CDF-Tonzang တပ်ရင်း (၁) မှ တွန်းဇံမြို့ပေါ်ရှိ နေအိမ် တချို့ ချိတ်ပိတ်ရာတွင် တော်လှန်ရေးတွင် ခိုင်ခိုင်မာမာ ရပ်တည်သော ဌာနဆိုင်ရာ CDM ဝန်ထမ်း ၅ ဦးရဲ့နေအိမ်များကို ချိတ်ပိတ်မှု ပြုလုပ်ခဲ့ခြင်းကို လက်မခံကြောင်း နှင့် အမြန်ဆုံး ရပ်တန့်စေလိုကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊တွန်းဇံမြို့နယ် CDM ကော်မတီမှ ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ယင်း ထုတ်ပြန်ချက်ထဲမှာ CDF-Tonzang မှ ချိတ်ပိတ်ထားသည့်အိမ်များတွင် မိသားစု ဝင် တစ်ဦးဦးမှ CDF-Tonzang မဟုတ်သော အခြား အဖွဲ့အစည်း အားပေးထောက်ပံ့သည်ဟူသော စွပ်စွဲချက် နှင့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ချိတ်ပိတ်ထားခြင်း ကြောင်း၊ ယင်းကဲ့သို့ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သည် ဒီမိုကရေစီ တော်လှန်ရေးအတွက် အမဲစက်တစ်ခုဖြစ်ကြောင်း၊ ထို့အပြင် CDMer များ၏ မိသားစုဝင်များကို မတရားဖမ်းဆီးကာ မိသားစုဝင်များထံမှ မြန်မာငွေ ကျပ်သိန်း (၂၀၀) သို့ (၃၀၀) တောင်းခံခြင်းလုပ်ရပ်များသည်လည်း ဥပဒေဘောင်ကျော်ပြီး မင်းမဲ့စရိုက်ဆန်သော လုပ်ရပ်ဖြစ်ကြောင်း၊ မတရား သိမ်းဆည်းထားသော နေအိမ်များကို ပိုင်ရှင်များထံသို့ အမြန်ဆုံးပြန်လည် ပေးအပ်ရန် နှင့် CDM များအပေါ် ကျူးလွန်မိသော ပြစ်ချက်များအတွက် တာဝန်ရှိသူများမှ ဒီမိုကရေစီ အနှစ်သာရများအတိုင်း တာဝန်ယူ တာဝန်ခံမှု အပြည့်အဝ ရှိရန် အသိပေးအပ်ပါ ကြောင်း စသည့် အချက်များ ပါဝင်ပါတယ်။
တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က တာဝန်ရှိသူ တစ်ဦး ကတော့ “အခု လုပ်ရပ်က မိသားစုဝင် တစ်ယောက်ယောက် က ZRA-EC နဲ့ ထိတွေ့ ဆက်ဆံ ဖူးတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ဝင်တဲ့ သူ့မိသားစုရဲ့ နေအိမ်ကို ချိတ်ပိတ်ပြီး သိမ်းသွားတာ။ CDF-Tonzang တပ်ရင်း (၁) အနေနဲ့ CDM ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာ မရှိဖူးရုံတင် မကဘူး။ အသိအမှတ် မပြုရာ ရောက်သွားပါတယ်။ ကျပ် သိန်းပေါင်း ၃၀၀ ထိ ဒဏကြေးတပ်တာတွေ တောင် လုပ်သွားတယ်။ အခု လုပ်ရပ်က ဒီမိုကရေစီ တော်လှန်ရေး အတွက် အမဲစက်ပဲ။ လုံးဝ လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခု မြင်ပါတယ်” လို့ Chin World Media မှ ဆက်သွယ် မေးမြန်းရာတွင် ပြောကြားခဲ့ပါတယ်။
တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကို ၂၀၂၁ ကတည်းက ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ အစပိုင်းတွင် နိုင်ငံရေး ပါတီ အစုအဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်း (CSO)၊ CDM ဝန်ထမ်းများ နှင့် ဒေသကာကွယ်ရေး အစုအဖွဲ့များ နှင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း နောက်ပိုင်းမှာ နိုင်ငံရေး ပါတီ နှင့် ကာကွယ်ရေး အစုအဖွဲ့များ မပါဝင်တော့ကြောင်း၊ လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ အောက်ရှိCDM ဝန်ထမ်းများ ထောက်ပံ့ရေး နှင့် ကူညီရေး ကို ဆက်လက် လုပ်ဆောင် နေဆဲ ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း တွန်းဇံမြို့၏ ပညာရေး နှင့် ကျန်းမာရေး လုပ်ငန်းများတွင် ထဲထဲ ဝင်ဝင် လုပ်ကိုင်ပေးနေဆဲ ဖြစ်ကြောင်း ရဲ့တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။