Headlines

ချင်းပြည်နယ်မှာ ဘုရားကျောင်းမှာဝတ်ပြုနိုင်ခြင်းသည် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရှိခြင်းကြောင့် ဖြစ်ပါသလား??

ကိုဇံ (ချင်းတောင်)

တော်လှန်ရေး အင်အားစုများ မြို့တွင်းမှ ဆုတ်ခွာ ခဲ့အပြီး စစ်ကောင်စီမှ ပြန်လည် ထိန်းချုပ်ခဲ့သည့် တီးတိန်မြို့ရှိ ဘုရားကျောင်း အသီးသီး၌ တနင်္ဂနွေနေ့များတွင် ဝတ်ပြုကိုးကွယ်လာနိုင်ခြင်း နှင့် ပတ်သက်ပြီး တီးတိန်မြို့မှ သင်းအုပ်ဆရာတစ်ပါး က “လက်ရှိမှာတော့ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းကိုတော့ ကောင်းကောင်း ဝတ်ပြုလို့ရပါတယ်။ ဒါ ပေ မယ့်လွတ်လွတ်လပ်လပ် ပြုလုပ်ခဲ့တာလို့ မခံစားရဘူး။ လူစုလူဝေးဖြစ်တဲ့အ ခါကြတော့ အနည်းအများ ဆူညံမှုတွေ ရှိတယ်။ တခုခု ဖြစ်သွားမှာကို အမြဲတမ်း စိတ်ပူရတယ်။ တခါတလေဆို ဝတ်ပြုကိုးကွယ်တဲ့ အချိန်မှာတင် ဘုရားကျောင်း အပြင်ဘက်တွေမှာ စစ်သားတွေ လှည့်လည် သွားလာ နေခဲ့တယ်လေ” ဟု လက်ရှိ ဝတ်ပြုမှု အခြေအနေကို Chin World Media ကို ပြောပြပါသည်။

မေလ ၂6 ရက်ကစပြီး မြို့တွင်း တိုက်ပွဲ အလွန်ကာလတွင် စစ်ကောင်စီမှ ပြန်လည် ထိန်းချုပ်လိုက်သည့် တီးတိန်မြို့ရှိ ဘုရားကျောင်းများ၌ ဇူလိုင်လကုန်ပိုင်းမှစပြီး ဝတ်ပြုကိုးကွယ်ခြင်းများ ပုံမှန် နီးပါး ပြုလုပ်လာ နိုင်ခဲ့သလို၊ Chinland Council လက်အောက်ရှိ ချင်း ကာကွယ်ရေးတပ်ပေါင်းစုမှ သိမ်းပိုက် ထိန်းချုပ်လိုက်သည့် တွန်းဇံမြို့တွင်လည်း ဘုရားကျောင်းများ၌ ပုံမှန် ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ်လာနိုင်ခဲ့သည်။ ချင်းပြည်နယ် အတွင်းရှိ မြို့များတွင် တီးတိန်နဲ့တွန်းဇံမြို့ဟာ မြို့တွင်း တိုက်ပွဲဖြစ် အပြီး ဘုရားကျောင်းများ၌ ဝတ်ပြုကိုးကွယ်နိုင်သည့် မြို့ နှစ်မြို့ ဖြစ်လာခဲ့သည်။ ယင်းကဲ့သို့သော အခြေအနေများ နှင့်အတူ လူမှုကွန်ယက် စာမျက်နှာများ ပေါ်တွင် မြို့နှစ်ခု၏ တည်ငြိမ်အေးချမ်းမှု နှင့် ဘာသာရေး လွတ်လပ်ခွင့် ရရှိမှု အခြေအနေ များသည် အပြိုင်အဆိုင် အငြင်းပွားဖွယ် ကိစ္စ တရပ်ဖြစ်လာခဲ့သည်။

အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်၏ လွှတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အနေအထား

ချင်းပြည်နယ်၏ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ် စောင့်ကြည့်နေသော Chin Human Rights Organization (CHRO)ကမူ ၂၀၂၄ ခုနှစ် ဧပြီလကုန် အထိ အကျုံးဝင်သည့် သူတို့၏ မှတ်တမ်းများအရ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းတွင် ချင်းပြည်နယ်ရှိ သာသနိက အဆောက်အဦးပေါင်း ၁၁၆ ခု တိုက်ခိုက်၊ ဖျက်ဆီးခံခဲ့ရတယ်လို့ မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထား ပါသည်။ ၂၀၂၄ မေလ အတွင်းတွင် တွန်းဇံမြို့နယ် ၌ ဘုရားကျောင်း အနည်းဆုံး နှစ် ခု ဗုံးကြဲ ဖျက်ဆီး ခြင်း ခံခဲ့ရပြီး ဇွန်လ အတွင်းတွင်မူ မတူပီမြို့ရှိ ဘုရားကျောင်း နှစ်ခု နှင့် ဓမ္မကောလိပ် တစ်ခု ဗုံးထိမှန် ပျက်စီးသွားခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်း အရ ချင်းပြည်နယ် လူဦးရေ၏ 91.5 % သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်ကြပြီး ၈% သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြကာ ကျန် ၀.၅ % သည် ရိုးရာ ကိုးကွယ်မှု နှင့် တခြား ဘာသာဝင် ဖြစ်ကြသည်ဟု ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူစဉ်က ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈,၈၀၁ ဦး ရှိပါသည်။နောက်ဆုံး update လူဦးရေစာရင်းကို ၂၀၂၀ ခုနှစ်တုန်းက ချင်းပြည်နယ်အစိုးရက ချင်းပြည်နယ်မှာအိမ်ခြေ (၉၆,၆၉၆)၊ အိမ်ထောင်စု (၉၆,၄၈၄)၊ ကျား (၂၅၅,၅၉၂)ဦး၊ မ (၂၆၄,၄၄၀)ဦး၊ ပေါင်း (၅၂၀,၀၃၂) ဦး နေထိုင် ကြပါတယ်လို့ စာရင်းထုတ်ပြန်ထားပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းပြည်နယ် အတွင်း၌ ဖြစ်ပျက်ခဲ့သည့် သာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ ချိုးဖောက်ခံ ရမှုများနှင့် ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (Chin Human Rights Organization) ၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း အနေဖြင့် “စစ်အာဏာသိမ်းပြီး နောက်ပိုင်း ချင်းပြည်နယ်မှာတော့ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခံတာက လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်ခဲ့တဲ့ လူတွေလည်း သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် အမြဲတစေ ကြောက်လန့် နေခဲ့ရတယ်။ ဘုရားကျောင်းတွေကလည်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှု နှင့် ဗုံးကြဲမယ့် ပစ်မှတ်တွေ ဖြစ်လာခဲ့ ပါတယ်။ အချိန် အကန့်အသတ်နဲ့သာ အပြင်ထွက်လို့ ရတဲ့ စစ်အုပ်ချုပ်ရေး ကြေငြာ ထားသည့် အတွက် ချင်း ခရစ်ယာန်များ အသင်းတော် လှုပ်ရှားမှု အတော်များများကန့်သတ်ခံ ခဲ့ရပါတယ်။ အသင်းတော်ရဲ့ သံစုံသီချင်း (church choir)လေ့ကျင့်မှု ကဲ့သို့သော ပုံမှန် ဝတ်ပြုကိုးကွယ်ချိန် ပြင်ပမှာ ဆောင်ရွက်ရတဲ့ လှုပ်ရှားမှုတွေဆိုရင် အပြင်ထွက်ခွင့် ပိတ်ပင်သည့် ကာလအတွင်း သေနတ်နဲ့ အပစ်ခံရမှာ ကြောက်သည့် အတွက် မပြုလုပ်နိုင်ကြ တော့ပါဘူး” လို့ မှတ်ချက် ပြုခဲ့ ပါသည်။

တီးတိန်မြို့ရှိ အသင်းတော်ကြီး တစ်ခု၏ လူငယ်တာဝန်ခံ အဖြစ် သာသနာ့တာဝန် ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည့် လက်ထောက် သင်းအုပ်ဆရာ ဆရာခန့် ကတော့ အာဏာသိမ်းပြီး နောက်ပိုင်းတွင် မိမိတို့ အသင်းတော် အနေဖြင့် ခရစ္စမတ်ကာလ လူငယ်များ မိဿဟာရဖွဲ့ပြီး ရံပုံငွေရှာဖွေသည့် ပွဲတော်များ၊ Carol Singing ထွက်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိတော့ကြောင်း၊ ခရစ္စမတ်နေ့မှာလည်း နေ့လည်ပိုင်း ဝတ်ပြုကိုးကွယ်မှု ပြုလုပ်ခြင်းက လွှဲပြီး စားသောက်ပွဲများ၊ ပျော်ပွဲရွင်ပွဲများ ပြုလုပ်နိုင်ခြင်း မရှိတော့ကြောင်း၊ အသင်းတော်၏ ညဖက်ပိုင်း ပြုလုပ်သည့် ဝတ်ပြုဆုတောင်းခြင်း အစီအစဉ်များ ပြုလုပ် နိုင်ခြင်း မရှိတော့ကြောင်း၊ အထူးသဖြင့် အလုပ်နားခဲ့ရသည့် ညပိုင်းများတွင်သာ ဆောင်ရွက် ဖြစ်သည့် တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်အတွက် လူငယ်များ၏ သံစုံ Choir သီချင်းများ လေ့ကျင့်ခြင်း၊ သီချင်း တိုက်ခြင်းများ မပြုလုပ်နိုင်တော့ကြောင်း စသည်ဖြင့် မိမိတို့ မြို့၏ ကြုံတွေ့ရသည့် အခြေအနေကို ပြောပြခဲ့ ပါသည်။

Chin World Media ၏ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဖော်ပြခဲ့သည့် ဘာသာရေး အဆောက်အဦးများ ဖျက်ဆီးခံရမှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှုံးဆုံးလာရတဲ့ ချင်းပြည် ဆောင်းပါးတွင် ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘာသာရေး ကျောင်းများသည် စစ်ကောင်စီ စစ်တပ်များ၏ စစ်‌ရေး ပစ်မှတ် ဖြစ်လာခြင်းကြောင့် မိမိတို့ ဒေသ အတွင်းရှိ ဘုရားကျောင်းများတွင် ဝတ်ပြုကိုးကွယ် နိုင်ခြင်း မရှိဘဲ စစ်ရှောင်ရန် အတွက် ယာယီ ခိုလှုံသည့် တဲများတွင် စုဝေးပြီး ဝတ်ပြုခဲ့ရမှုများစွာ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ချင်းပြည်နယ်ရှိ မြို့ကြီးများမှ ဘုရားကျောင်းများ၏ လက်ရှိ အနေအထား

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့မှ ထန်တလန်မြို့ကို စတင်မီးရှို့ ခဲ့ပြီး ယင်းနေ့တွင်ပင် လူငယ် သင်းအုပ်ဓမ္မဆရာ တစ်ဦးကို ပစ်သတ်ခဲ့သည်။ နောက်ဆက်တွဲ အခြေအနေ အသီးသီး ကြောင့် မြို့နေ ပြည်သူ အားလုံး မြို့ကို စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ သုံးနှစ်ခန့် အကြာ တွင် ချင်းအမျိုးသားတပ်ဦး နှင့် ချင်းကာကွယ်ရေးတပ် ပေါင်းစုမှ ထန်တလန်မြို့ နေရာအများစုကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း ဘုရားကျောင်း အားလုံး မီးရှို့ဖျက်ဆီး ခံရပြီး မြို့နေ ပြည်သူများ ပြန်လာနိုင်ခြင်း မရှိသည့် အတွက်ကြောင့် ဘုရားကျောင်းများတွင် ဝတ်ပြုကိုးကွယ်ခြင်းများ ပြုလုပ်နိုင်ခြင်း မရှိဟု သိခဲ့ရသည်။

ဘုရားကျောင်းများ နှင့် လူစုလူဝေး ရှိသည့် နေရာများကို ဦးတည်ပြီး လေကြောင်း တိုက်ခိုက်မှုများ ရှိလာပြီး ဘုရားကျောင်း တချို့ပါ ဗုံးထိမှန်မှုများ ရှိလာသည့် အတွက် ၂၀၂၃ ခုနှစ် နှစ်လယ် လောက်ကနေ စပြီး ကန်ပလက် မြို့တွင် တနင်္ဂနွေနေ့၏ ပုံမှန် ဝတ်ပြု အစီအစဉ် ပြုလုပ် နိုင်ခြင်း မရှိတော့ကြောင်း ကန်ပလက် အရေး ဆောင်ရွက်နေသူ လူငယ် တစ်ဦးထံမှ သိရှိခဲ့ရ ပါသည်။ မြို့နှင့် နီးသည့် ရွာများတွင်ပါ ပုံမှန် ဝတ်ပြုကိုးကွယ်မှုများ မပြုလုပ်နိုင်ခဲ့ကြောင်း၊ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများတွင်တော့ ပုံမှန် ဝတ်ပြုကိုးကွယ်မှုများ ပြုလုပ် နိုင်ခဲ့ကြောင်း၊ မြို့ပေါ်ရှိ ဘုရားကျောင်းများတွင်တော့ လူ လေးငါးယောက် စုဝေးပြီး ဆုတောင်းကြတာမျိုးလောက်သာ ရှိတော့ကြောင်း ဆက်လက် သိရှိခဲ့ရပါသည်။

AA ၏ မြို့သိမ်း တိုက်ပွဲကြောင့် ပလက်ဝမြို့တွင် တိုက်ပွဲပြင်းထန်သည့် ကာလဖြစ်သော ၂၀၂၄ ဇန်နဝါရီလ ကနေ စပြီး မတ်လ ကုန် အထိ ဘုရားကျောင်း တက်နိုင်ခြင်း မရှိခဲ့ကြောင်း ပလက်ဝမြို့သား တစ်ဦးထံမှ မေးမြန်း သိရှိရပါသည်။ ယင်းနောက်ပိုင်းတွင် ဘုရားကျောင်းများ ပုံမှန် ပြန်ဖွင့်ပြီး တက်ရောက် ဝတ်ပြုနိုင်ကြသော်လည်း ယခင်ပုံမှန် ဘုရားကျောင်းတက်သူဦးရေ၏ ဆယ်ပုံတစ်ပုံ ခန့်သာ တက်ရောက် နိုင်ခဲ့သည်ဟု လည်း ထပ်မံ သိရှိခဲ့ရသည်။

စစ်ကောင်စီမှ လူစု လူဝေး ရှိနိုင်သည့် နေရာများကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုပြုလုပ် ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လ ကနေ စပြီး မင်းတပ်မြို့ရှိ ဘုရားကျောင်းများ ပိတ်ပစ်လိုက်ရသည်ဟု မြို့ခံ လူမှုရေး နှင့် နိုင်ငံရေး လှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့သူ လူငယ် တစ်ဦး ထံမှ သိရှိခဲ့ရသည်။ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ အချိန်မရွေး ရှိနေတတ်သော မင်းတပ်မြို့ နှင့် မြို့နယ် အတွင်းတွင် ဘုရားကျောင်းများတွင် တက်ရောက် ဝတ်ပြုစည်းဝေး နိုင်ခြင်း မရှိတော့ သည်မှာ ယင်း အချိန်ကတည်း က ဖြစ်ပြီး ယခု ချိန်ထိ ဘုရားကျောင်းများ ပြန်လည် ဖွင့် နိုင်ခြင်း မရှိသေးကြောင်း ယင်း မင်းတပ် ဒေသခံမှ ဆက်လက် ပြောကြားခဲ့သည်။

Chinland Council လက် အောက်ခံပူး ပေါင်းတပ် တွေက မေလ လယ် ခန့်မှာတွန်းဇံမြို့သိမ်း တိုက်ပွဲကို စတင် ဖော်ဆောင်ခဲ့ပြီး မေလ ၂၄ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက် ထိန်းချုပ် လိုက်နိုင်ခဲ့သည်။ တိုက်ပွဲကြောင့် တွန်းဇံမြို့ပေါ်တွင် ဘုရားကျောင်းများ ၃ ပတ် ခန့် ပိတ်ခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဘုရားကျောင်းများ ၌ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းများ ပြန်လည် ပြုလုပ်နိုင်ခဲ့သည်။ သို့တိုင် လက်ရှိ အချိန်ထိ ယခင်ပုံမှန်ဘုရားကျောင်းတက်သူဦးရေ၏ ထက်ဝက်ခန့်သာ တက်ရောက်နိုင်ခဲ့သည်ဟု ဒေသခံ လူငယ် တစ်ဦးထံမှ သိရှိခဲ့ရသည်။

၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စတင်ခဲ့သော တီးတိန်မြို့တွင်း တိုက်ပွဲ အပြီး စစ်ကောင်စီမှ မြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီး တော်လှန်ရေး တပ်သားများသည် မြို့တွင်းမှ ဆုတ်ခွာခဲ့ရသည်။ ဇွန်လ ၆ ရက်နေ့တွင် စစ်ဘေးရှောင် မြို့ခံပြည်သူများကို စစ်ကောင်စီမှ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပေးသည်နှင့် အမျှ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို ဘုရားကျောင်းများတွင် စတင် ပြုလုပ်လာခဲ့သည်။ ဇူလိုင် ၂၈ ရက်နေ့တွင် မြို့တွင်းရှိ ဘုရားကျောင်း အားလုံး နီးပါးတွင် ဝတ်ပြုကိုးကွယ်နိုင်ခဲ့ပြီး ပုံမှန်ကာလ ဝတ်ပြုကိုးကွယ်သူ ဦးရေ၏ သုံးပုံ တစ်ပုံခန့်ထိ ဘုရားကျောင်း တက်ရောက်သူ ပြန်လည်များပြားလာသည်ဟု ဒေသခံများထံမှ သိရှိခဲ့ရသည်။

မတူပီမြို့တွင်မူ နောက်ဆုံး ဘုရားကျောင်းတက်ပြီး ဝတ်ပြုကိုးကွယ် ဖြစ်ခဲ့သည်မှာ ချင်းညီနောင် အဖွဲ့မှ မြို့သိမ်း တိုက်ပွဲ ပြင်ဆင်ခဲ့သည့် ကာလ ဖြစ်သော ဇွန်လ ၂ ရက်နေ့ ဖြစ်သည် ဟု မတူပီတိုမ်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ ပါသည်။ လက်ရှိတွင် မြို့သိမ်းတိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေက မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုသေးသည့် အတွက် ဘုရားကျောင်းတက်ပြီး ဝတ်ပြုကိုးကွယ်ခြင်း မရှိနိုင်သေးဘူးဟု မှတ်ချက်ပြုခဲ့သည်။ တိုက်ပွဲကာလ အတွင်း ဘုရားကျောင်း နှစ်ခု နှင့် ဓမ္မကောလိပ် တစ်ခု လေကြောင်းမှ ဗုံးကြဲမှု ကြောင့် ပျက်စီးသွားခဲ့ သည်။

ဖလမ်းမြို့တွင်မူ ဘုရားကျောင်းတွေ ပိတ်ထားတာမျိုး၊ တနင်္ဂနွေ တွင် ဝတ်ပြုကိုးကွယ်မှု ရပ်နားခဲ့တာမျိုး မရှိသေးကြောင်း ဒေသခံ အမျိုးသမီး တစ်ဦး ထံမှ သိရှိခဲ့ရပါသည်။ သို့သော် မြို့သိမ်း တိုက်ပွဲ ဖြစ်နိုင်ချေ ရှိသည် ဟူသော သတင်းကြောင့် စစ်ရှောင်ရန် ထွက်ခွာသွားသူ များလာပြီး ဇူလိုင်လ ၂၈ ရက်နေ့တွင် ဘုရားကျောင်းတက်ရောက်ခဲ့သူ အတော် နည်းသွားခဲ့သည်ဟု ယင်းမှ ဆက်လက် ပြောခဲ့ကြသည်။

ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့သည် တခြား ချင်းပြည်မြို့များထက် စစ်ဘေးရှောင် နေအိမ် စွန့်ခွာ ထွက်ပြေးမှု အနည်းဆုံး မြို့ဖြစ်သည် နှင့်အညီတနင်္ဂနွေနေ့များ ၌ ဘုရားကျောင်းများတွင် ပုံမှန်ဝတ်ပြုကိုးကွယ်ခြင်း ပြုနိုင်ခဲ့သည်ဟု ဒေသခံများ ထံမှ သိရှိခဲ့ရသည်။ သို့သော် ၂၀၂၄ ဧပြီလ ၁၂ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးများ၏ ယာဉ်တန်းကို CDF-Hakha မှ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဈေးဆိုင်များ နှင့် ဘုရားကျောင်းများကို အကာအကွယ်ယူ တိုက်ခိုက်သည်ဟူသော အကြောင်းပြချက် ဖြင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက် အတွင်းတွင် လူ ငါးဦးထက် မစုရ အမိန့်ကို ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်း

ဘာသာရေး လွတ်လပ်ခွင့် နှင့် ပတ်သက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေငြာစာတမ်း ၏ အပိုဒ် (၁၈) တွင် ပါရှိ ခဲ့ပါသည်။ “လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သောသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့်ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်” ဟု ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ကွန်ယက် တာဝန်ခံတစ်ဦး ဖြစ်သည့် မဆိုင်းသည် UDHR ပုဒ်မ ၁၈ နှင့် General Comment 22 ၏ ဖော်ပြချက်နှင့် ပတ်သက်ပြီး “လွတ်လပ်စွာ ကိုးကွယ် ယုံကြည် သက်ဝင်ပိုင်ခွင့် ကို Internum လို့ခေါ်တဲ့ အတွင်းပိုင်းလွတ်လပ်ခွင့် နှင့် Exturnum လို့ခေါ်တဲ့ အပြင်ပိုင်း လွတ်လပ်ခွင့် ဆိုပြီး ၂ မျိုး ခွဲခြားလို့ရပါတယ်။ Internum ဆိုတာကတော့ အတွင်းစိတ်ကနေ နှစ်နှစ်ကာကာ သက်ဝင် လက်ခံယုံကြည်မှု အပိုင်း၊ တနည်းအားဖြင့်တော့ ဘယ်လိုအချိန်အခါ အခြေအနေမျိုးမှာမှ ကန့်သတ်ချုပ်ချယ်လို့ မရတဲ့ အပိုင်း ဖြစ်ပါတယ်။ Exturnum မှာတော့ မိမိရဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်မှုတစ်ခုခုကို မိမိ တစ်ယောက်တည်း သီးသန့် ဖြစ်ဖြစ်၊ လူအများရှေ့မှာ မြင်သာအောင် ထုတ်ဖော် ပြောကြားပြီး ဖြစ်ဖြစ် ကျင့်သုံးခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်၊ ဆောက်တည်နိုင်ခွင့် နဲ့ သင်ပြနိုင်ခွင့် စတဲ့ အပြင်ပိုင်းဆိုင်ရာ အသွင်အပြင်တွေပါ ပါတယ်။ အဲ့ဒီလို အပြင်ပိုင်းလွတ်လပ်ခွင့် ကို ထုတ်ဖော် ကျင့်သုံးနိုင်ခွင့်ဟာ ခြွင်းချက်အခြေအနေ တချို့တွေမှာတော့ ကန့်သတ်လို့ရနိုင်ပါတယ်။ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်က လူသားအားလုံးအတွက် အခြေခံ အခွင့်အရေးတစ်ရပ် ဖြစ်တဲ့အတွက် ခြွင်းချက် အခြေအနေတချို့ကလွှဲရင်တော့ လူတိုင်း ဒီ အခွင့်အရေး နှစ်မျိုးလုံးကို တွဲပြီး ရရှိဖို့လို ပါတယ်” ဟု ပြောပြပါသည်။

စစ်ကောင်စီ လက်ထက် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ဆိုင်ရာ အခြေအနေများ

Burma Civil War Museum ၏ အမှုဆောင် တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ပဋိပက္ခဆိုင်ရာ သုတေသီ တစ်ဦးလည်းဖြစ်သူ ကိုရဲဟိန်းအောင်သည် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီ၏ ဘာသာရေး အပေါ် အမြင်သဘောထား နှင့် ပတ်သက်ပြီး “မြန်မာစစ်တပ်က ပြည်တွင်းမှာ ဖြစ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ခဲ့တာ၊ ကန့်သတ်ခဲ့တာ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်အောင် မြှောက်ပေးတာ စတဲ့ ပြစ်မှု ကျူးလွန်မှုများ အတွက် အဓိက တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နွေဦးတော်လှန်ရေး နောက်ပိုင်းမှာ မြန်မာနိုင်ငံကို ကောင်းကောင်း အုပ်ချုပ်နိုင်တယ်၊ ထိန်းချုပ်နိုင်တယ် ဆိုတာကို နိုင်ငံတကာမှာ ပြနိုင်ဖို့ ဘာသာရေး ဆိုင်ရာ လှုပ်ရှားမှုတွေ ခွင့်ပြုပေးတာ တွေ့ရတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေး စပြီး နောက်ပိုင်းမှာ စစ်တပ်ရဲ့ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင် ကထက် အစပေါင်းများစွာ မြှင့်တက်လာတာ တွေ့ရတယ်။ ဘာသာရေးကို အသုံးချပြီး သူတို့အင်အားကို စည်းရုံး နေတယ် လို့ ပြောလို့ ရတယ်” ဟု သုံးသပ်ခဲ့ ပါသည်။

CHRO ၏ လက်ထောက်အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း သည်လည်း “အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေက နှစ်ရှည်လများစွာက ရှိနှင့်ပြီး ဖြစ်တဲ့ မူဝါဒ ပိုမို ခိုင်မာစေပြီး ဝတ်ပြုကိုးကွယ်ရာ နေရာတွေကို တိုက်ရိုက် အကြမ်းဖက် တိုက်ခိုက်မှုများ အရှိန်မြှင့်တင်ဖို့ မျှတတဲ့ အကြောင်းပြချက် တစ်ခု ဖြစ်စေခဲ့တယ်။ အဲဒီ မူဝါဒက အာဏာမသိမ်းခင်က အုပ်ချုပ်တဲ့ အရပ်သား တပိုင်း စစ် အစိုးရ ခေတ်မှာ ပိုမို သိမ်မွေ့ပြီး သိပ်ပြီးတော့ ထင်သာမြင်သာ မဖြစ်ခဲ့ဘူး။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျွန်ုပ်တို့ လက်ရှိ မြင်နေရတာတွေက မကြုံစဖူးအောင်ပင် ပြင်းထန် လာခဲ့ ပါတယ်” ဟု မှတ်ချက် ပြုခဲ့ ပါတယ်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (စကစ) ၏ ဘာသာရေးကို သူ့တို့၏ အကျိုးအမြတ်အတွက် အသုံးချခဲ့ပုံကို ဗုဒ္ဓဘာသာဝင် ဖြစ်သည့် အများစုကို စည်းရုံး နိုင်ရန်အတွက် ဝတ်ပြုဆောင်များ တည်ဆောက်ခြင်း၊ ဧရာမ ရုပ်ပွားတော်ကြီး တည်ထားခြင်း၊ ဘာသာရေး ပွဲလမ်းသဘင်များ ကျင်းပခြင်း စသည်များ အပေါ် အာရုံစိုက်လာကြောင်း၊ မြန်မာ စစ်တပ်ကို လည်း ဗုဒ္ဓဘာသာ ကာကွယ်သည့် စစ်တပ်ကဲ့သို့ ပုံဖော်သည့် အပြင် ကိုးကွယ်ယုံကြည်မှုကို အသုံးချပြီး စည်းရုံးလှုံဆော်မှုများ လုပ်ဆောင်ခဲ့ကြောင်း Burma Civil War Museum ၏ အမှု ဆောင် ကိုရဲဟိန်းအောင်မှ မှတ်ချက်ပြုခဲ့သည်။

ဘာ့ကြောင့် ဘုရားကျောင်း တက်ကြတာလဲ

CHRO ၏ လက်ထောက် အမှုဆောင် ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကမူ ခရစ်ယာန်များ အနေဖြင့် ဘုရားကျောင်း တက်ရခြင်း နှင့် ပတ်သက်ပြီး “လူတွေက ဘုရားကို ကိုးကွယ်ကြတာ သူတို့ရဲ့ အတွင်းစိတ် ယုံကြည်မှု၊ သူတို့ရဲ့ စိတ် ဝိညာဉ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ နှင့် တခြားသူတွေနဲ့ မိဿဟာရ ပြုဖို့ ဖြစ်တယ်။ ဘုရားကျောင်းတက်တယ် ဆိုတာ ဝတ်ပြုကိုးကွယ်ဖို့ ရည်ရွယ်ချက် နှင့် ဖြစ်ပြီးတော့ သူတို့ရဲ့ ဝိညာဉ်ရေးရာ ယုံကြည်ချက် အပေါ် ဘာသာရေး အတွက် လွတ်လပ်စွာ စုဝေးခွင့်ကို လက်တွေ့ အသုံးချတာ ဖြစ်တယ်။ အဲလို ဆောင်ရွက်တာက ဒီမိုကရေစီ လူ့ အသိုင်းအဝိုင်းအတိုင်း အတွက် အခြေခံကျတဲ့ လူ့အခွင့်အရေး တစ်ခု ဖြစ်တယ်” ဟု ရှင်းပြခဲ့ ပါသည်။

ခရစ်ယာန် ဓမ္မကောလိပ် တစ်ခုတွင် ကထိက တာဝန် ထမ်းဆောင်နေသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာလျန်း မှ ဘုရားကျောင်း တက်ခြင်း နှင့် ပတ်သက်ပြီး မှတ်ချက်ပြုရာတွင် “ခရစ်ယာန် ဘာသာ ယုံကြည်သူ တစ်ယောက် အနေနဲ့ ဘုရားကျောင်းတက်တာက အတော် လိုအပ်တဲ့ အချက် တချက် ဖြစ်တယ်။ သမ္မာကျမ်းစာ အရလည်း ယုံကြည်သူ တစ်ယောက် အနေဖြင့် ယုံကြည်သူ အသိုင်းအဝိုင်း နှင့် မိဿဟာရ ပြုဖို့လို ပါတယ်။ ဘုရားသခင်ရဲ့ ကယ်တင်တော်မူခြင်း အစီအစဉ်တော်မြတ်မှာ တစ်ဦးချင်းကို အရေးထားခဲ့ပေမယ့် လူ့အသိုင်းအဝိုင်း တစ်ခု အနေနဲ့ ပြုမူနေထိုင်ဖို့ကိုလည်း အလိုတော် ရှိခဲ့တာ တွေ့ရတယ်။ အဲတာကြောင့် ခရစ်ယာန်တွေ အနေနဲ့ ဘုရားကျောင်းပုံမှန် တက်ပြီး အသိုင်းအဝိုင်း နှင့် ဘုရားရှိခိုးဖို့ လိုတာ ဖြစ်တယ်။ လုံခြုံရေး၊ ကျန်းမာရေး အခြေအနေ ကြောင့် ဘုရားကျောင်းမတက်နိုင်တာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ အဲလို အခြေအနေမျိုးမှာ ပညတ်တွေကို ချိုးဖောက် သလိုမျိုး အပြစ် အဖြစ် မြင်လို့တော့ မရဘူး” ဟု သမ္မာကျမ်းစာ ရှုထောင့်မှ နေ၍ သုံးသပ်ပေးခဲ့ ပါသည်။

မြန်မာနိုင်ငံ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ကွန်ယက် တာဝန်ခံတစ်ဦး ဖြစ်သည့် မဆိုင်းမှ ဘုရားကျောင်း တက်ရောက်ခြင်း နှင့် ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ပဋိညာဉ်၊ ဥပဒေ နှင့် စံချိန်စံနှုန်းများကို ကိုးကားပြီး ဘုရားကျောင်း တက် ဝတ်ပြုကိုးကွယ်ခြင်း သည် သက်ဝင်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်၏ အပြင်ပိုင်း လွတ်လပ်ခွင့် ဖြစ်တဲ့ Exturnum ထဲတွင် ပါဝင်ပြီး တစ်ဦးချင်း အနေဖြင့် အတွင်းစိတ်ထဲက နှစ်နှစ်ကာကာ သက်ဝင် လက်ခံ ယုံကြည်မှုများ အရ လူအများရှေ့မှာ မြင်သာအောင် ထုတ်ဖော်ကျင့်သုံးနိုင်ခွင့်၏ အခွင့်အရေး တရပ် ဖြစ်ကြောင်း၊ အပြင်ပိုင်း လွတ်လပ်ခွင့် ဖြစ်သည်နှင့် အညီ ပြည်သူလူထု လုံခြုံရေး၊ လူထုသဟဇာတရှိရေး၊ ကျန်းမာရေး၊ စာရိတ္တ သို့မဟုတ် အခြားသူများ၏ အခွင့်အရေး နှင့် လွတ်လပ်မှုများကို ကာကွယ်ရန် အတွက် ကန့်သတ်နိုင်ကြောင်း၊ ကိုးကွယ်ဝတ်ပြုရာ နေရာများ ဝင်ရောက်အသုံးပြုနိုင်ခွင့်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် စံချိန်စံညွှန်းများအရ သက်ဝင်ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့် (FoRB)၏ အဓိက အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားကြောင်း၊ ဘုရားကျောင်းတက် ဝတ်ပြုကိုးကွယ်ခွင့်သည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အရ လူသားအားလုံးအတွက် အခြေခံအခွင့်အရေးတစ်ရပ် ဖြစ်သည့်အတွက် ခြွင်းချက်အခြေအနေတချို့မှလွှဲ၍ လူသားတိုင်း ယင်း အခွင့်အရေးကို အတွင်းပိုင်းဆိုင်ရာ အခွင့်အရေးနဲ့အတူတွဲပြီး ရရှိဖို့လိုပါ ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ချင်းပြည်နယ်၏ စစ်ရေး၊ နိုင်ငံရေး ကြားမှ ဘုရားကျောင်းများ

လက်ရှိတွင် ချင်းပြည်နယ်ရှိ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ၏ မဟာမိတ်ဖွဲ့မှု အကွဲအပြဲကြောင့် ချင်းပြည်နယ် လူထုအတွင်းမှာလည် မိမိတို့ ထောက်ခံ အားပေးသည့် အဖွဲ့အစည်း အလိုက် ကွဲပြဲမှုများ ရှိနေခဲ့သည်။ Chinland Council မှ မြို့ကို သိမ်းယူခဲ့ အပြီး၊ ဇွန်လ ၉ ရက်နေ့တွင် တွန်းဇံမြို့ရှိ ဘုရားကျောင်း တစ်ခု၏ ဝတ်ပြုကိုးကွယ်မှု ဓာတ်ပုံများ လူမှုကွန်ယက် ပေါ်တွင် ပျံ့လာခဲ့ရာ၊ ဒေသဘာသာစကား ဖြင့် ထုတ်လွှင့်ခဲ့သော မီဒီယာ တစ်ခုမှ တွန်းဇံမြို့ကို သိမ်းပိုက်သည့် Chinland Council နှင့် ရင်းနှီးသူများ အနေဖြင့် အခုလို အေးချမ်းစွာ ဝတ်ပြုကိုးကွယ်နိုင်ခဲ့သည်ဟု သတင်း ကြေငြာသွား ခဲ့သည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး သတင်းတွင် အသုံးပြုသည့် ဓာတ်ပုံများတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် သိက္ခာတော်ရဆရာ၊ ဆရာသွန် ကို မေးမြန်းခဲ့ရာ “အမှန်က နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အုပ်စုတွေနဲ့ရင်းနှီးလို့ ကျွန်တော်တို့က ဘုရားကျောင်းမှာ ဝတ်ပြုနိုင်ခဲ့တာ မဟုတ်ဘူး။ အသင်းသားတွေက တွန်းဇံမြို့ကို ပြန်သွားပြီး တနင်္ဂနွေနေ့မှာ ဝတ်ပြုဖို့ ဖြစ်လာတော့ သင်းအုပ်ဆရာ တစ်ယောက် အနေနဲ့ ဦးဆောင်ပေးခဲ့တာပဲ ရှိတယ်။ စစ်ရှောင်နေဆဲ အသင်းသားတွေက ကလေးမြို့မှာ ရှိတဲ့ အသင်းတော်အဖွဲ့ချုပ်ရဲ့ ငွေရတု ခန်းမမှာ ဝတ်ပြုကြတယ်။ သင်းအုပ်ဆရာ နှစ်ယောက် က တွန်းဇံ နှင့် ကလေးကို တစ်လစီ ခွဲပြီး အသင်းတော်ကို ဦးဆောင်ပေးခဲ့ရတာပါ။ ကျွန်ုပ်ရဲ့ အလုပ်၊ တာဝန်မို့လို့ လုပ်ခဲ့ရတာပါ” လို့ ဖြေကြား သွားခဲ့ ပါသည်။

တီးတိန်မြို့နယ်၊ လမ်ဇန်ရွာတွင်လည်း ဇွန်လ ၈ ရက်နေ့တွင် စစ်ကောင်စီ စစ်သားများ ရွာထဲသို့ ဝင်ရောက်ခဲ့ပြီး အာရုဏ်ဦး ဆုတောင်းဝတ်ပြုရန် ဘုရားကျောင်းသို့ သွားရောက် ကြသည့် ရွာသူရွာသားများကို မွန်းလွဲချိန် အထိ လက်နက်များဖြင့် ခြိမ်းခြောက်ခဲ့ပြီး ဘုရားကျောင်းတွင် ချုပ်ထားခဲ့ သည်။

ဘုရားကျောင်းတက်နိုင်ခြင်းဖြင့် ဒေသတစ်ခု တည်ငြိမ်အေးချမ်းသည်ဟု သတ်မှတ်လို့ ရသလား??

ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း (CHRO) ၏ လက်ထောက်အမှုဆောင် ဒါရိုက်တာ ဆလိုင်း လိန်း သည် ချင်းပြည်နယ်၏ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်ခံရမှုများ အပေါ် အခြေခံပြီး “ဘုရားကျောင်း တက်ပြီး ဘုရားရှိခိုးနိုင်ရုံ နဲ့ တည်ငြိမ်အေးချမ်းပြီ၊ ဘာသာရေး လွတ်လပ်ခွင့် အပြည့်အဝ ရပြီ၊ လူ့အခွင့်အရေး အပြည့်အဝ ရတယ်ဆိုပြီး ပြောလို့ မရဘူး။ ဘာသာရေး လွတ်လပ်ခွင့် နှင့် ပတ်သက်သမျှဟာ စနစ်တကျ ချိုးဖောက် ခံနေရဆဲ ဖြစ်နေပါတယ်။ အသက်ရှင်သန်ခွင့် အပါအဝင် အခြေခံ လူအခွင့်အရေးများလည်း ပုံမှန် ချိုးဖောက် ခံနေရ ဆဲ ဖြစ်တယ်။ ချင်းပြည်နယ်ရဲ့ ဘယ်အပိုင်းမှာမှ ဘာသာရေး လွတ်လပ်ခွင့်တွေ၊ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုတွေ မရှိတော့ဘူး လို့ ပြောလို့ ရပါတယ်” လို့ မှတ်ချက် ပြုပါသည်။

တော်လှန်ရေးအင်အားစုများ နှင့် စစ်ကောင်စီ တပ်ဖွဲများ မြို့တွင်း၌ တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ် ထားသည့် တီးတိန်မြို့ရှိ ဘုရားကျောင်းများ၏ အခြေအနေ နှင့် ပတ်သက်ပြီး သင်းအုပ်ဆရာ ဆရာခန့် သည် “တနင်္ဂနွေနေ့မှာ ဘုရားကျောင်း တက်ပြီး ဝတ်ပြုကိုးကွယ် နိုင်ရုံ နှင့်တော့ ဒေသအတွင်းမှာ တည်ငြိမ် အေးချမ်းမှု ရှိတယ်လို့ ပြောလို့ မရပါဘူး။ ဘုရားကို ဝတ်ပြုဖို့ ပြင်းပြတဲ့ ဆန္ဒကြောင့်သာ ဘုရားကျောင်းတက်ခဲ့ ကြတာပါ။ အန္တရာယ် နှင့် စိန်ခေါ်မှုတွေ အများကြီး ကြားကနေ တက်ခဲ့ရတာပါ။ အေးချမ်းပြီး လုံခြုံ စိတ်ချစွာနဲ့ ဘုရားကျောင်း တက်ခဲ့တာ မဟုတ်။ ခြောက်ခြား ထိတ်လန့်လျက်နဲ့ဘဲ ဘုရားရဲ့ မျက်မှောက်တော်ကို ရှာဖို့ တက်ခဲ့တာပါ” ဟု ရှင်းပြခဲ့ ပါသည်။

Chinland Council အဖွဲ့မှ သိမ်းပိုက်ပြီး အုပ်ချုပ်ထားသော တွန်းဇံမြို့တွင် ဘုရားရှိခိုးခဲ့ကြသည့် အခြေအနေနှင့် ပတ်သက်ပြီး သိက္ခာတော်ရ ဆရာ သွန်ကတော့ “တွန်းဇံမြို့က တည်ငြိမ်းအေးချမ်း နေလို့ ဘုရားကျောင်းတက်ပြီး ဝတ်ပြုကိုးကွယ် ကြတယ် ဆိုတာထက် ဘုရားကျောင်းတက်မယ့် အသင်းသားတွေ ရှိပြီး ဦးဆောင်ပေးမယ့် သင်းအုပ်ဆရာတွေ ရှိလို့ ဖြစ်တယ်။ ပြန်မလာနိုင်သေးတဲ့ စစ်ရှောင်တွေကလည်း အများကြီး ရှိသေးတယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒေသ တစ်ခုအဖြစ် သတ်မှတ်လို့လဲ မရသေးပါဘူး။ ကျန်းမာရေး၊ ပညာရေး က အစ အခြေခံ လိုအပ်ချက်တွေကိုတောင် အပြည့်အဝ မရရှိသေးပါဘူး” ဟု ပြောကြားခဲ့သည်.

မိမိ ကိုယ်တိုင် စစ်ရှောင်ထွက်ပြေးခဲ့ ရသလို၊ စစ်ပွဲအလွန် ကာလတွင်လည်း ဒေသရှိ မိမိ အသင်းတော်၏ ဝတ်ပြုကိုးကွယ်မှုများကို ဦးဆောင်ခဲ့သူ ဆရာခန့်မှ တည်ငြိမ်အေးချမ်းရေး နှင့် ပတ်သက်ပြီး သူနေထိုင်ရာ တီးတိန်မြို့၏ အခြေအနေ အသီးသီး နှင့် နှိုင်းယှဉ်ကာ အခုလို သုံးသပ်ခဲ့သည်။

“Peace လို့ ခေါ်တဲ့ ငြိမ်းချမ်းခြင်း က Absence of war, စစ်ပွဲ မရှိရုံ အခြေအနေလို့ ပြောမယ် ဆိုရင် မလုံလောက် ပါဘူး။ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ လုံခြုံ အေးချမ်းမှု၊ တည်ငြိမ်မှုတွေ၊ ပျော်ရွင်မှုတွေ ရှိဖို့ လိုပါတယ်။ လက်ရှိမှာ ဘာတခုမှ လုံခြုံ အေးချမ်းတယ်လို့ ပြောလို့ မရဘူး။ မနက်ဖြန် တဖက်ခါမှာ ဘာဖြစ်မယ် ဆိုပြီး ကြို ပြောလို့ မရဘူး။ လတ်တလော အခြေအနေက တိုက်ပွဲ မရှိတဲ့ အခိုက်အတန့် လို့ဘဲ ပြောလို့ ရတယ်။ ငြိမ်းချမ်းပြီ လို့ ပြောလို့ မရပါဘူး”

Leave a Reply

Your email address will not be published. Required fields are marked *