တီးတိန်မြို့မှာအခြေခံစား သောက်ကုန်များ ယခုရက်ပိုင်းအတွင်း ဈေးမြင့်လာခြင်း နှင့် ကားခများ မြင့်တက်လာခြင်းဟာကလေး-တီးတိန် လမ်းမကြီးတလျှောက်ရှိဂိတ်ကြေးများကြောင့်နှင့် လောင်စာဆီဈေးတက်ခြင်း ကြောင့် ဖြစ်ကြောင်း က လေး-တီးတိန် ယာဉ်လိုင်း ပြေးဆွဲနေသူ တစ်ချို့ထံမှ သိရပါတယ်။
“ကလေး-တီးတိန် ခရီးအတွက်ကလေးမြို့ကနေ တက်လိုက်တာနဲ့ တောင်ဖီလာ လမ်းခွဲ၊ ဘီးခွန် နှစ်ခါ၊ တက္ကသိုလ် မုခ်ဦး၊ ခိုင်ကမ်း၊ သိုင်ငင်း၊ ဆူဇန် စတဲ့ ဂိတ်တွေ ဖြတ်လိုက်တော့ မီနီဘတ်စ် တွေက အနည်းဆုံး ကျပ် နှစ်သိန်း နှစ်သောင်း ကုန်တယ်။ စစ်ကောင်စီတွေရဲ့ ဂိတ်တွေရော၊ တော်လှန်ရေး အဖွဲ့တွေရဲ့ ဂိတ်တွေပါ ပေးလိုက်ရတယ်။ အပြန်ကျတော့ ဆူဇန် ဂိတ်က လွှဲရင် ကျန်ဂိတ် အားလုံး ပြန်ကောက်တယ်။ တခါတလေ လျော့ပေးတယ်။ အသွားအပြန် အတွက် ဆိုရင် ဆီဖိုး မပါသေးဘူး အနည်းဆုံး ဂိတ်ကြေး နဲ့တင် ရှုံး နေပြီ ၊ခရီးသည်တင် မီနီဘတ်စ် တွေဆိုရင် ခရီးသည် အနည်းဆုံး ၇ ယောက် ရှိမှာ တက်လို့ရတယ်။ ၆ ယောက် ဆိုရင် တခြား ယာဉ်လိုင်းတွေနဲ့ ညှိနှိုင်းပြီး ပေါင်းထည့် ရတယ်။ ခရီးသည် ၇ ယောက် နဲ့ တက်တာတောင် တီးတိန်ကနေ ကလေး အဆင်း ခရီးသည် မရရင် အလိုလို နေ ရှုံးနေပြီ။ ယာဉ်လိုင်း မပြတ်အောင် ကြိုးစားထိန်း ပြီး ဆွဲနေရတာပါ။ အချို့ ယာဉ်ပိုင်ရှင်တွေဆို လိုင်းမဆွဲတော့ဘူး။ ဒီတိုင်းနားထားတယ်။ လူမှုကွန်ယက် စာမျက်နှာမှာ အချို့က ကားခ ကျပ် ရှစ်သောင်းကို များတယ်ဆိုပြီး ယာဉ်လိုင်းတွေကို ဝေဖန်ကြတယ်။ တကယ်တော့ တီးတိန်လိုင်းက မပြတ်သွားအောင် ထိန်းရုံပဲ ဆွဲနေရတာ။ ခရီးသွား အများစုက ဆိုင်ကယ်ကိုပဲ အားကိုး နေကြပြီ” လို့ လက်ရှိ ကလေး-တီးတိန် လမ်းမကြီး အ ခြေ အ နေနဲ့ ဆီစျေးတက်တဲ့အ ခြေအ နေကို က လေး-တီးတိန်ယာဉ်လိုင်း ပြေးဆွဲသူ ၁ ဦးက ပြောပါတယ်။
“အားလူး တစ်ပိဿာကို သုံးထောင်နဲ့ ခရီးသွားတွေ ဝယ်ရ အဆင်ပြေအောင် လမ်းဘေး ကနေ ရောင်းခဲ့ရတယ်။ ကလေးမြို့ ပို့ရင်တော့ တစ်ပိဿာကိုလေးထောင့်ငါးရာ နဲ့ လာယူကြတယ်။ တန်ဆာ နဲ့ပြန်တွက်ကြည့်တော့ ကိုယ်က အချိန်ရော ငွေပါ ရှုံးနေတော့ ကလေးမြို့ဘက်ကို မပို့ဖြစ်တော့ဘူး” လို့ ကလေး-တီးတိန် လမ်းမ ပေါ်ရှိ ရွာတစ်ရွာမှာ အာလူး စိုက် တောင်သူ တစ်ယောက်က Chin World Media ကို ပြောပြပါတယ်။
၂၀၂၁ အာဏာမသိမ်းခင်ကတီးတိန်မြို့မှာ ကျပ် ခြောက်သောင်း ဝန်းကျင်ပေးရသောဧရာမင်း ဆန် အဟောင်းသည် လက်ရှိတွင် ကလေးမြို့၌ တစ်သိန်းခွဲ ခန့် ပေးရပြီး တီးတိန်မြို့တွင် ကျပ် ၁၇၀၀၀၀ ပေးရ ကြောင်း၊ အာဏာမသိမ်းခင် ဆန်တစ်အိတ်၊ ဘိလပ်မြေ တစ်အိတ် စတာတွေ အတွက် တန်ဆာခသည် ကျပ် ၂၀၀၀ ခန့်သာ ကျသင့် ရာမှ တီးတိန်မြို့တွင်း တိုက်ပွဲ မဖြစ်ခင်က တန်ဆာခ ကျပ် ၁၂ဝဝဝ ထိ ကျသင့်လာပြီး လက်ရှိတွင် ကျပ် ၂သောင်းခန့် ကျသင့်နေကြောင်း၊ အာဏာမသိမ်းခင် ဘတ်စ်ကားခ အများဆုံး ကျပ် ၈၀၀၀ သာ ပေးခဲ့ရသော်လည်း လက်ရှိတွင် ကျပ် ရှစ်သောင်း ပေးနေရပြီ ဖြစ်ကြောင်း ၊ကလေးမြို့နဲ့တီးတိန်မြို့မှာ ဓာတ်ဆီစျေးကွာဟမှုမရှိကြောင်း ကလေးမြို့နှင့် ကူးလူး သွားလာနေရသူ တီးတိန်မြို့နေ ခရီးသွား တစ်ဦးထံမှ သိရှိခဲ့ရ ပါတယ်။
တီးတိန်မြို့တွင်း တိုက်ပွဲ မတိုင်ခင် ကာလများတွင် ကလေး-ဇိုဇန်-ဒါလ်လွင်-တွီးဆောက်- တီးတိန် လမ်း နှင့် ကလေး-ခိုင်ကမ်း-ပိမ်းပိ-တွီးဆောက်-တီးတိန် လမ်း ကဲ့သို့သော ရွာချင်းဆက်လမ်းများသို့ သိုင်းငင်းရွာကို ကွင်းပြီး သွားရ သဖြင့် လမ်းခရီးခက်ခဲ့ပြီး ကြမ်းတမ်းကြောင်း၊ ကလေး-တီးတိန် ကားခဟာ အတက်ပိုင်းတွင် ကျပ် ၉၀၀၀၀၊ အဆင်းပိုင်းကို ကျပ် ၈၀၀၀၀ စသဖြင့် ပေးခဲ့ရကြောင်း၊ တီးတိန်မြို့တွင်း တိုက်ပွဲ ကြောင့် စစ်ရှောင်ပြည်သူများ အတွက် လပေါင်းများစွာ ပိတ်ထားသော တီးတိန်-သိုင်းငင်း-ကလေး လမ်းမကြီးကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်ဖွင့်ပေးခဲ့ကြောင်း၊ ယင်း နောက်ပိုင်းတွင် စစ်ရေး အခြေအနေကြောင့် လမ်းပိတ်ခြင်းများ ရှိခဲ့သော်လည်း ရက်ပိုင်းအကြာတွင် ပြန်လည် ဖွင့်ပေး လေ့ရှိကြောင်း ခရီးသွားပြည်သူတွေဆီကသိရှိရ ပါတယ်။