက်နေတယ်။ အသက်ရူစရာ အောက်ဆီဂျင်တောင် ရူစရာမရှိသလို ခံစားရတယ်။ သစ်ပင်လည်းမရှိ၊ တကယ့် ပူပြင်းခြောက်သွေ့တဲ့ ဒေလီရဲ့ လူနေထူထပ်မှု စနစ်ကို ကျင့်သားရအောင်ကြိုးစားရပြန်တယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ဂေဟ စနစ်မရှိတော့လို့ ကိုယ့်ရဲ့ ကျန်းမာရေးကို တကယ်ဂရုစိုက်ရတယ်။ အစားအသောက် တွေကတော့ ယင်ကောင်နဲ့ တယောက်တ၀က် လုစားနေရတာပေါ့။ ဒါကြောင့် ကိုယ့်အိမ်မှာ ရှိတာလေးချက်စားပြီး တင်းတိမ်ကြရပြန်တယ်။ အပြင်စာ စားဖို့၊ ပျော်ဖို့ နေနေသာသာ ကိုယ့်ရဲ့ မြို့ပြ ဒုက္ခသည်ဘ၀ကို ဘယ်လိုရုန်းကန်ရတယ် ဆိုတာ ကားလေးစီးပြီး အလုပ်သွား၊ ၀င်ငွေရှာတဲ့ ကိုယ့်ရဲ့ ညီအစ်ကိုတွေကို ပြောပြချင်မိတယ်။ အခန့်မသင့်ရင် အဆူခံရမှာစိုးလို့ ကိုယ့်ရဲ့ အခြေအနေတွေကို မပြောပြရဲဘူး။ ဘ၀ အခြေအနေတွေကမှ မတူကြတော့တာ၊ ကိုယ့်ဘ၀နဲ့ကိုယ်ရှိစေတော့လို့ မနက်ခင်း အတွက် ရုန်းကန်ရတာပေါ့။
ဒီလိုနဲ့ ဒေလီရောက်ပြီး နှစ်လကြာတော့ သူငယ်ချင်းတယောက်က အလုပ်ရှိတယ်ဆိုလို သွားစုံစမ်းတာ စားသောက်ဆိုင်အတွက် အိုးခွက် ပန်ကန်ဆေးအလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေကလည်းမရှိ၊ စားစရာလည်းမရှိ၊ ရတာလေးနဲ့လင်မယားနှစ်ယောက် စားသောက် နေထိုင်လို့ရအောင် လုပ်လိုက်ပါတယ်။ တနေ့တနေ့ ဆေးရတဲ့ ဒံပေါက်အိုးကြီးတွေ၊ အိမ်ပြန်လာတော့ ကိုယ့်ရဲ့ ကိုယ်သင်းနံ့တောင် ဒံပေါက်နံ့ဖြစ်လာတယ်။ လကုန်လို့ လစာ လေးရတော့ လစာအိတ်ကလေးကို ဆိုင်ရှင်ကလာပေးတော့ အရမ်း၀မ်းသာမိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်၀န်သည် မိန်းမကို ဆေးခန်းပြလို့ရတော့မယ်ဆိုတဲ့ မြော်လင့်ချက် နဲ့ပေါ့။ အိမ်ရောက်တော့ မိန်းမနဲ့ အတူတူဖွင့်ဖေါက်ကြတာ ရူပီး ၉၀၀၀ ဆိုတာကို အရမ်းရင်ခုန်မိတယ်။ တကယ်တော့ တစ်လလုံးလုပ်မှ အမေရိကန်ဒေါ်လာနဲ့ဆို တစ်ရာထဲပါ။ တကယ်ရှာရခက်ပါတယ်။ နောက်နေ့မနက်တော့ ခွင့်ခဏယူပြီး ဆေးခန်း တကြိမ်မှ မပြဖူးတဲ့ မိန်းမကို ဆေးခန်းပြလိုက်တာ ပိုက်ဆံလည်း တော်တော် ကုန်သွားတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ရင်သွေးနဲ့ မိန်းမအတွက်ပဲဆိုပြီး ဒံပေါက်အိုးထဲက ခြစ်သံ၊ ဆေးကြော်သံတွေကို မေ့ပျောက်ခဲ့တယ်။
ပုံမှန်အားဖြင့်တော့ UNHCR ကဒ်ဆိုတာက ဒုက္ခသည်အဖြစ်လျောက်ပြီး နှစ်နှစ်၊ သုံးနှစ် လောက်မှရကြတယ်။ ဒီကဒ်ရှိရင်တော့ ဆေးခန်းပြတာ၊ ကျောင်းတက်တာတွေက UN ကကူညီလေ့ရှိတယ်။ ဒါပေမဲ့ ခုမှရောက်လာတဲ့ ကိုယ့်လိုလူတွေတော့ ယာယီ လက်မှတ်ပဲရလို့ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ဖို့ ကြိုးစားရတယ်။ ဒေလီမှာ ဒုက္ခသည် အဖြစ် လျောက်တဲ့သူတွေတိုင်း ခက်ခဲကြမ်းတမ်းတဲ့ မြို့ပြရဲ့ ဒုက္ခသည် ဘ၀ကို အချင်းချင်းခံစားနားလည်တာကလွဲပြီး ကျန်တဲ့သူတွေမသိပါဘူး။
ဒုက္ခသည်အိမ်ထောင်ဦးစီးတိုင်းမှာတူညီတဲ့ ရုန်းကန်မှုတွေကရှိနေကြတာ ဘ၀တွက် မမေ့နိုင်တဲ့ အချိန်တွေပါ။ အထူးသဖြင့်အတည်တကျ အလုပ်အကိုင်ရှာဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ တစ်ခါတရံမှာ အိမ်နီးနားချင်း တွေက နေ့စားအလုပ်သမားအဖြစ် အလုပ်လုပ်ဖို့ ဖိတ်ခေါ်ပေမယ့် ဒီလိုအခွင့်အရေး မျိုးက ရှားတယ်။ ကျွန်တော်တို့ရဲ့ လစဉ် ၀င်ငွေက ရူပီး ၈၀၀၀ ဝန်းကျင်ဖြစ်ပြီး အခြေခံ လိုအပ်ချက်အတွက် သုံးငွေတွေအတွက် မလုံလောက် ကြပါဘူး။ စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာတော့ မိသားစုတိုင်း ခက်ခဲလာကြတယ်။ တစ်လအတွက် မိသားစုတစ်ခုရဲ့ အိမ်ငှားခက ရူပီး ၆၀၀၀-၁၀၀၀၀ ကြားမှာရှိသလို၊ အစားအသောက် အတွက် သုံးစွဲငွေတွေက တစ်လကို ရူပီး ၈၀၀၀ ၀န်းကျင်မှာရှိကြတယ်။ အဲတာတောင် အသားကို တစ်လမှာ နှစ်ခါ၊ သုံးခါလောက်ပဲ စားနိုင်ကြတယ်။ အထူးသဖြင့် အသစ်ရောက်လာတဲ့သူအတွက်တော့ အိမ်ငှားခ၊ ဂက်စ်အိုး၀ယ်ခ၊ လျှပ်စစ်၊ ပန်းကန်၀ယ်ခနဲ့ ရှင်းလိုက်ရင် ပထမဆုံးအကြိမ်တောင် ရူပီး ၃၀၀၀၀ ဆိုတာ အခြေချ နေထိုင်တဲ့ အခြေအနေထိပဲလောက်ပါတယ်။
အထူးသဖြင့် ကျန်းမာရေးပြဿနာကြုံရရင် အတော်လေးခက်ခဲပါတယ်။ UNHCR ကတ်မရှိရင် ကျန်းမာရေးစောင့်ရှောက်မှု ရယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ညစ် ေပ နေတဲ့ ပတ်ဝန်းကျင်မှာ ကျန်းမာသန်မာတဲ့ အခြေအနေ ရဖို့တော်တော် လေးခက်ခဲပါတယ်။ ကျန်းမာရေးကို အထောက်အကူဖြစ်စေဖို့ သန့်ရှင်းတဲ့ လေကောင်း လေသန့်မရှိတာမို့ ကျန်းမာရေးပြဿနာများကို ပိုမိုဆိုးရွား စေသည်။ ဒါပေမဲ့ ညည်းငြူခွင့် မရှိတဲ့ ဘ၀တွေမို့ ဘယ်မိသားစုတွေ၊ ညီအစ်ကိုတွေကိုမှ မပြောပြချင်ပါဘူး။ သူတို့ကူညီ ပေးတာတွေကိုလည်း ကျေးဇူးတင်မိသလို ပြန်ပေးဆပ်နိုင်တဲ့ အင်အားလည်းမရှိပါဘူး။
တကယ်တော့ ကျွန်တော်တို့ဘ၀ကိုတော့ ဒေလီမြို့က ဒုက္ခသည်တွေ နေထိုင်တဲ့ အရပ်က မိတ်ဆွေတွေအတွက်တော့ ဘ၀မှာ မပြီးဆုံးတော့မည့် ပုံပြင်လေးပါပဲ။ တခါ တလေမှာ အမေရိကန်နှင့် သြစတြေးလျမှာရှိတဲ့ မိသားစု၊ သူငယ်ချင်း၊ ညီအစ်ကိုတွေရဲ့ ကူညီမှုတွေက တကယ်ကျေးဇူးတင်မိတယ်။ သူတို့ရဲ့ အကူအညီအတွက် ကျွန်တော်တို့ အလွန်ကျေးဇူးတင်မိတယ်။ ကျွန်ုပ်တို့၏ ရုန်းကန်ရမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာဖို့တော့ခက်နေသေးတယ်။
အထူးသဖြင့် ဒေလီမှာရှိတဲ့ ဒုက္ခသည်တစ်ဦး၏ ဘဝသည် အခက်အခဲများနှင့် မသေချာ မရေရာမှုတွေနဲ့ပြည့်နှက်နေသည်။ ခက်ခဲကြမ်းတမ်းတဲ့ မြို့ပြဘ၀မှသည် အကန့်အသတ်ရှိသော အလုပ်အကိုင် အခွင့်အလမ်းတွေ၊ ကျန်းမာရေး စိန်ခေါ်မှုတွေ နှင့် ပညာရေးလက်လှမ်းမီနိုင်မှုက နေ့စဥ်ကြုံတွေ့နေရတဲ့ ဘ၀သင်ခန်းစာတွေပေါ့။ ဒါပေမဲ့ ဘ၀ဆိုတာ တိုက်ပွဲပါဆိုတာလည်း လက်ခံသလိုတိုက်ပွဲတိုင်းမှာ ပေးဆပ်မှု ရှိစမြဲမို့ လက်မလျော့ပါဘူး။
ဒါပေမဲ့ အားငယ်တဲ့ အချိန်မှာတော့ အားပေးတတ်တဲ့ မိသားစုတွေ၊ ညီအစ်ကိုတွေကို မျော်နေမိတယ်။ အားပေးစကားလေးပြောပေးတဲ့ မိသားစုလေးလိုချင်တယ်။ Online မှာ Hi လုပ်လိုက်တိုင်း ငွေတောင်းတော့မယ်လို့ မထင်စေချင်ဘူး။ ရင်ထဲမှာ မွန်းကြပ်တဲ့ ဒေလီမြို့ပြရဲ့ အကြောင်းလေးတွေကို ပြောပြချင်တာပါ။ အထူးသဖြင့် အပြန်နားလည်မှု၊ အားပေးမှုတွေကို ကျွန်တော်တို့ တကယ်လိုတာပါ။ အလိုလိုနေမှ အားငယ်တတ်တဲ့ သူတွေမို့ အပြစ်တင်မစောစေချင်ဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရောက်နေတဲ့လူတွေကိုတော့ အားကျတာပေါ့။ Facebook ပေါ်က Gathering တွေ၊ စားသောက်နေကြတာတွေကို မြင်ရတော့ အားကျတာပေါ့။ စားချင်လို့တော့မဟုတ်ဘူး။
အခြားတဖက်မှာ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေက ငတ်တလှည့် ပျက်တလှည့်နဲ့ ရုန်းကန်ကြတဲ့ဘ၀တွေကို ကူညီပေးကြပါလို့ တိုက်တွန်းချင်တာပါ။ တကယ်တော့ ကျွန်တော်တို့တစ်လလုံးရှာလို့ ရတဲ့ လစာလေးက ဖွံ့ဖြိုးပြီးနိုင်ငံရောက်တဲ့ ညီအစ်ကိုတွေအတွက်တော့ တစ်ရက်စာ လုပ်ခ၊ ပျော်ပွဲရွှင်ပွဲအတွက် ကုန်ကျစရိတ်ပါပဲ။ အများအားဖြင့်ဖွံ့ဖြိုးပြီးနိုင်ငံရောက်တဲ့ ညီအစ်ကိုတွေအများကြီး တာ၀န်ကျေတာ သဘောပေါက်ပါတယ်။ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက်ကြိုးစားမှာပါ။