By HTG
“ကျနော်တို့မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှုလုံးဝမရှိတော့ဘူး။ အခုတောထဲမှာနေရတယ်။ မသန်စွမ်းသူတယောက်အတွက် နေရာတနေရာကနေ နောက်တနေရာကိုရွေ့တာကအရမ်းအခက်အခဲဖြစ်တယ်လေ။ဆန်ပြုတ်သောက်နေရတယ်။ ရှိနေတဲ့ဟာလေးကုန်သွားရင် စားစရာတောင်ရှိမှာမဟုတ်တော့ဘူး။ အနာဂါတ်အတွက် ဘာမျှော်လင့်ရမှန်းမသိတော့ပါဘူး”
ဒီစကားဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ် ပေါ်လာတဲ့ နိုင်ငံရေး
ပဋိပက္ခများ အောက်မှာ စစ်မီး တောက် လောင် နေတဲ့ ချင်းပြည်မှာ ရုပ်ခန္ဓာပိုင်းဆိုင်ရာသန်စွမ်းတဲ့လူတွေတောင်များစွာ အခက်အခဲပေါင်းစုံခံစားရပြီး သေဆုံးနေချိန်၊ဆာလောင်နေချိန် ရုပ်ခန္ဓာပိုင်းဆိုင်ရာ သာမန်ပုဂ္ဂိုလ်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သူမဟုတ်တဲ့ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကနေ တောဖက်တစ်နေရာကို စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းချင်းအမျိုးသားတစ်ဦးက မျှော်လင့်ချက်မဲ့စွာ ကွက်ကြားကွက်ကြား တိမ်တွေလွင့်နေတဲ့ တောင်တန်းဖက်ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာညည်းညူတဲ့ပြောစကားပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံလို စစ်ပွဲနေရာအနှံ့ဖြစ်ပွားနေတဲ့နိုင်ငံမှာ မသန်စွမ်းသူတစ်ယောက်အတွက် တစ်နေရာမှတစ် နေရာကို ရွေ့ပြောင်းရတာဘယ် လောက်အခက်အခဲတွေ့မလဲ။အဆိုပါ မသန်စွမ်းသူချင်းအမျိုးသား/သူနေထိုင်တဲ့ ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်မြို့နယ်ဟာ စစ်ကောင်စီရဲ့စားသောက်ကုန်ပိတ်ဆို့ ဖြတ်တောက်မှု ကြောင့် စားနပ်ရိက္ခာအခက်အခဲများစွာရင်ဆိုင်နေရပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလကနေစလို့ မကွေးတိုင်း ချောက်မြို့ကနေပို့တဲ့ စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းအားလုံးနီးပါးကို ပိတ်ဆို့ဖြတ်တောက်လိုက်တာကြောင့် ချောက်မြို့က စားသောက်ကုန် တွေကိုမှာယူစား သောက် နေရတဲ့ ချင်းပြည်နယ် တောင်ပိုင်းက ကန်ပက်လက်မြို့နယ်၊မင်းတပ်မြို့နယ်၊မတူပီမြို့နယ်နဲ့ပလက်ဝမြို့နယ်ကဒေသခံတွေ စား သောက်ကုန်ပစ္စည်းရှားပါးပြတ်လတ်တဲ့ဒဏ်ကိုခံစားနေရပါတယ်။
မသန်စွမ်းနဲ့ပတ်သက်ပြီး ရုပ်ပိုင်းဆိုင်ရာမသန်စွမ်းမှု၊ အမြင်ပိုင်းဆိုင်ရာမသန်စွမ်းမှု၊ အကြားဆိုင်ရာမသန်စွမ်းမှု၊ ဉာဏ်ရည်ပိုင်းဆိုင်ရာမသန်စွမ်းမှုဆိုပြီး အဓိက ခွဲခြားသတ်မှတ်ထားပါတယ်။
၂၀၁၄ သန်ခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ၂.၃ သန်း မသန်စွမ်းဦးရေရှိတယ်လို့ဖော်ပြထားပြီး အများဆုံးအနေနဲ့ ဧရာဝတီတိုင်းနဲ့ ဒုတိယအများဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ဒုတိယအနည်းဆုံးဖြစ်တဲ့ ချင်းပြည်နယ် ဖြစ်ပါတယ်။ဧရာဝတီတိုင်းကတော့ ၂၀၀၈ နာဂစ်မုန်တိုင်းဒဏ်ကြောင့်နဲ့ ချင်းပြည်နယ်ကတော့ အာဟာရချို့တဲ့မှုကြောင့်လို့ UNICEF ရဲ့အစီအရင်ခံစာကတော့ ခန့်မှန်းထားပါတယ်။
လွန်ခဲ့သည့် ၁၀ နှစ် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ၄၇၈၈၀၁ ဦးရှိကာ မြို့ပေါ်နေလူဦးရေ ၉၉၈၀၉ ဦး(၂၁ %)ရှိကာ ကျေးလက် နေလူဦးရေ ၃၇၈၉၉၁( ၇၉ %)ရှိပါတယ်၊ ချင်းပြည်နယ်က ပြည်သူအများစုဟာ မြို့ပေါ်မှာထက် ကျေးလက်မှာနေထိုင်သူအများစုဖြစ်ပါတယ်၊ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ မြို့နယ် ၉ မြို့နယ် ရှိပြီး ကျေးရွာပေါင်း ၁၃၅၅ ကျေးရွာရှိပါတယ်၊ချင်းပြည်နယ်ရဲ့လူဦးရေအများစုဖြစ်တဲ့ ၃ သိန်း ၇ သောင်းကျော်ဟာ ကျေးရွာပေါင်း ၁၃၅၅ ရွာမှာနေထိုင်သူတွေဖြစ်ပါတယ်။
စစ်တမ်းတွေမှာတော့ မြန်မာအစိုးရရဲ့ ကောက်ယူထားတဲ့ စစ်တမ်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့လက်အောက်ခံ UNICEF ရဲ့ကောက်ယူထားတဲ့ စာရင်းတွေကတော့ ကွာဟမှုတွေ အများအပြားရှိနေပါတယ်။
ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲ ေပးခွင့်ရှိတဲ့ မသန်စွမ်းမဲဆန္ဒရှင် (၃၀၃၁) ဦးရှိခဲ့တယ်လို့သိရပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အခုဆိုရင် စစ်ဘေးဒုက္ခသည် ၂ သိန်းကျော်ရှိနေပြီဖြစ်တဲ့ ချင်းပြည်နယ်မှာ မသန်စွမ်းတွေရဲ့ စိန်ခေါ်မှုအခက်အခဲ ဟာ ယနေ့အချိန်ထိ လူအများမသိရပဲ ပျောက်ကွယ်နေဆဲပဲဖြစ်နေပါတယ်။ အထူးသဖြင့် ဒုက္ခသည်စခန်းရောက်သူ၊ တောတောင်တွေမှာ စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းသူတွေရဲ့ အခက်အခဲတွေဟာ လူအများစုကမသိကြပဲ ပျောက်ကွယ်နေပါတယ်။
မသန်စွမ်းမှု သတ်မှတ်ချက်ရှိတဲ့အတိုင်း စိန်ခေါ်မှုတွေရှိနေမှာဖြစ်သလို သူတို့နဲ့ဆက်နွယ်နေတဲ့ မိသားစု၊ ပတ်ဝန်းကျင် ကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ဒုက္ခမျိုးစုံ ကြုံတွေ့မှုတွေ များစွာနေအိမ်မှာပင်ကြုံတွေ့တဲ့ ကြားက တောတောင်ကြားထဲ စိတ်ပင်ပန်းစွာ ရောက်ရှိနေရခြင်းကတော့ အင်မတန် စိတ်ဝန်လေးစရာကောင်းလှပါပေတယ်။
စစ်ဘေးရှောင်နေတဲ့ မသန်စွမ်းသူ ၁ ဦးကတော့ “ အခက်အခဲကတော့ များလွန်းလို့၊ အထူးသဖြင့် နောက်နေ့ဘာကိုဘယ်ကနေရပြီး စားရမလဲ။ စားနပ်ရိက္ခာအဓိကလိုအပ်နေတယ်၊ ပြီးတော့ ဆေးဝါးတွေလိုအပ်နေတယ်” လို့ဆိုပါတယ်။
လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင်မှာ လူ့အသိုက်အဝန်းအတွင်း အလွှာပေါင်းစုံ၊ စရိုက်ပေါင်းစုံဟာ လုံးဝန်းတဲ့ ကမ္ဘာမြေကြီးပေါ်မှာ အတူယှဉ်တွဲ နေထိုင်ကြရသလို သတ္တဝါတွေထဲမှာမှ လူသားတွေဟာ ဉာဏ်ရည်အမြင့်ဆုံးဖြစ်ပြီး အဲဒီဉာဏ်ရည်အမြင့်ဆုံးမှာမှ မတူကွဲပြားမှုတွေရှိနေပါသေးတယ်။ မသန်စွမ်းတွေဟာ ခေတ်အဆက်ဆက် လူသားအချင်းချင်းကြားမှာတောင် ဒုတိယတန်းစား အဖြစ်ဆက်ဆံခံရသူတွေဖြစ်ပြီး ရှေးဘဝေသဏီကတည်းက ဘယ်သူမှ ဂရုမစိုက်ရင်တောင် သူတို့အချင်းချင်းစာနာထောက်ထားဖေးမခဲ့ကြသလို အခုလည်း ဘယ်လိုရောဂါပေါ်လာ၊ ဘာစနစ်ကြီးထွက်လာထွက်လာ သူတို့က သင့်ရဲ့ ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ ရှိနေဆဲဖြစ်ပြီး သူ့အပြုံးကိုယ့်အပြုံးနဲ့ သူတို့ဘဝနဲ့သူတို့ နေထိုင်လျက်ရှိနေပါတယ်။ ကဏ္ဍပေါင်းစုံမှာ ဖယ်ကျဉ်ခံထားရတာ ယနေ့ကာလထိပါပဲ။ သို့ပေမယ့် သူတို့တတ်နိုင်တဲ့အလျောက် ယနေ့ သူတို့ ဟာသူတို့ အချင်းချင်းဖေးမပြီး တတ်အားသရွေ့ ထူထောင်ရေးတွေလုပ်နေခဲ့တာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း တိုင်းပြည်အခြေအနေကြောင့် ပိုမိုအခက်အခဲများစွာကြုံတွေ့လာခဲ့ရပြီဖြစ်ပါတယ်။
ယနေ့ကာလ စစ်ကောင်စီအာဏာသိမ်းမှုကြောင့် မသန်စွမ်းအရေးလုပ်ဆောင်နေသူတစ်ဦးကတော့ “ အာဏာသိမ်းမှုနောက်ပိုင်း ကျွန်မတို့အဖွဲ့အတွက် အရမ်းအလုပ်နှောင့်နှေးသွားပါတယ်။ ဘာကြောင့်လည်းဆိုတော့ စီစဉ်ထားတဲ့အတိုင်း ဘာမှမလုပ်နိုင်ဘူး။ အရင်က မသန်စွမ်းအဖွဲ့အနေနဲ့ မသန်စွမ်းအချင်းချင်း ကူညီမှုလုပ်ငန်းဆောင်ရွက်မှုတွေကို အချိန်ဇယားအတိုင်းစီစဉ်ထားသလိုသွားနိုင်ပေမယ့် ယခုအချိန်မှာမရတော့ပဲ အဆင်ပြေသလိုပဲဆောင်ရွက်ကြတယ်။ မသန်စွမ်းအဖွဲ့အစည်းအနေနဲ့ နိုင်ငံ့အပေါ် မျှော်လင့်ချက်ထားရှိတာကတော့ မိမိနိုင်ငံမှာ လွတ်လပ်မျှတစွာ လူ့အခွင့်အရေးအားလုံးအသုံးချပြီး လွတ်လပ်ပြီး အသက်ရှင်ခွင့်ရချင်တယ်” လို့ရင်ဖွင့်ရှာပါတယ်။
သူရင်ဖွင့်တာဟာ မြန်မာနိုင်ငံရဲ့အခန်းပေါင်း ၁၅ ခန်းပါတဲ့ မူလတန်းကလေးအရွယ်တောင်အနိုင်နိုင်မရတဲ့ စာပိုဒ်ပေါင်းများစွာ ပါတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးမဟုတ်ပါဘူး။ တန်းတူအခွင့်အရေးရ၊ လွတ်လပ်ပြီး အသက်ကလေးရှင်ချင်တယ် ဆိုတဲ့ဟာလေးပါပဲ။
မသန်စွမ်းတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး ဥပဒေကြမ်းကိုတော့ ဦးသိန်းစိန်လက်ထက်၂၀၁၅ မှာပြည်ထောင်စုလွှတ်တော်မှာ ပြဌာန်းနိုင်ခဲ့ပြီးဖြစ်ပါတယ်။ နည်းဥပဒေကတော့ မထွက်နိုင်သေးပါဘူး။ ဒါကို မြန်မာနိုင်ငံသား သန်းစွမ်းသူလို့ သတ်မှတ်ခံထားရသူတွေကိုသွားမေးရင် အယောက် ၁၀၀ မှာ ၉၅ ယောက်လောက်က အပြုံးလေးနဲ့ပဲ မသိဘူးဆိုတာကို ဖြေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလို့ပြောရဲတယ်။ ဘာလို့ဆို စာရေးသူလည်း မသန်စွမ်းနဲ့ပတ်သက်တာကို ရေးမယ်ဆိုမှ မသန်စွမ်း အကြောင်း စဖတ်တဲ့သူဖြစ်နေခဲ့ဖူးသကိုး။ သန်စွမ်းသူအချင်းချင်းတောင် အဆင့်အတန်းခွဲခြားဆက်ဆံမှုရှိတဲ့ လူ့လောကကြီးမှာ သန်စွမ်းသူနဲ့ မသန်စွမ်းသူကြား ခွဲခြားဆက်ဆံမှု ရှိနေခြင်းက မဆန်းပါဘူး။ ဒါပေမယ့် သူ့နေရာမှာကိုယ်သာဆိုရင် ဆိုတဲ့ စိတ်ကလေးတစ်ခုတည်း(တစ်ခုတည်း)ကိုသာ ထားကြည့်လိုက်ပါ။ အတွေးတစ်ခုခုပြောင်းမှာ လုံးဝအာမခံပါတယ်။ အကောင်းဖြစ်ဖြစ်ဖြစ်၊ အဆိုးဖက်ဖြစ်ဖြစ်ပေါ့။
မြို့ပေါ်မှာတောင် ဉာဏ်ရည်သန်စွမ်းသော်လည်း ကိုယ်အင်္ဂါတစုံတရာ ချို့ယွင်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း ငြင်းပယ်ခံရတာမျိုးလို ခွဲခြားဆက်ဆံခံကြရတတ်ပါတယ်။ “ကျန်းမာသန်စွမ်းသူဖြစ်ရမည်” လို့ အလုပ်အကိုင်ခေါ်ရင် တစ်နေရာမှာ အမြဲကို ဒီအချက်ကပါနေတော့တာပဲ။ မသန်စွမ်းသူဘ၀က ဘယ်နေရာရောက်ရောက် လူတောမတိုးဝံ့တဲ့အကြားက စစ်ဘေးပါရှောင်နေရတော့ စစ်ကောင်စီက သူတို့အပေါ် တပူပေါ်နှစ်ပူဆင့်ပေးလိုက်သလိုပါ။
တစ်နေရာရာ မကျန်းမာတာ၊ မကောင်းတာဖြစ်ရင် မလျှောက်ဖြစ်၊ မလုပ်မရ၊ အလုပ်မရှိ၊ ဝင်ငွေမရှိ၊ မိသားစုတွင်း၊ ပတ်ဝန်းကျင်အတွင်းမျက်နှာငယ်…ဟူးး သွားရောပေါ့။ “သူဘာအလုပ်လုပ်နိုင်လဲ” ဒီမေးခွန်းလောက်တောင်မဖြေလိုက်ရပါလား။
စစ်အာဏာသိမ်းမှုမဖြစ်ခင်က ချင်းပြည်က မသန်စွမ်းကလေးတွေကို ထိန်းကျောင်းတဲ့ ကျောင်းတစ်ကျောင်းရဲ့ တွဲဖက်ဒါရိုက်တာက သူတို့ အရင်က မသန်စွမ်းကလေးတွေကို ဘယ်လိုထိန်းကျောင်းပြုစု ပျိုးထောင်ပေးခဲ့သလဲဆိုတာအခုလို ပြန်ပြောင်းပြောပြပါတယ်။
ဉာဏ်ရည်မသန်စွမ်းတဲ့ မသန်စွမ်းကလေးတွေကို ပရဟိတနေ့ထိန်းကျောင်းတစ်ကျောင်းရဲ့ တွဲဖက်ဒါရိုက်တာဖြစ်သူ ပြောပြပုံအရ မိဘတွေအနေနဲ့ နေ့ခင်းပိုင်း အလုပ်ဆင်းရတော့ ကလေးတွေကို နေ့ခင်းပိုင်းမှာ ကျောင်းပို့ကြတယ်။ ကျောင်းအကြို၊ အပို့ကိုတော့ ကျတော်တို့ကပဲစီစဉ်ပေးတယ်။ နေ့လည်စာကျွေးတယ်။ သူတို့ဉာဏ်ရည်မီသလောက်စာသင်တာ၊ ဆော့တာ၊ သီချင်းဆိုတာတွေကို လုပ်ပေးတယ်လို့ပြောပြပါတယ်။
ဒါပေမယ့် စိတ်မကောင်းစွာ ကိုဗစ်-၁၉ ရဲ့ လှိုင်းအဆက်ဆက်၊ စစ်တပ် အာဏာသိမ်းပြီးနောက်ကာလတွေက သူတို့ရဲ့ ပရဟိတလုပ်ငန်းကို လှိုင်းလုံး လှုပ် ခတ်ကြီးလှုပ် ခတ်သွားသလိုဖြစ်လို့ ကလေးတွေကော၊ မိဘတွေအပါအဝင် ရုံးဝန်ထမ်းတွေအနေနဲ့ စိတ်မကောင်း ဖြစ်ရတယ်လို့ ရင်တွင်းစကားချက်ကို ပြောပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျောင်းအနေနဲ့ အတတ်နိုင်ဆုံး မသန်စွမ်းသူကိုအိမ်တိုင်ရာအရောက် လေ့ကျင့်ခန်းသွားလုပ်ပေးတာမျိုးကိုတော့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲတွေက နေရာအနှံ့ပြန်လည် တိုက်ခိုက်မှုများ စိတ်လာသဖြင့် မြို့လုံးကျွတ်၊ရွာလုံးကျွတ်ထွက်ပြေးနေရခြင်း၊ ရွာနေအိမ်များလောင်ကျွမ်းခြင်း၊ အစာ၊ ရေစာ၊ ငတ်ပြတ်ခြင်းများ ပြည်သူများအနေနဲ့ အလူးအလဲ ခံနေရတဲ့အချိန်လည်းဖြစ်နေပါတယ်။ အဲသလို အလူးအလဲခံနေရတဲ့ စစ်ဘေးရှောင်ပြည်သူများအထဲမှာ စစ်ဘေးရှောင်မသန်စွမ်းတွေရဲ့ အများနဲ့မတူတဲ့ ခံစားချက်၊ စိန်ခေါ်မှု၊ အခက်အခဲများဟာ မတွေးဝံ့စရာပင်ဖြစ်ပါတယ်။ အထက်က ဖော်ပြတဲ့ မသန်စွမ်းအမျိုးအစားအလိုက်မှာ အသက်အရွယ်အပိုင်းအခြား၊ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီးများရဲ့ လုံခြုံမှုစသည်ဖြင့် အခက်အခဲများဟာ စဉ်းစားဝံ့စရာမဟုတ်ပေ။ အဝေးကနေ ဆုတောင်းပေးရုံ၊ အနီးအနားမှာရှိနေရင် ဖေးမပေးရုံသာ……။