Headlines

ကျောင်းမတက်သူများလာတဲ့ ချင်းပြည်ပညာရေးအဆိုးဆုံးအခြေအနေ ရောက်လာ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ တာဝန်ထမ်း ဆောင် နေတဲ့ပညာ ရေးဝန်ထမ်းတချို့ဆီက သိရပါတယ်။

ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်မှာ စစ်ကောင်စီလက်အောက်မှာ အခြေခံပညာကျောင်းပေါင်း ၁၅၅၁ ကျောင်းရှိတဲ့အထဲ ပြည်နယ်တဝန်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒီနှစ် ၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာ အခြေခံပညာကျောင်း ၁၅၀၀ ကျော် ပိတ်ထားရတယ်လို့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင် နေတဲ့ပညာ ရေးဝန်ထမ်းတချို့ဆီကသိရပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အစောပိုင်းက အခြေခံပညာစာသင်ကျောင်းတွေ ၃၈ ကျောင်း ဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာတွေကြောင့် တချို့ကျောင်းတွေ ပြန်ပြီးဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။

မြို့နယ် ၉ မြို့နယ်ရှိတဲ့ချင်းပြည်နယ်မှာ လက်ရှိမှာ ဖလမ်းနဲ့ထန်တလန်မြို့တွေမှာတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါးနေပြီး ဟားခါးမြို့နဲ့ တီးတိန်မြို့မှာသာ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာစာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာလို့လည်း သိရပါတယ်။

၂၀၂၁ မြန်မာနိုင်ငံမှာ စစ်အာဏာမသိမ်းခင်က ချင်းပြည်နယ်မှာ လူဦး ရေ ၅ သိန်း ကျော် နေထိုင်ခဲ့ပြီး၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမငြိမ်သက်မှု၊မလုံခြုံမှုတွေ ကြောင့် ချင်းပြည်နယ်ကနေ မီဇိုရမ်ပြည်နဲ့ မြန်မာပြည်တွင်းက တခြားပြည်နယ်/တိုင်းကို ရွေ့ ပြောင်းသွားတဲ့မိသားစု တွေလည်းများပြားလာခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် လက်နက်ကိုင် တော်လှန် ရေးအား ကောင်းလာတဲ့ ချင်းပြည်နယ်မှာ အ ကြောင်းအမျိုးမျိုး ကြောင့် ဆက် နေဖြစ်တဲ့ မိသားစု တွေမှာ လည်း စစ် ဘေးရှောင်ရင်း ၊ နေရာ ရွေ့ ပြောင်းရင်း ရောက်ရာအရပ်မှာ ကိုယ့်သားသမီး ကို ကျောင်းထားရတာအခက်အခဲများစွာနဲ့ကြုံ နေရပါတယ်။

လက်နက်ကိုင်တိုက်ပွဲပြင်းထန်တဲ့ဒေသတွေမှာ ကလေးတွေကျောင်းဆက်မတက်ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ၃ ချက်ကို တွေ့ရတယ်လို့  စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့ တွေဆီကသိရပါတယ်။

၁။မကြာခဏစစ်ကြောင်းထိုးခံရလို့ စာသင်ရင်းပြေးလွှားကြရမှုဖြစ်စဉ်များ

၂။စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့်မလုံခြုံမှုများ

၃။စစ်ပွဲကြောင့် စီးပွားရေးကျဆင်းပြီး ကလေးငယ်တွေကို ကျောင်းဆက်မထားနိုင်ခြင်း

စတဲ့အချက် ၃ ချက်ကို တွေ့ရ ကြောင်းသိရပါတယ်။

ချင်းပြည်နယ်မှာ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်း ဖြေဆိုတဲ့ ကျောင်းသား/ကျောင်းသူ ၁ သောင်းကျော် နှစ်စဉ်ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲတွင် ချင်းပြည်နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၁၂၃၇၀)ဦး ရှိခဲ့ပြီး ၎င်းထဲမှ စာမေးပွဲအောင်သူ ၂၆၂၃ ဦးရှိခဲ့ပြီး ဂုဏ်ထူးရရှိသူ ၅၁၉ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းတွင် ၂၁ ဒသမ ၂၀ ရာခိုင်နှုန်းနဲ့ အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးထဲ ပါဝင်ကြောင်း ၂၀၂၀ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းတဲ့ ကျောင်းသား/ကျောင်းသူ ဦးရေ စုစုပေါင်း ၂၉၆၀ ဦးရေ ရှိသည့် အနက် လာရောက်ဖြေဆိုခဲ့သူ ၂၂၅၉ ဦးရှိခဲ့ပြီး ပျက်ကွက်သူ ၇၀၁ ဦးရှိခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာချင်းပြည်နယ် ၉ မြို့နယ်မှာ ဖလမ်း၊ တီးတိန်၊ မတူပီ၊ ပလက်ဝ၊ တွန်းဇံ အစရှိတဲ့ ၅ မြို့နယ်တွင်သာ စာမေးပွဲဖြေဆိုသူ ရှိခဲ့ပြီး ကျန်မြို့နယ် ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက် အစရှိတဲ့ ၄ မြို့နယ်မှာတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ မရှိခဲ့ဘူးလို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ(၂၂၅၉)ဦးရှိသည့်အနက်(၆၀၅)ဦး အောင်မြင်ခဲ့တဲ့အတွက် အောင်ချက်ရာခိုင်နှုန်းမှာ ၂၆ ဒဿမ ၇၈ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဉ်တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသား/ ကျောင်းသူ ရှစ်သိန်း ဝန်းကျင်အထိရှိခဲ့ပြီး စစ်ကောင်စီ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ဝင်တန်းဖြေဆိုကြတဲ့ ကျောင်းသူ /ကျောင်းသား သိသိသာသာနည်းပါးခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က စစ်ကောင်စီမှကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းကို လာရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၃ သိန်းဝန်းကျင် ရှိကြောင်းသိရပြီး ရခိုင်ပြည်နယ်မှ အများဆုံးဖြစ်ပြီး၊ ရန်ကုန်တိုင်းမှ ဒုတိယ အများဆုံးနှင့် ဧရာဝတီတိုင်းမှ တတိယ အများဆုံးဖြစ်ကြောင်း စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား (၂၈၂၄) ဦးဖြေဆိုခဲ့ပြီး ( ၂၀၄၅) ကအောင်မြင်ခဲ့ကာ အောင်ချက်က ၇၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၄၀၁ ဦးရှိပြီး အထူးအစီအစဉ်နဲ့ ဧပြီလမှာ ပြန်လည်ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၃၄ ဦး က ဖြေဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ချင်းပြည်နယ်ကနေ ကျောင်းသူ၊ ကျောင်းသား ၄၃၅ ဦးဖြေဆိုတဲ့ထဲ (၃၃၈)ဦး အောင်မြင်တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ဇွန်လ (၁၁) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်တဲ့ ကျောင်းသူ၊ ကျောင်းသား ၃၃၈ ဦးထဲကနေ ဂုဏ်ထူးရ ကျောင်းသူ/ကျောင်းသား ၁၇၃ ဦး ရှိပြီး ၄ ဘာသာ ဂုဏ်ထူးကို ကျောင်းသူ၊ ကျောင်းသား (၂) ဦးက ရရှိခဲ့ပါတယ်။

ချင်းပြည်နယ်ဟာ လူဦးရေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ်(၁၄)ခုအနက် ဒုတိယလူဦးရေ အနည်းဆုံးပြည်နယ်ဖြစ်ပြီး တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်ချက်မှာတော့ အခြားတိုင်းနဲ့ ပြည်နယ်ထက် နှစ်စဉ် အောင်ချက် ရာခိုင်နှုန်း အနိမ့်ဆုံးပြည်နယ် ဖြစ်တဲ့အပြင် ၂၀၂၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမှုမှာ ၄၃၅ ဦးနဲ့သမိုင်းတစ်လျှောက်ဖြေဆိုသူအနည်းဆုံးနှစ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ပညာရေးအသိုင်းအဝိုင်းမှ ဆရာမကြီးတဦးက “တချို့မိဘတွေကလည်း ကိုယ့်သားသမီး ပညာရေးကိုမှ ပညာရေး အမြင်ရှိကြတဲ့သူတွေ လည်း မြင်နိုင်တာပေါ့။ ၈ တန်းအရွယ်ဟာ ကိုဗစ်ဖြစ်လို့ ပိတ်သွားတာ အခုချိန်မှာ ဆယ်တန်းအရွယ်ရောက်ပြီ။ ကျောင်းတက်တဲ့ အရွယ်မှာ ကျောင်းမတက်လိုက်ရတော့ ၈ တန်းပြန်တက်ရမှာမျိုးမှာ သူတို့ကလည်း တက်ချင်မှာလည်း မဟုတ်ဘူး။ သူတို့အရည်ချင်းပေါ်မှုတည်ပြီး အတန်းတင် စနစ်သွားရင် မူလတန်းအရွယ်တွေကလည်း မိဘရင်ခွင်ထဲ နေတဲ့ အရွယ်တွေဖြစ်တော့ သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိကြသေးဘူး”လို့ပြောပါတယ်။

သူဆက်ကပြီး “ဆရာမတို့တုန်းက ၈၈ တုန်းက ကြုံခဲ့သလို ၆ တန်းလောက်မှာ ကျောင်းနားပြီး ၇ တန်းစာမေးပွဲကို ပြန်ဖြေရတဲ့ အနေထားမျိုးဖြစ်တော့ စာနဲ့တော့ ကင်းကွာသွားတယ်။ တချို့လည်း အပြင်စိတ် ဝင်သွားတာမျိုးလည်းရှိတယ်။ အခုအခြေအနေမှာလည်း မိဘတော်တော်များများက စာတွေ သင်ပေးတာမျိုးရှိတော့ စာနဲ့ကင်းကွာသွားတာမျိုးတော့ မရှိဘူး။ စစ်ဘေးရှောင်နေရတဲ့ ကလေးတွေက သူတို့နေရပ်ကို မပြန်နိုင်သေးဘူး တချို့စစ်ဘေးရှောင်နေရတဲ့ နေရာမှာ ပညာရေးနဲ့ ပတ်သက်ပြီး ပညာသင်ကြားတာမျိုးတွေ ရှိတော့ ပြဿနာမရှိပါဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်က ပညာရေးကို စစ်ကျွန်ပညာရေးလို့ ပြောဆိုသုံးနှုန်းကြပြီး ကျောင်းနေအရွယ် ကလေးများကို ကျောင်းမပို့ကြတဲ့ မိဘတွေလည်း ရှိကြသလို ကျောင်းပို့ပြီး ပညာသင်စေတဲ့ မိဘတွေလည်း ရှိကြပါတယ်။

တဘက်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးပြဿနာတွေထဲကို ပညာရေးနဲ့ မတွဲသင့်ဘူးလို့ နိုင်ငံရေးသမားအချို့က ပြောဆို ဝေဖန်တာမျိုးလည်း ရှိနေပါတယ်။

၉ မြို့နယ်ရှိတဲ့ ချင်းပြည်နယ်မှာ မြို့နယ်အများစုမှာနေထိုင်တဲ့ ကျောင်းနေအရွယ် ကလေးတွေက ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင် နေရပါတယ်။

ချင်းပြည်နယ်မှာ တိုင်းပြည်မငြိမ်မသက်တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ထဲဝင်သွားသူရှိသလို၊ပညာရေးနဲ့ အလုပ်ကိုင် အခွင့်လမ်း မရှိတော့ဘူးလို့ ခံယူပြီး ချင်းပြည်နယ်ကနေ နိုင်ငံခြားထွက် သွားရောက် အလုပ်လုပ်ကိုင်ကြတာမျိုးများလာကာ ဆက်လက်သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတဲ့ ဆယ်ကျော်သက် ကျောင်းနေအရွယ် ကလေးတွေလည်း သိသိသာသာများလာနေပါတယ်။

ချင်းပြည်နယ်ကနေ နိုင်ငံခြားထွက်တဲ့ လူငယ်အများစုဟာ စင်ကာပူ၊ ဒူဘိုင်း၊ ထိုင်း၊ မ ေလးရှားနဲ့ တရုတ် နိုင်ငံတွေမှာ အိမ်ဖော်နဲ့အလုပ်ကြမ်း အလုပ် ကို သွားရောက် လုပ်ကိုင်နေကြပြီး၊ ပိုက်ဆံတတ်နိုင်တဲ့ မိသားစု အချို့ကတော့ သား၊သမီးတွေကို ပြည်တွင်း ပြည်ပပို့ပြီး ပညာဆက်လက် သင်ယူနိုင်ရန်အတွက် ကြိုးပမ်းကြတာမျိုးလည်း ရှိပါတယ်။

အခြေခံပညာရေး အထက်တန်း၊ ဒသမတန်း (၁၀)တန်း မတက်တော့ဘဲ ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေတဲ့ ချင်းပြည်နယ်က ကျောင်းသူတစ်ဦးက “ ကျမအခု စင်ကာပူသွားဖို့ ရန်ကုန်ကိုရောက်လာတယ်။ အိမ်ကိုလည်း မခွဲဖူးတော့ ရန်ကုန်လာရင်း လမ်းမှာလည်း အရမ်းငိုခဲ့ရတယ်။ အခုချိန်ထိ အိမ်နဲ့ဖုန်းပြောရင်လည်း ငိုတယ်။ မိဘတွေကတော့ မကြောက်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ အားပေးကြတယ်။ ကျောင်းလည်း မတက်တော့ဘူးဆိုတော့ အိမ်ကိုလည်း ထောက်ပံ့ချင်တယ်၊ ညီမလိုဘဲ သူငယ်ချင်းတွေ အများစုက ကျောင်းထွက်လိုက်ပြီး အလုပ်လုပ်နေကြပြီ”လို့ပြောပါတယ်။

တဖက်မှာလည်း ချင်းပြည်နယ် အချို့က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာဆိုရင် စနစ်သစ် သင်ရိုးတွေနဲ့ ကျောင်းသား/ကျောင်းသူ တွေကို ပညာသင်ကြားပေးတာမျိုးတွေ ရှိပါတယ်။ အဲဒီမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု Civil Disobedience Movement (CDM) လုပ်တဲ့ ကျောင်းဆရာ/ဆရာမ တွေဝင်ရောက်အားဖြည့်လျက် ပညာသင်ကြားပေးတာမျိုးတွေလဲ ရှိနေပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ၃/၄ နှစ်အတွင်း ပညာရေးနယ်ပယ်မှာ အရင်ကတည်းကအားနည်းခဲ့တဲ့ချင်းပြည်နယ်မှာ ကျောင်းတက်သူ သိသိသာသာ နည်းပါးလာပြီး ကျောင်းနေအရွယ် ဆယ်ကျော်သက် ချင်းလူငယ်အ တော်များများမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်နက်ကိုင် တော်လှန် ရေးအဖွဲ့ထဲဝင်ရောက်ခြင်း၊အိမ်ထောင်ပြုသွားခြင်း/နိုင်ငံရပ်ခြားထွက်အလုပ်လုပ်ဖို့ကြိုးစားလာကြ ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်းများထံမှသိရပါတယ်။

မြမြန်မာနိုင်ငံမှာ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ/ကျောင်းသား ၂၂၀,၀၀၀ ကျော်ရှိပြီး မနှစ်ကထက် ၄၀,၀၀၀ ကျော် ပိုများလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ပညာသင်နှစ်မှာ တနိုင်ငံလုံး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၇၉,၀၀၀ ကျော်ရှိခဲ့ရာမှ အနှစ်မှာ ဖြေဆိုသူဦးရေ ၄၀၀၀၀ ကျော်ပိုများလာတာပါ။

အခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်မှ မတ်လ ၂၂ ရက် အထိ ပိတ်ရက်မရှိ ဖြေဆိုသွားမယ်လို့ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို ချင်းပြည်နယ်မှာ ဖြေဆိုကြမယ့် ကျောင်းသား/သူ ဦး ရေ ဘယ် လောက်ရှိမလဲမသိရ သေးပါ။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမငြိမ်သက်မှု၊မလုံခြုံမှုတွေကြားမှာ ချင်းပြည်နယ်မှာ ၁ နှစ်ပြီး ၁ နှစ် ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာပြီး ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေလည်း ပိုမိုနည်းပါးလာကာ ကျောင်းမနေတဲ့ ဆယ်ကျော်သက် လူငယ်/လူရွယ် ပိုမိုများပြားလာကာ ပညာရေးကို ငြီးငွေ့သွားမည်ကိုပင် စိုးရိမ်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *