ခိုင်ကမ်းမြို့မှာ စစ်ကောင်စီတပ်က တစ်အိမ်တက်တစ်အိမ်ဆင်းလူစာရင်းစစ်ဆေးမှုပြုလုပ်

ဩဂုတ်လ ၁၂ ရက် နေ့လည်ပိုင်းမှာ ကလေးမြို့ဘက်မှ တက်လာသော စစ်ကောင်စီ စစ်သား ၅၀ ကျော်နဲ့ ခိုင်ကမ်း ရဲစခန်းမှ ရဲများ ပူးပေါင်းပြီး ခိုင်ကမ်းမြို့ အတွင်းတစ်အိမ်တက် တစ်အိမ်ဆင်း ဖြင့် အိမ်ထောင်စု စာရင်း နှင့် လက်ရှိ နေထိုင်သည့် လူစာရင်း စစ်ဆေးမှုများ ပြုလုပ်ကြောင်း လူဖမ်းဆီးသွားတာမရှိကြောင်း ဒေသခံများ ထံမှ သိရှိရပါတယ်။

“စစ်သားတွေ မြို့ထဲ ဝင်လာတဲ့ သတင်း ကြားတော့ လူငယ်လူရွယ်တွေ က တောထဲကို ရှောင်ပြေးခဲ့ကြတယ်။ တချို့ အိမ်တွေဆို ပိုက်စိပ်တိုက် ရှာဖွေတာတွေ လုပ်တယ်။ သေတ္တာတွေပါ ဖွင့်ပြီး စစ်ဆေး ကြတယ်။ အိမ်ထောင်စု စာရင်းရှိ လူဦးရေ နှင့် လက်ရှိ နေထိုင်တဲ့ လူကို လာစစ်ကြတယ်” လို့ ဒေသခံတစ်ဦး က Chin World Media ကိုပြောပါတယ်။

” စစ်သားတွေကတော့ ဘာမှ မပူနဲ့၊ ဒေသခံတွေကို ဘာမှ မလုပ်ဘူး လို့ ပြောသွားတယ်။ ဒါပေမယ့် တောင်ပေါ်ကနေ ဆင်းလာတဲ့ ခရီးသွား လူငယ် သုံးယောက်ကို တော့ ဖမ်းခေါ်သွားတာ တွေ့ရတယ်။ ညနေ မိုးမချုပ်ခင်လေးမှာ ကလေးတက္ကသိုလ် မုခ်ဦး ကနေ ပြန်လွှတ်ပေးပြီး အိမ်ပြန်ခိုင်း လိုက်တယ်” လို့ ယင်းဒေသခံမှ အခြေအနေကို ဆက်လက် ရှင်းပြ ပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ်တောင်ခြေရင်း ရှိ ခိုင်ကမ်းမြို့မှာ ဘာကြောင့် အခုလို စစ်ဆေးသလဲ ဆို‌တာတော့ ရှင်းရှင်းလင်းလင်း မသိရဘူး လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခိုင်ကမ်းမြို့တွင် ရပ်ကွက် ၄ ခုရှိပြီး ယင်း ရပ်ကွက် အားလုံးမှာ ဝင်ရောက် စစ်ဆေးမှု ပြုလုပ်သွားခဲ့တယ် လို့ သိခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *