Headlines

ကလေးမြို့မှ ချင်းတောင်သို့ ဆန်နဲ့စားနပ်ရိက္ခာများသယ်ယူခွင့် စစ်ကောင်စီပိတ်ပင်

ကလေးမြို့ကနေ ချင်းတောင်ကို တက်မယ့် မည်သည့် ယာဉ်မဆို ဆန် နှင့် အခြား စားနပ်ရိက္ခာများ သယ်ယူခွင့်ကို ၈ မိုင် (ကလေးတက္ကသိုလ်မုခ်ဦး) စစ်ကောင်စီ ဂိတ်ကနေ ပိတ်ပင်ထားတာ ရက်အနည်းငယ်ရှိပြီဖြစ်ကြောင်း ကလေးမြို့ခံ များထံမှ သိရှိရပါတယ်။

“ပြီးခဲ့တဲ့ စနေနေ့ လောက်က စပြီး ဆန်ကွဲ ကိုတောင် ဂိတ်ဖြတ်ခွင့် မပြုဘူး။ ခေတ္တ ခဏ ပိတ်တာလား ဆိုပြီး စောင့်ကြည့်တော့ ဒီနေ့ထိ ခွင့်မပြုတာ တွေ့ရတယ်။ကျွန်တော်သိသလောက် ကတော့ ဒီနေ့ဆို ၄ ရက် ရှိသွားပြီ။ ဆိုင်ကယ်နဲ့တောင် သယ်ဆောင်ခွင့် မပြုဘူး။ ဘာ စားသုံးကုန်ပစ္စည်းကို မှ သယ်ယူခွင့် မပြုဘူး” လို့ ချင်းတောင်ကမြို့တွေကို စားသောက်ကုန် ပစ္စည်း ပို့ဆောင်ရောင်းဝယ်သူ ကလေးမြို့ခံ တစ်ဦးက Chin World Media ကိုပြောပါတယ်။

“ဆန်တပြည်တောင် သယ်ယူခွင့် မပြုဘူးဗျ။ ကားထဲကနေ ပြန်ချခိုင်းတယ်။ လျှပ်စစ်ပစ္စည်းတွေကိုလည်း ပိတ်ထားတယ်။ ဘက်ထရီ၊ အားသွင်း ပစ္စည်း အားလုံး သယ်ယူခွင့် မပြုဘူး။ ကလေးမြို့ဘက်ကို ပြန်ပို့လိုက် ရတယ်။ ဆေးဝါးတွေကို တော့ ကုမ္ပဏီ ထောက်ခံချက် ပါရင် သယ်ဆောင်လို့ ရတယ်။ အဲတာ မနေ့က (ဩဂုတ် ၂၆)နေ့က ကိုယ်တိုင် ကြုံရတဲ့ အခြေအနေဗျ” လို့ ယာဉ်လိုင်း တစ်ခုမှာအလုပ်လုပ်သူ တစ်ဦးကလည်း ပြောပါတယ်။

“အခုလို ပိတ်ပင် ပစ်တာမဟုတ်ပေမယ့် အရင်ရက်တွေ ကတည်းက စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း၊ ဘိလပ်မြေ စတာတွေကို သယ်ယူခွင့် ကန့်သတ်ထားတယ်။ ဂိတ်ကြေးတွေ တိုးကောက်တယ်။ အဲတာတောင် တခြား ပစ္စည်းတွေနဲ့ ရောပြီး တင်ရတယ်။ ဆန်အိတ်တွေချည်း တကားလုံး တင်ဆောင် ခွင့် မပြုတာ တော့ လ နဲ့ ချီပြီ” လို့ ကုန်တင်ကား မောင်းသူ တစ်ဦးက မှတ်ချက် ပြုခဲ့ပါတယ်။

ကလေးမြို့နဲ့ အနီးဆုံး ချင်းတောင်မြို့ တစ်မြို့ ဖြစ်သည့် တီးတိန်မြို့တွင် ကလေးမြို့ ကနေ ဆန် အပါအဝင်စားသောက်ကုန်များ ရောက်လာခြင်း မရှိတော့သည်မှာ ငါးရက်ခန့် ရှိပြီလို့ တီးတိန်မြို့ခံ တစ်ဦးထံမှ သိခဲ့ရ ပါတယ်။

ရှစ်မိုင်ဂိတ်ရှိ တာဝန်ကျ စစ်သားများ အနေဖြင့် ဘယ်အချိန်တွင် ပြန်လည် သယ်ဆောင်ခွင့် ပြုမည်ကို တစုံတခု ပြောကြားခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရှိခဲ့ရ ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *